စီးပွားရေး

ဒေါ်လာ ၃ ဘီလီယံကျော်တန် စီမံကိန်း ၁၂၀ ကျော်ပါ Invest Myanmar Summit 2019 လာပြီ

အရှေ့အာရှ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ရည်ရွယ်၍ မကြာမီကျင်းပတော့မည့် Invest Myanmar Summit 2019 တွင် စုစုပေါင်း ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ဒေသတွင်းနှင့် ပုဂ္ဂလိက စီးပွားရေး စီမံကိန်း ၁၂၀ ကျော်ကို ပြသသွားမည် ဖြစ်သည်။

Invest Myanmar Summit 2019 က ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ ခုအတွင်းတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI) သိသိသာသာ ကျဆင်းသွားခြင်းကို တန်ပြန်ရန် အစိုးရ၏ အားထုတ်မှု အစိတ်အပိုင်းတခု ဖြစ်သည်။ နေပြည်တော်ရှိ Myanmar Convention Centre 2 တွင် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ကျင်းပသွားမည် ဖြစ်သည်။

“ပြသတဲ့ စီမံကိန်းတွေနဲ့ အတူ ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ သူတို့ ရင်းနှီးမြှုပ်နှံနိုင်မယ့် လုပ်ငန်းတွေ၊ ပြည်နယ်နဲ့ တိုင်းအလိုက် သူတို့အတွက် ဖွင့်လှစ်ပေးထားတဲ့ စီမံကိန်း အမျိုးအစားတွေနဲ့ ပတ်သက်လို့ အလားအလာတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ကြရပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ ဥက္ကဌ ဦးဇော်ဝင်းမင်းက ပြောသည်။

Invest Myanmar Summit 2019 သည် မြန်မာအစိုးရ၊ ပြည်နယ်နှင့်တိုင်း အစိုးရများနှင့် စီးပွားရေး အသိုင်းအဝိုင်းကြားမှ ပူးပေါင်းဆောင်ရွက်မှုတခု ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွေ့ဆုံနိုင်မည့် ပလက်ဖောင်းတခု ဖန်တီးပေးရန် ရည်ရွယ်ထား သည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများက နိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံမှု အလားအလာကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အလမ်းကိုပေးသလို အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများကို သက်ဆိုင်သော သတင်းအချက်အလက်များ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

Invest Myanmar Summit 2019 အတွင်းတွင် ပစ်မှတ်ထားသည့် နိုင်ငံများမှာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန် နှင့် ဗြိတိန် တို့ဖြစ်သည်။

“ဒီနှစ်ထဲမှာ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းတွေ တိုးလာအောင် summit က ကူညီလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကနဦး ဆွေးနွေးမှုတွေ အရ ဂျပန်နဲ့ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ တော်တော်လေးစိတ်ဝင်စားကြတယ်” ဟု UMFCCI ၏ ဒုတိယ ဥက္ကဌ ဦးမောင်မောင်လေးက ဧရာဝတီသို့ ပြောသည်။

Summit ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ပြည်နယ်နှင့် တိုင်း ၁၀ခု (ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ နှင့် တနင်္သာရီ) တို့က ပါဝင် ပြသကြမည် ဖြစ်သည်။ ပစ်မှတ်ထားသည့် လုပ်ငန်းများမှာ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ အထည်ချုပ်၊ လျှပ်စစ်နှင့် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး နှင့် ရေလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံ အဆောက်အဦး နှင့် ပိုင်ဆိုင်မှုတို့ ဖြစ်သည်။

