မြန်မာ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက်တွင် အင်္ဂလန် အဖွဲ့အစည်းတခု ဖြစ်သည့် UKAid မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို UK အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) ၏ အစီစဉ်တခု ဖြစ်သော မန္တလေးတိုင်း ဒေသ ကြီးရှိ ဟင်းခတ် အမွှေးအကြိုင်၊ စားသောက်ကုန် ထုတ်လုပ်ရေးတွင် ပါဝင်သည့် စိုက်ပျိုးရေး တောင်သူများ အလုပ် အကိုင် ပိုမို ရရှိစေရေး အတွက် ကြယ်သုံးပွင့် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု ဆိုသည်။
ယင်း စီမံကိန်းတွင် ဆင်းရဲနွမ်းပါးသည့် တောင်သူ ၄၀၀၀ ခန့်ကို တန်ဖိုးမြင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်ရေး ကွင်းဆက်တွင် ပါဝင်၍ ၎င်းတို့၏ ဝင်ငွေ တိုးပွားစေရေး အတွက် သင်တန်းများ ပို့ချခြင်းများလည်း ပြုလုပ်သွားမည်ဟု DFID ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲ Dr.Gail Marzetti က ပြောဆိုသည်။
ပြည်တွင်းရှိ တောင်သူ လယ်သမားများ စိုက်ပျိုးသော ဟင်းခတ်အမွှေးအကြိုင် ဟင်းသီးဟင်းရွက်များ ဖြစ်သည့် ငရုတ်သီး၊ ချင်း (ဂျင်း)၊ နနွင်း၊ ချဉ်ပေါင်ရွက် နှင့် ငရုတ်ကောင်းများကို UKAid က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ တောင်သူများထံမှ ဝယ်ယူပြီး ယင်းတို့ အနက်မှ စီးပွားရေးအရ တွက်ခြေကိုက်သော ထိုင်းနိုင်ငံ၏ မျိုးရင်းဖြစ်သည့် ချဉ်ပေါင်ရွက် Hibiscus (Magenta color) တို့ကို ပြည်ပဈေးကွက်သို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်းခတ် အမွှေးအကြိုင် ဈေးကွက်၌ ကုန်သည်များက တောင်သူများထံမှ ပေးဝယ်နေသော ဈေးထက် ၁၆ ရာခိုင် နှုန်း မှ၂၃ ရာခိုင်နှုန်းထိ မြင့်သည့် ပေါက်ဈေးတခုဖြင့် တိုက်ရိုက် ဝယ်ယူရန်တို့ ပါဝင်ကြောင်း Dr.Gail Marzetti က ပြောသည်။
“ပြီးရင် Snacks Mandalay ကနေ ဟင်းခတ် အမွှေးအကြိုင်တွေကို ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်တွေမှာ ထုတ်လုပ် ရောင်း ချ သွားမှာ ဖြစ်တယ်။ ထုတ်လုပ်မှုကိုလည်း နိုင်ငံတကာ စံချိန်မီအောင် လုပ်ပြီး ပြည်ပဈေးကွက်မှာ ဈေးနှုန်း မြှင့် တင် ရောင်းချမှာ ဖြစ်တယ်”ဟုလည်း ၎င်းက ပြောပြသည်။
DaNa Facility အဖွဲ့ နှင့် အစားအစာ ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်သော Snacks Mandalay တို့ ပူးပေါင်း၍ UKAid နှင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု DaNa Facility က ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ထားသည်။
DaNa Facility သည် UK နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) မှ ထောက်ပံ့ပေးထားသော အစီအစဉ် တခုဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလတွင် စတင် အကောင်အထည် ဖော်ခဲ့သည်။
ဟင်းခတ် အမွှေးအကြိုင် ထုတ်လုပ်မှု အရည်အသွေးကို တိုးတက်အောင် လုပ်ဆောင်ပြီး တောင်သူများ၏ လုပ်ငန်း ကျွမ်း ကျင်မှုကို မြှင့်တင်ခြင်း အားဖြင့် မြန်မာ တနိုင်ငံလုံးရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ (SMEs) ဝင်ငွေ ပိုမို တိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Snacks Mandalay ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ပြည့်ဖြိုးအေးက“ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်မှုလုပ်ငန်း တခုလုံးမှာ ပါဝင်နေသူ အားလုံးကို ဦးတည် ဆောင်ရွက်တာ ဖြစ်တယ်။ ဒီစီမံကိန်းကနေ တောင်သူတွေ ဝင်ငွေပိုရဖို့၊ အမျိုးသမီးတွေ လယ်ယာ လုပ်ငန်းမှာ အလုပ်အကိုင် ရရှိဖို့နဲ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက် တည်ငြိမ်ဖို့ ဆောင်ရွက် တာ ဖြစ်တယ်”ဟု ပြောသည်။
ယင်း ကြယ်သုံးပွင့် စီမံကိန်းတွင် ထိုင်းနိုင်ငံမှ နည်းပညာ ကျွမ်းကျင်မှု ရယူခြင်းဖြင့် လယ်သမားများ အတွက် အထွက် တိုး ရေး၊ ပိုးမွှား ထိန်းချုပ်ရေး၊ ဓာတ်မြေသြဇာ သုံးစွဲရေး အစရှိသည့် စိုက်ပျိုးရေး ဗဟုသုတများကို မျှဝေပေးနိုင်မည့် အပြင် နည်းပညာ ပံ့ပိုးမှုမှတဆင့် အရည်အသွေးမြင့် ဟင်းခတ် အမွှေးအကြိုင်များ ထုတ်လုပ်နိုင်၍ နိုင်ငံတကာနှင့် မြန်မာ့ ဈေး ကွက်ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။