တရုတ်- မြန်မာ မူဆယ်နယ်စပ် ဆန် ကုန်သွယ်ရေးမှာ တရုတ်နှစ်သစ်ကူး နီးနေသောကြောင့် ကုန်သည် အဝယ်မရှိ၍ ကုန်သွယ်မှု ရပ်တန့်နေကြောင်း မူဆယ်နယ်စပ် ကုန်သည်များ ထံမှ သိရသည်။
မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက“အခုကုန်သွယ်မှုအခြေနေက ဒီနေ့(ဇန်နဝါရီ ၂၈ ရက်)က စမယ်ဆိုရင် ကုန်သွယ်မှုက လုံးဝရပ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်ကူးရှိတော့ တရုတ်တွေက လာမဝယ်တော့ဘူး။ သူတို့ နယ် သူတို့ပြန်သွားပြီ။ ဦးတို့လည်း တရက် နှစ်ရက်ဆို ပြန်တော့မှာ။ ဟိုတလောက ပိတ်တာက နယ်စပ်ကနေ ရဲတွေ က မှောင်ခို တိုက်ဖျက်ရေး ဆိုလို့ ပိတ်ရတာ။ အခု ပိတ်သွားတာတော့ ဝယ်သူမရှိလို့”ဟု ဧရာဝတီသို့ ပြောသည်။
ကုန်စည် စီးဆင်းမှုအနေနှင့် ယခင်က တရုတ်ဘက်သို့ တရက်လျှင် မူဆယ် ကုန်စည်ဒိုင်မှ ပုံမှန်တရက်လျှင် ဆန် အိတ် ရေ ၃ သောင်းနှင့် ၄ သောင်းကြား တရုတ်ဘက်သို့ အထွက်ရှိပြီး လက်ရှိတွင် လုံး၀ ရပ်တန့်နေကြောင်းလည်း ၎င်းက ပြောပြသည်။
ထိုသို့ ကုန်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်နေမှုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) သိသော်လည်း တဖက် တရုတ်နိုင်ငံ၏ ပေါ်လစီအတိုင်း ဖြစ်သောကြောင့် အခက်အခဲများကို ဖြေရှင်းရန် မရသေးကြောင်း၊ သို့သော် တဖြည်းဖြည်းနှင့် ဖြေလျှော့ပေးမည်ဟု ထင်ကြောင်း မူဆယ်နယ်စပ် ကုန်သည်များ ထံမှ သိရသည်။
တရုတ်သို့ ရောင်းချနေသော ၂၅ မှတ်တန် ဆန်ကြမ်းဈေးနှုန်းများ အနေနှင့် မနောသုခ ဆန်တအိတ်လျှင် တရုတ်ယွမ် ၁၁၀၊ ရတနာတိုး တအိတ်လျှင် ၁၁၂ ယွမ် ရှိပြီး လက်ရှိတွင် ဈေးနှုန်း ကျမသွားသော်လည်း ဝယ်သူ မရှိဖြစ်နေကြောင်း ဦးမင်းသိန်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးနေလင်းဇင်က“နယ်စပ် ကုန်သွယ်ရေးမှာ ကျနော်တို့ တော်တော် အခက်အခဲ ကြုံနေရတယ်။ အချိန်ကာလ တော်တော်များများ နယ်စပ် ကုန်သွယ်ရေးကို မှီခိုနေတဲ့ ဆန်တင်ပို့မှု ဒီနှစ်မှာ တော်တော်လေး ကျသွားတယ်။ တဝက်လောက်နီးပါး ကျသွားတဲ့ အနေအထား ရှိတယ်။ လက်ရှိတော့ ဒီအကန့်အသတ် အခက်အခဲက ရှိနေဦးမယ်။ ဒါက စီးပွားရေးကဏ္ဍ တခုတည်းတင် မဟုတ်ဘူး၊ နိုင်ငံရေးတွေလည်း အများကြီးပါတယ်”ဟု ပြောဆိုသည်။
နယ်စပ် ကုန်သွယ်ရေးတွင် B to B (နှစ်ဖက်ကုန်သည် အချင်းချင်း ကုန်သွယ်မှု) လုပ်ဆောင်နေသော်လည်း တဖက် တွင်လုပ်ဆောင်၍ မရသည့် အကန့်အသတ်တချို့ ရှိသောကြောင့် အစိုးရအနေနှင့်လည်း G to G (အစိုးရချင်း နားလည်မှု စာချွန်လွှွာ) လုပ်ဆောင်မှုကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် လိုအပ် လာသောကြောင့် စီးပွား/ကူးသန်းသို့ တင်ပြထားမှုများ ရှိကြောင်း ၎င်းက ပြောပြသည်။
