တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) သဘောတူညီချက်အောက်မှ အရေးပါသော စီမံကိန်းများကို စတင်ဆောင်ရွက်ရန် မြန်မာ အစိုးရက မကြာသေးမီက သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ယခုနှစ်အတွင်းတွင် အကောင်အထည် ဖော်ရန် ရှိနေသည့် BRI ၏ အဓိက အခြေခံ အဆောက်အဦး စီမံကိန်းများ အပေါ်တွင် ကြီးမားစွာ မူတည်နေလိမ့်မည်ဟု ကမ္ဘာ့ဘဏ် အပါအဝင်ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။
ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် စီးပွားရေးစြင်္ကန်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စတင်၍ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့များ (မြန်မာနိုင်ငံ အလယ်ပိုင်းမှ မန္တလေးမြို့ နှင့် စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်) တို့ကို ဖြတ်ကျော်၍ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ကမ်းရိုးတန်းသို့ ရောက်ရှိမည် ဖြစ်သည်။ အဆိုပြုချက်တွင် မန္တလေး နှင့် တရုတ်နယ်စပ် မြန်မာဘက်ခြမ်း မူဆယ်တို့ကို ဖြတ်သွားသည့် အဓိက လမ်း ၃ ခု နှင့် ရှမ်းပြည်နယ် အတွင်းမှ အခြားလမ်း အချို့ကို အဆင့်မြှင့်တင်မှုများပြုလုပ်ရန် လည်းပါဝင်သည်။
စုစုပေါင်း စီမံကိန်း ၂၄ ခု ပါဝင်မည်ဟု မျှော်လင့်ထားသည့် စီမံကိန်း၏ ကနဦးအဆင့်များတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည်ဟု ခန့်မှန်းထားသည်။
အဆိုပြုထားသည့် CMEC စီမံကိန်း ၂၄ ခုထဲတွင် အဓိကစီမံကိန်း ၉ ခု၏ လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ က သဘောတူထားပြီး ၎င်းတို့ထဲတွင် နောက်ပိုင်းမှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရန်ကုန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များ ပါဝင်ကြသည်။
ယခုနှစ်အတွင်းတွင် အကောင်အထည်ဖော်ရန် ရှိနေပြီး ယခုနှစ်အတွင်းတွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်း အပါအဝင် ဂရုတစိုက် စောင့်ကြည့်ရမည့် စီမံကိန်း ၆ ခုကို ဧရာဝတီက လေ့လာ တင်ပြလိုက်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် BRI စီမံကိန်း ၆ခု
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း
- မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။
- တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိခွင့် ရစေသည်။
- တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များပို့ဆောင်ပေးသည့် ပိုက်လိုင်းများ ၏ စစ် ဆေးရေးစခန်းဖြစ်သည်။
- စုစုပေါင်း ဟက်တာ ၅၂၀ (ဧက ၁၃၀၀ နီးပါး) ကျယ်ဝန်းပြီး ဟက်တာ ၂၀မှာ ဆိပ်ကမ်းအတွက်၊ ဟက်တာ ၁၀၀ မှာ အိမ်ယာများအတွက်နှင့် ဟက်တာ ၄၀၀ မှာ စက်မှုဥယျာဉ် အတွက် ဖြစ်သည်။
- အဆင့်(၁) တွင် ဆိပ်ကမ်း ၂ ခုဆောက်လုပ်ခြင်း ပါဝင်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ထက် မကျော်လွန်ပါ။
- ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နေရာ ၁၀၀၀၀၀ ဖန်တီးပေးရန် မျှော်လင့်ထားသည်။
- အကြွေးထောင်ချောက်၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ပင်လယ်ရေကြောင်း လုံ ခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း
- အဆိုပြုထားသည့် ရထားလမ်းကြောင်းလေ့လာရေး စတင်ရန် မြန်မာနှင့် တရုတ်နိုင်ငံတို့ ၂၀၁၈ ခုနှစ် အောက် တို ဘာလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
- လေ့လာရေးကာလ ၁ နှစ်ကြာမြင့်မည်ဟု မျှော်လင့်ရသည်။
- ရွှေလီ(မူဆယ်မှ နယ်စပ် တဘက်ခြမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှမြို့) မှ ကျောက်ဖြူသို့ အမြန်လမ်း နှင့် ရထားလမ်းတခု အပြိုင်တည်ဆောက်ရန် တရုတ်အစိုးရ အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်သည်။
- စီမံကိန်းက ၄၃၁ ကီလိုမီတာ (၂၆၈မိုင်) ရှည်လျား၍ ရှမ်းပြည်နယ်အတွင်းမှ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေ သည့်ဧရိယာများကို ဖြတ်သန်းသွားမည်ဖြစ်သည်။
- အဆိုပြုထားသည့် လျှပ်စစ်ရထားများက တနာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်လိမ့်မည် ဖြစ်သည်။
- လမ်းကြောင်းတလျှောက်တွင် အနည်းဆုံး အနေဖြင့် ကုန်တင်ဘူတာ ၇ ခုနှင့် လူစီး ဘူတာ ၅ခု တည်ဆောက်ရန် မျှော်မှန်းထားသည်။
- ရထားလမ်းမှ နောင်ချို-လားရှိူး အပိုင်းနှင့် လားရှိူး-မူဆယ် အပိုင်းများအတွက် မြေပြင်တိုင်းထွာမှုများကို ဇန်နဝါရီ လမှ ဧပြီလ အတွင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။
- ရှမ်းပြည်နယ်အတွင်းမှ လမ်းကြောင်းတလျှောက်တွင် လက်နက်ကိုင် ပဋိပက္ခများ အလွယ်တကူ ပိုမိုဖြစ်ပွားစေ နိုင်သည်။
ရန်ကုန်မြို့သစ် စီမံကိန်း
