မြန်မာ-တရုတ် နယ်စပ်ရှိ အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကွမ်းလုံ-ချင်းရွှေဟော် ဇုန်ကို မကြာခင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း စီးပွားရေးဇုန် ဖော်ဆောင်မည့် ချစ်ကြည်ရေး ကုမ္ပဏီ၏ အကြံပေး ဦးကျော်ဒွန်းက“တရုတ်ဘက်ကတော့ တချို့ ကြို လုပ်ထားပြီး ဒီဘက်ကလည်း မြန်မာ ဥပဒေနဲ့ ဆောင်ရွက်နေတယ် ဆိုတော့ အုပ်ချုပ်ရေး အရ တဆင့်ချင်း တဆင့်ချင်း ဆောင်ရွက်နေတဲ့ အဆင့် ဖြစ်တယ်။ ဘယ်အချိန် စမယ် ဆိုတာ ပြောလို့မရဘူး။ ပထမဆုံးက ကွမ်းလုံ-ချင်းရွှေဟော် ကို လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် မြေယာ ဥပဒေ အရ ပိုင်ဆိုင်မှု အထောက်အထားများကို အဆင့်ဆင့် လုပ်ကိုင်ခွင့်၊ ကော်မတီ၊ မြေယာ ပုံစံများ ဆောင်ရွက်ရခြင်း တို့ကြောင့် ဗဟို အစိုးရ အထိ သွားရမည် ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် ကွမ်းလုံ- ချင်းရွှေဟော် အထူး စီးပွားရေးဇုန်ကို မြေဧက ၆၀၀၀ ဝန်းကျင်ဖြင့် လုပ်ဆောင်ရန် မျှော်မှန်းထား ကြောင်း ၎င်းက ဆိုသည်။
တည်ဆောက်ရေး လုပ်ကိုင်မှု အနေနှင့် ရင်းနှီး မြှုပ်နံှမှုကို ချစ်ကြည်ရေး ကုမ္ပဏီ အနေနှင့် ကိုယ်ပိုင် မတည်ငွေ သာမက နိုင်ငံ ချေးငွေဖြင့်လည်း ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
အထူး စီးပွားရေးဇုန် ဖော်ဆောင်ရာ၌ မြေယာ ရရှိမှုသည် အဓိက အရေးကြီးပြီး ဇုန်ဖော်ဆောင်ရေး အတွက် မြေပိုင်ရှင် တိုင်းရင်းသား လုပ်ငန်းရှင်များ အနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း ဆောင်ရွက် လိုပါက ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း ဦးကျော်ဒွန်းက ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ရှိ စီးပွားဇုန်များ အဖြစ် ကချင်ပြည်နယ်တွင် ကန်ပိုက်တီး၊ ရှမ်းပြည်နယ်တွင် မူဆယ်၊ ချင်းရွှေဟော် ဒေသများတွင် အကောင်ထည်ဖော်ရန် အတွက် နှစ်ဖက် ညိုနှိုင်း ဆွေးနွေးမှုများကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ထိုသို့ မြန်မာ- တရုတ် နယ်စပ် ဒေသတွင် အထူး စီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာ၌ မြန်မာနိုင်ငံ၏ အထူး စီးပွားရေး ဇုန်များထဲမှ အောင်မြင်မှု ရရှိသည့် သီလဝါ အထူး စီးပွားရေးဇုန်ကို အတုယူ၍ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ထားဝယ် အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ သီလဝါ အထူး စီးပွား ရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော်လည်း သီလဝါ အထူးစီးပွားရေးဇုန် တခုတည်းသာ အောင်မြင်မှု ရရှိနေသေးကြောင်း သိရသည်။
