မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် အစိုးရက အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်းပိုင်း (ECRL) စီမံကိန်းကို ပြီးခဲ့သည့် စနေနေ့ အစိုးရအစည်းအဝေးတွင် ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း မလေးရှား စီးပွားရေးဝန်ကြီး အေဇမင်အလီက ပြောသည်။
အဆိုပါစီမံကိန်းကို ပြီးခဲ့သည့်မေလက ပယ်ချကြောင်း ထုတ်ဖော်ပြီးနောက် ၆၈၈ ကီလိုမီတာအရှည်ရှိ ရထားလမ်းပိုင်း အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို ယခု မလေးရှားအစိုးရက ချမှတ်လိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြလိုက်ခြင်း ဖြစ်သည်ဟု စနေနေ့က မလေးရှား စီးပွားရေးဝန်ကြီး၏ သဘောထားမှတ်ချက်ကို South China Morning Post သတင်းစာ၏ ယခုတပတ် အာရှသတင်းအစီအစဉ်က ဖော်ပြသည်။
အဆိုပါစီမံကိန်းကို တရုတ် ဆက်သွယ်ရေး ဆောက်လုပ်မှုကုမ္ပဏီ (CCCC) က တည်ဆောက်နေခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေး ၈၅ ရာခိုင်နှုန်းကို တရုတ်သွင်းကုန်/ထုတ်ကုန် ဘဏ်က ထုတ်ပေးထားသည်။
စနေနေ့က ထွက်ပေါ်လာသော သဘောထားမှတ်ချက်သည် မဟာသီယာအပါအဝင် မလေးရှားအစိုးရ၏ ယခင်က ကြေညာချက်ကို သိသာ ထင်ရှားစေလိုက်ခြင်း ဖြစ်သည်။ မဟာသီယာ ဦးဆောင်သည့် အစိုးရက ယင်းစီမံကိန်းကို ၎င်းတို့ ရာထူး လုပ်ပိုင်ခွင့်ဖြင့် ကန့်သတ်၍ လုံးဝဖျက်သိမ်းရန် ရည်ရွယ်ခဲ့သော်လည်း စီမံကိန်း အဆိုပြုချက်မှာ ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
အေဇမင်၏ သဘောထားမှတ်ချက်မှာ အပြီးသတ် ဆုံးဖြတ်ချက် မဟုတ်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အင်းက တုံ့ပြန်ပြောကြားခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း သဘောကွဲလွဲမှုများလည်း ပေါ်ပေါက်နေသည်။
တရုတ်ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အသက်ဝင်နေဆဲစာချုပ် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ အေဇမင်က အစိုးရ၏ နောက်ဆုံး ရပ်တည်ချက်ဟု အတည်ပြုသည့်ကိစ္စမှာ သတင်းရင်းမြစ်နှစ်ခု ကွဲလွဲနေခဲ့သည်။
ယမန်နှစ်က ငွေကြေးအရှုပ်တော်ပုံရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အစိုးရထံမှ အာဏာလွှဲပြောင်း ယူပြီးနောက် အဆိုပါ စီမံကိန်းသည် အစိုးရအတွက် တန်ဖိုးအားဖြင့် ပမာဏ များပြားလွန်းသဖြင့် ကြီးမားသော ကြွေးမြီဝန်ထုပ်ဝန်ပိုး လျှော့ချခြင်းဖြစ်သည်ဟု အေဇမင်က ဆိုထားသည်။
“ဖွံ့ဖြိုးရေးစရိတ် ကြီးမားလွန်းတဲ့အတွက် ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန်မှာ ဆိုရင် ကျနော်တို့ဆီမှာ ဘဏ္ဍာရေး စွမ်းရည်မရှိသေးပါဘူး” ဟု အေဇမင်က သတင်းထောက်များကို ပြောကြားကြောင်း ၎င်းရုံးမှ ထုတ်ပြန်သည့် မှတ်တမ်းတခုအရ သိရသည်။
“တကယ်လို့ ဒီစီမံကိန်းကို မဖျက်သိမ်းနိုင်ဘူးဆိုရင် အစိုးရပြန်ပေးရမယ့် ကြွေးမြီက ရင်းဂစ် ၁ ဘီလီယံ ထက်ဝက်နီးပါး (အမေရိကန်ဒေါ်လာ ၁၂၁ သန်း) လိုအပ်ပါတယ်” ဟု သူက ပြောသည်။
“ကျနော်တို့ လောလောဆယ် အဲဒီလောက် မတတ်နိုင်သေးလို့ တရုတ်နဲ့ ကျနော်တို့ကြား ကောင်းမွန်နေတဲ့ဆက်ဆံရေး မထိခိုက်စေဘဲနဲ့ စီမံကိန်းကို ဖျက်သိမ်းနိုင်ဖို့ လိုနေတာပါ။ ကျနော်တို့က တရုတ်ဆီကနေ ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးစုံ ကြိုဆိုနေတုန်း ဖြစ်ပေမယ့် ဒီကိစ္စအပေါ် အခြေခံတွေ တခုပြီးတခု စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်” ဟု မလေးရှား စီးပွားရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။