စီးပွား/ကူးသန်း လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က“နယ်စပ် ကုန်သွယ်မှု ပမာဏက မူဆယ် ဆိုရင် တော်တော်လေး လျော့ကျတာပေါ့။ မူဆယ်ဆိုရင် ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်လောက် လျော့ ကျတဲ့ အနေအထားရှိတယ်။ အခုမူဆယ်ရော၊ လွယ်ဂျယ်ရော၊ ချင်းရွှေဟော်ရော ကာလတူထက်စာရင် လျော့ကျနေ တဲ့ အနေအထားမှာ ရှိတယ်။ အဓိကပြောလို့ရှိရင် ဆန်နဲ့ ပြောင်းနဲ့ နယ်စပ် ကုန်သွယ်မှုက ကျနေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တရုတ်ဘက်မှ ဆန်၊ ပြောင်းနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ၁ လ ကျော်က ကန့်သတ် စစ်ဆေးမှု တချို့ ပြုလုပ်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံဘက်မှ တင်ပို့နေသော ဆန်၊ ပြောင်းနှင့် သကြား တင်ပို့မှုများ လျော့ကျခဲ့ကြောင်း ၎င်းက ရှင်းပြ သည်။
“ဆန်ဆိုရင် နယ်စပ်တင်ပို့မှုက တန်ချိန် ၃ သိန်း ကျော်လောက် လျော့တဲ့ အနေအထားမှာ ရှိတယ်။ ဒါက ကာလတူ အောက်တိုဘာလကနေ အခု ဇန်နဝါရီ ၁၈ ရက်အထိ ဖြစ်တယ်။ အခု အနေအထားအရတော့ နှစ်နိုင်ငံ တရုတ် နိုင်ငံ ဘက်က စီးပွားရေးသံမှူးတွေက ဖြေလျှော့သင့်တာတွေလည်း ဖြေလျှော့ပေးသွားမယ် ဆိုတဲ့ ညိုနှိုင်း ဆွေးနွေးမှု လုပ် တယ်”ဟု ဦးခင်မောင်လွင်က ဆက်လက် ပြောဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် တရားဝင် ကုန်ပစ္စည်းများ အပြန်အလှန် လဲလှယ်တင်ပို့ရေး အတွက် အစိုးရချင်း MOU ရေးထိုး ရန် အတွက်လည်း သဘောထားမှတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက် စီးပွား/ကူးသန်းက တောင်းခံ ထားကြောင်း သိရသည်။
ထို တရားဝင် ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး အတွက် MOU ကိုလည်း မကြာခင် ဆောင်ရွက်သွားရန် ရှိနေကြောင်း ဦးခင်မောင်လွင်က ပြောသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး လျော့ကျလျက် ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် ကုန်သွယ်မှု ပမာဏကို ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄ လအတွင်း ပို့ကုန် ဒေါ်လာ သန်း ၃၆၀ ကျော် ပိုတင်ပို့နိုင်၍ သွင်းကုန် ဒေါ်လာ သန်း ၁၅၀ ကျော် လျော့နည်း တင်သွင်းထားသောကြောင့် ဒေါ်လာသန်း ၂၀၀ ကျော် ကုန်သွယ်မှုတိုးလာပြီး ကုန်သွယ် မှု လိုငွေ ဒေါ်လာသန်း ၅၀၀ နီးပါး လျော့နည်းလျက် ရှိနေသည်ဟု စီးပွား/ကူးသန်း စာရင်းများတွင် ဖော်ပြထားသည်။