စီးပွားရေး ဇုန်များ တည်ဆောက်ခြင်း အားဖြင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီး ပွားရေး ဆိုင်ရာ အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုး တိုးတက်လာ၍ ကုန်ထုတ် စွမ်းအား မြင့်မားလာခြင်းနှင့် အတူ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်း တိုးတက်လာမည် ဟုလည်း စီးပွား/ကူးသန်း က ဆိုထားသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ သော်လည်းကောင်း၊ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ အရ သော်လည်းကောင်း မည်သည့် ဥပဒေဖြင့် လုပ်ငန်း ဆောင်ရွက်ရမည်ကို အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာ အရ တဆင့်ချင်း ဆောင်ရွက်နေဆဲ အဆင့်သာ ရှိနေသေးကြောင်း သိရသည်။
စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာ- တရုတ် နယ်စပ် ဒေသတွင် ဖော်ဆောင်မည့် အထူး စီးပွားရေးဇုန်များ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်း ဆောင်ရွက်လိုမှု အဆိုပြုလွှာ (Expression of Interest-EOI) ကို မကြာမီ ခေါ်ယူသွားမည်ဟုလည်း ပြောကြား ထားသည်။
သီလဝါ အထူး စီးပွားရေးဇုန် ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ရွှေဟိန်းက“ဥပမာ ထားဝယ်ရယ်၊ ကျောက်ဖြူရယ်ပေါ့ နော်။ ထားဝယ် ကတော့ အီတာလျံ- ထိုင်း ကုမ္ပဏီပေါ့၊ သူ့ရဲ့ အားနည်းချက်တွေ အများကြီး ပါတယ်။ တကယ်တမ်း ကျ တော့ ဒီကုမ္ပဏီ ပေးလိုက်တာက ဒီဇုန်တွေကို ဖွံ့ဖြိုးအောင် လုပ်တဲ့ အဖွဲ့အစည်း/ကုမ္ပဏီ မဟုတ်ဘူး။ သူက နိုင်ငံခြားကနေ ရင်းနှီး မြှုပ်နံှသူတွေကို ဖိတ်ခေါ်တာ။ အစိုးရက အီတာလျံ-ထိုင်းကို စာချုပ် ပေးလိုက်တာ ပြန်ထွက်ဖို့ မလွယ်ဘူး။ ဒါကြောင့် အထူးစီးပွားရေးဇုန်များ ဖော်ဆောင်ဖို့ အရေးကြီးတာကတော့ Developer က အရေးကြီးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း သဘောတူညီချက် အရ မြန်မာ- တရုတ် နှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ဇုန်များ တည်ထောင်ရေး ဆိုင်ရာ နားလည် မှု စာချွန်လွှာ (MoU) ကို ၂၀၁၇ ခုနှစ် မေလက လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
စီးပွားရေး လုပ်ငန်းများ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံး ဖြေရှင်း ဆောင် ရွက်နိုင်ရန်နှင့် အထူး စီးပွားရေးဇုန် တည်ထောင်ခြင်း ကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိသည့် စီးပွားရေး အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန် တည်ထောင် အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟို ကော်မတီကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဖွဲ့စည်း ထားခဲ့သည်။
လက်ရှိတွင် မူဆယ်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် ၂၀၁၃ ခုနှစ် ဧပြီလက စတင်၍ မူဆယ် ဗဟို စီးပွားရေးဇုန် အဖြစ် ဇုန် ၁ လမ်းလျှောက်ဈေးနှင့် လူနေဆိုင်ခန်း ဧရိယာများ၊ ဇုန် ၂ ပြည်သူ့ ဝန်ဆောင်မှု ဧရိယာ၊ ဇုန် ၃ ဟိုတယ်နှင့် စားသောက်ခန်း ဧရိယာ၊ ဇုန် ၄ နှင့် ဇုန် ၅ လုံးချင်းအိမ်ရာများ၊ ဇုန် ၆ အပန်းဖြေစခန်းနှင့် တောင်ပေါ် အိမ်ရာ ဟူ၍ ဇုန် ၆ ခု ခွဲ၍ မြေဧရိယာ ၂၈၈ ဒသမ ၁၆ ဧက ပေါ်၌ အဆောက်အအုံများ ဆောက်လုပ်၍ အကောင်အထည် ဖော် လျက် ရှိကြောင်း သိရသည်။