၂၀၁၆ ခုနှစ်တွင် CCCC ၏ အဆိုပါစီမံကိန်းကို မဟာသီယာမတိုင်မီ အစိုးရက လက်ခံခဲ့ရာ ယင်းစီမံကိန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကြေညာခဲ့သော Belt and Road Initiative – BRI အတွက် တခုသောအုတ်မြစ်ဖြစ်၍ အကဲခတ်သမားများက ချီးကျူးခဲ့ကြသည်။
အမည်မဖော်သည့် သတင်းရင်းမြစ်များ ကိုးကား၍ အဆိုပါကိစ္စရပ်ကို သတင်းမီဒီယာ အများအပြားက မီးမောင်း ထိုးပြနေခဲ့သဖြင့် စီမံကိန်းဖျက်သိမ်းရေးမှာ အများအမြင်တွင် သတိထား စောင့်ကြည့်ခြင်းခံခဲ့ရသည်။
သို့သော် မဟာသီယာနှင့် ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အင်းအပါအဝင် အစိုးရတာဝန်ရှိသူများက စီမံကိန်း ဆက်လုပ်ရေး၊ မလုပ်ရေးအပေါ် အတည်ပြုပေးရန် ငြင်းဆန်ခဲ့ကြသည်။
ယမန်နှစ်မေလက အံ့အားသင့်ဖွယ် ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် အသက် ၉၃ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်က တရုတ်နှင့် ချိတ်ဆက်ထားသည့် အခြေခံအဆောက်အဦ စီမံကိန်းများမှ တခုဖြစ်သည့် အဆိုပါ ရထားလမ်း စီမံကိန်းကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း ပြသခဲ့ပြီး စရိတ်များပြားလွန်းကာ မလိုအပ်ဟု အကြောင်းပြခဲ့သည်။
အကျေအလည် စေ့စပ်ညှိနှိုင်းကြသဖြင့် အကယ်၍ စရိတ် ပိုကျဉ်းမည့်ပမာဏဆိုလျှင် ယင်းစီမံကိန်း ဆက်လုပ်နိုင်ကြောင်း မဟာသီယာက ဇန်နဝါရီလအစောပိုင်း၌ အဆိုပြုခဲ့သည်။
စနေနေ့က အေဇမင်ထံမှ ထွက်ပေါ်လာသော စီမံကိန်း ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုချက်ကို ချင့်ချိန်ရလျှင် အဆိုပါစီမံကိန်းမှာ ပျက်သွားခဲ့ပြီဟု ဆိုနိုင်သည်။
အဆိုပါစီမံကိန်းကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လက်သင့်ခံခဲ့သူ နာဂျစ်က “ဒီစာချုပ်ကို ဖျက်သိမ်းခြင်းအားဖြင့် မဟာသီယာ အစိုးရအနေနဲ့ အမှားတခု ကျူးလွန်မိမယ်” ဟု ထပ်တလဲလဲ ပြောကြားနေခဲ့သည်။
၎င်းအစိုးရဟောင်း လက်ခံခဲ့သော စီမံကိန်းစာချုပ် အသုံးအနှုန်းများကို လူသိရှင်ကြားချပြရန် နာဂျစ်က မဟာသီယာကို စိန်ခေါ်ခဲ့ပြီး ဖြစ်သည်။
ယခင် ခေါင်းဆောင်ဟောင်း၏ အဆိုအရ စာချုပ်ပါ အသုံးအနှုန်းများကို တရုတ်သွင်းကုန်/ထုတ်ကုန်ဘဏ်က ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစွာဖြင့် သုံးနှုန်းချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ငွေလဲလှယ်နှုန်း အတက်အကျကို ကာကွယ်နိုင်ရန် အတိုး ၃.၂၅ ရာခိုင်နှုန်းဖြင့် အကြေပေးနိုင်ရေး ၇ နှစ် ဆိုင်းငံ့သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။
1MDB အရှုပ်တော်ပုံကြောင့် ဆယ်ဂဏန်းမျှရှိသော ရာဇဝတ်မှုစွဲချက်များ ရင်ဆိုင်နေရသူ နာဂျစ်သည် တိုင်းပြည် အနေဖြင့် အာရှစူပါပါဝါ ဖြစ်ရေး အားသန်နေသဖြင့် ဘေဂျင်းနှင့် နှောင်ကြိုးရှိသော စီမံကိန်းများကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း မဟာသီယာ၏ ပါကာတန်ဟာရာပန် အဖွဲ့က ယုံကြည်ထားသည်။
တရုတ်နှောင်ကြိုးရှိသည့် စီမံကိန်းများကို ပြန်စဉ်းစားခြင်းကိစ္စသည် အာဏာရပြီး ရက် ၁၀၀ အတွင်း အကောင်အထည် ဖော်ပေးရန်အတွက် ယမန်နှစ်က မဟာသီယာ အစိုးရပေးခဲ့သော ရွေးကောက်ပွဲကတိ ၁၀ ချက်မှ တချက်ဖြစ်သည်။
စီမံကိန်းများ ပြန်စဉ်းစားရန် တရုတ်အစိုးရနှင့် မိမိတို့ သဘောတူညီမှု ရခဲ့ကြောင်း၊ မလေးရှားအနေဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်းအပေါ် ရှီအနေဖြင့် နားလည်ပေးပါကြောင်း ယမန်နှစ်က တရုတ်သမ္မတရှီနှင့် တွေ့ဆုံမှုအပေါ်အခြေခံ၍ မဟာသီယာက ပြောကြားခဲ့သည်။
ကိုးကား ။ ။ South China Morning Post, Nikkei Asian Review