ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့လယ်တွင် စမတ်ယာဉ်ရပ်နားမှုစနစ်(smart parking system) စတင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများထံမှ စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တစောင်တွင် အဆိုပါစနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တွင် စတင် မိတ်ဆက်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါမြို့နယ်များသည် မြို့တော်၏ စီးပွားရေး အချက်အချာကျသည့် နေရာတွင် ပါဝင်နေပြီး မော်တော်ယာဉ်ရပ်နားမှုပြဿနာ အများဆုံးဖြစ်ပွားလျက် ရှိသည်။
ပြည်တွင်း/ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအကြား စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၃ နာရီအထိ တင်သွင်းကြရန် တိုက်တွန်းထားသည်။
အလိုအလျောက် ကားရပ်နားခ ကောက်ယူသည့် နည်းပညာဖြင့် ဖန်တီးထားသည့် စမတ်ကားပါကင်စနစ်ကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ မြို့နယ်အနည်းငယ်၌ အကောင်အထည်ဖော်နှင့်ပြီး ဖြစ်သည်။
တရားမဝင် ယာဉ်ရပ်နားခြင်း၊ ကန့်သတ်ယာဉ်ရပ်နားဇုန်များနှင့် ပတ်သက်၍ မြို့တော်နေပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ တိုင်ကြားချက်များတွင် အဓိကဖြစ်ပွားနေမှုတခုမှာ ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ခေတ်မီယာဉ်ရပ်နားစနစ်တခု အကောင်အထည်ဖော်မည့်အစီအစဉ်ကို ယမန်နှစ်က ကြေညာခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာလ ၃၀ ရက်၌ လွှတ်တော်တွင် ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယာဉ်ရပ်နားရာနေရာများ ထားရှိနိုင်ရေးအတွက် လမ်းများချဲ့ခဲ့ကြောင်း၊ စမတ်ယာဉ်ရပ်နားမှုစနစ်ကိုလည်း စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဆိုသည်။ ရန်ကုန်ယာဉ်ကြောစနစ်နှင့် ယာဉ်ရပ်နားမှုပြဿနာများကို ကိုင်တွယ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တဦး၏မေးခွန်းကို ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
မူဝါဒသစ်အရ အဆောက်အဦသစ်များအနေဖြင့် ယာဉ်ရပ်နားရန် လုံလောက်သည့်နေရာ လိုအပ်မည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍမြှင့်တင်ခြင်းဖြင့် ပုဂ္ဂလိကမော်တော်ယာဉ်စင်းရေ လျှော့ချရေး ရေရှည်စီမံချက်မှာ အစိုးရ၌ ရှိကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက အစိုးရသည် မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ချက်များကို ဖြေလျော့ပေးခဲ့သည်။ ယင်းဖြေလျော့ခြင်း၏ ရလဒ်အားဖြင့် ယခင် စစ်အစိုးရလက်ထက် ချောင်ချိနေသော ရန်ကုန်မြို့ရှိလမ်းများတွင် မော်တော်ယာဉ်အစီးရေမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ၁၆၀,၀၀ စီးရှိရာမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ၅၃၀,၀၀၀ စီးကျော်သို့ တဟုန်ထိုး များပြားပြည့်ကြပ်လာခဲ့ကြောင်း ဒုတိယဝန်ကြီး၏အဆိုအရ သိရသည်။