- ရန်ကုန် မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) နှင့် ဟောင်ကောင်တွင် စာရင်းသွင်းထားသည့် China Communication and Construction Company (CCCC) တို့ကြားတွင် မူဘောင်သဘောတူညီချက် တခု လက် မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
- တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်(CMEC) ၏ အစိတ်အပိုင်းတခု ဖြစ်သလို BRI ၏ အစိတ်အပိုင်းတခုဖြစ်သည်။
- အခြေခံ အဆောက်အဦးအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထား သည်။
- မြို့သစ်များ၊ စက်မှုဥယျာဉ်များနှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများပါဝင်မည်ဟု မျှော်မှန်းထားသည်။
- အမှန်တကယ်လိုအပ်သော စီမံကိန်းဟုတ်/မဟုတ် မေးခွန်းများပေါ်ထွက်စေခဲ့သည်။ ကုန်ကျစရိတ် နှင့် ရေလွှမ်း မိုးနိုင်မည့် အလားအလာအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
နယ်စပ် စီးပွားရေးဇုန် ၃ ခု
- တရုတ်အစိုးရ၏ ရည်မှန်းချက်ကြီးမားလှသော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ၏ တစိတ်တပိုင်း အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တရုတ်-မြန်မာ နယ်စပ် တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန် များတည်ဆောက်ရန် စီစဉ်ထားသည်။
- ကချင်ပြည်နယ်၊ အထူးဒေသ(၁) ရှိ ကန်ပိုက်တီး၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်နှင့် ရှမ်းပြည် နယ်မှ မူဆယ်မြို့နယ်တို့တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် ၃ ခုကို မြန်မာနိုင်ငံက ဇူလိုင်လတွင် အတည် ပြုခဲ့သည်။
- ကုန်သွယ်ရေး စန်တာများနှင့် ပြင်ဆင်ရေး ဧရိယာများ၊ အသေးစားနှင့် အလတ်စားအရွယ် စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေး ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး စန်တာ တခုနှင့် အရည်အသွေးမြင့် ထုတ်ပိုးရေး စန်တာတခုတို့ ပါဝင်မည်ဟု မျှော်လင့်ရသည်။
- ချင်းရွှေဟော် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ဧပြီလတွင် စတင်မည် ဟု မျှော်လင့်ထားသည်။
- လက်နက်ကိုင် ပဋိပက္ခနှင့် ရွှေ့ပြောင်းအခြေချသည့်လူဦးရေတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း
- မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးက မကြာသေး မီက ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။
- မြစ်ဆုံက BRI စီမံကိန်းများအတွက် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
- ပြည်သူလူထု၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ဒေါ်လာ ၃.၆ ဘီလီယံတန် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင ယခင် သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့သည်။
- မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီ၏ မြစ်ဆုံတွင် တည်ရှိသည်။
- ဆည်တည်ဆောက်မည့်နေရာတွင် ကမ္ဘာပေါ်၌ အကျန်းမာဆုံး ဇီဝမျိုးကွဲများထဲမှ အချို့ ရှိနေသည်။
- စီမံကိန်းက မရေမရာ အနေအထားတွင် ရှိနေဆဲ ဖြစ်ပြီး အစိုးရက ၎င်းတို့၏ အစီအစဉ်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။
- ဧရာဝတီမြစ်၏ သဘာဝအလှအပများ ပျက်စီးမည့် အခြေအနေနှင့် ရေစီးဆင်းမှုကို အဟန့်အတာဖြစ်စေနိုင်မှု အပေါ်တွင် စိုးရိမ်မှုများမြင့်တက်နေသည်။
- ရေလွှမ်းမိုးနိုင်သည့် ဧရိယာက စင်ကာပူနိုင်ငံ၏ အရွယ်အစားအထိရှိနိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကို ထိခိုက်ပျက်စီးစေ၍ လူ ၁၀၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေနိုင်သည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်း
- စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
- ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ်မည့် ရထားလမ်းနှင့် ကား လမ်း စီမံကိန်းက ရပ်တန့်နေသည်။
- ရထားလမ်းတခုလုံးက ၈၁၀ ကီလိုမီတာ ရှည်လျားမည်ဖြစ်သည်။
- ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက်ပိုင်းတွင် ယခင်သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။
- ၂၀၁၄ ခုနှစ်တွင် သဘောတူညီချက်သက်တမ်းကုန်ဆုံးခဲ့ပြီး ရထားလမ်းစီမံကိန်းက မရေမရာ အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
- ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်း အတွက် လေ့လာမှုများကို ယခုလ အတွင်းတွင် စတင်ခဲ့သည်။
- ကျောက်ဖြူ-ကူမင်း ရထားလမ်းက မူဆယ်-မန္တလေး စီမံကိန်းပြီးသည့်နောက်တွင် နောက်ထပ် တဆင့်ဖြစ်နိုင်ပါ သည်။
- အကြွေးထောင်ချောက်နှင့် လက်နက်ကိုင် ပဋိပက္ခ အလားအလာအပေါ် စိုးရိမ်မှုများမြင့်တက်နေသည်။
(Nan Lwin ၏ China’s Six Belt and Road Projects in Myanmar to Watch in 2019 ကို ဘာသာပြန်ဆိုသည်။)