ပြပွဲအတွင်းတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက၊ ပြည်နယ်နှင့် တိုင်းဒေသ စီးပွားရေး ကဏ္ဍများအတွက် အထောက်အကူ ပြုစေသော လုပ်ငန်း စီမံကိန်းများစွာ ပါဝင်သည့် ပြည်သူ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) ကို ပထမဦးဆုံး စတင် မိတ်ဆက်မည်ဖြစ်သည်။ အားလုံးပါဝင်၍ အသွင်ကူးပြောင်းမှုနှင့် ဆက်နွယ်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရရှိရေးတွင် တိုင်းပြည်၏ မူဝါဒ၊ အဖွဲ့အစည်းအမျိုးမျိုး နှင့် ကိုက်ညီမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲ ထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်း(MSDP) ကို အကောင် အထည်ဖော်ရာတွင် စီမံကိန်းဘဏ်က ထိရောက်မှုရှိစေလိမ့်မည်ဟု မျှော်လင့်ထားသည်။

ပြပွဲ၏ သတင်းထုတ်ပြန်ချက်အရ အလားအလာကောင်းများရှိသည့် စီမံကိန်းများထဲမှ တခုမှာ မန္တလေးတိုင်းအတွင်းမှ မြို့သာ စက်မှုဥယျာဉ်မြို့တော် (Myotha Industrial Park City-MIPC) အကောင်အထည်ဖော်ရေး ဖြစ်ပြီး လက်ရှိအချိန် ၌ စီမံကိန်းဘဏ်တွင် တန်ဖိုး အမြင့်ဆုံး ရှိနေသည်။ အလုပ်အကိုင်နေရာ ၃၃၇၀၀ ဖန်တီးပေးမည်ဟု မျှော်လင့်ရသည်။ အခြေခံ အဆောက်အဦး၊ အစားအစာနှင့် သစ်ကဲ့သို့သော အလုပ်သမားအင်အားကို အဓိကထားသည့် လုပ်ငန်းများ၊ ဆေး ဝါးထုတ်လုပ်ရေး၊ ပြည့်မြဲစွမ်းအင်ထုတ်လုပ်ရေး ကဲ့သို့သော အရင်းအနှီးကို အဓိကထားသည့်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း နှင့် ငွေရေးကြေးရေးလုပ်ငန်း ကဲ့သို့သော စားသုံးသူ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်သူဝန်ဆောင်မှုများကို ဦးတည်ထားသည်။

အဓိက ဟောပြောမည့် သူများထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (NECC) မှ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ရှိခဲ့ ရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ဒေါ်လာ ၆.၆ ဘီလီယံသို့ သိသိသာသာကျဆင်းသွာခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာ ပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က နောက်လာမည့် နှစ် ၂၀ အတွင်းတွင် တာဝန်ယူမှုရှိပြီး အရည်အသွေးပြည့်ဝသည့် စီးပွားရေးလုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ၂၀၀ ကျော် ဆွဲ ဆောင်နိုင်ရန် ရည်ရွယ်သည့် အဓိက ရင်းနှီး မြှုပ်နှံမှု အစီအစဉ်တခု ဖြစ်သည့် Myanmar Investment Promotion Plan (MIPP) ကို စတင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ အဆိုအရ ၂၀၁၉ ခု နှစ်တွင် အစိုးရ၏ ပထမ ဦးစားပေးမှာ MIPP အကောင်အထည်ဖော်ရေး၌ အာရုံစိုက်ရန် ဖြစ်ကြောင်း သိရသည်။

MIPP မှတဆင့် မြန်မာနိုင်ငံကို ၂၀၃၀ ခုနှစ်ရောက်သည့်အခါ ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံတခုဖြစ်လာစေရန် အစိုးရက ရည်မှန်းထားပြီး မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ရင်းနှီးမြှုပ်နှံမှုစနစ်များနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့ အစည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေမည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် ဆက်နွယ်သော အထောက်အကူပြုစနစ်များ၊ အများ နှင့် ယှဉ်နိုင်သော စက်မှုလုပ်ငန်း အဆက်အသွယ်များ နှင့် ပိုမိုအရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များကို ကြီးကြပ် စီမံရန် သူတို့က ရည်ရွယ်သည်။

( Nan Lwin ၏ 120 Projects Worth $3B to Showcase at Invest Myanmar Summit 2019  ကို ဘာသာပြန်သည်။)

Loading