တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံ ဆည်စီမံကိန်းကို အရွယ်အစားလျှော့ချရန် သို့မဟုတ် နေရာပြောင်းရန် မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ယနေ့အကြံပြုလိုက်ကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။
နေပြည်တော်တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံတွင် မေးမြန်းသောအခါ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သူ ဦးသောင်းထွန်းက စီမံကိန်းနေရာရှိ ငလျင်ကြောနှင့် ဒေသခံအများအပြားကို ထိခိုက်စေသည့် ကျယ်ပြန့်လှသော ရေလွှမ်းဒေသ စသည့် ပြဿနာ အများအပြားကို ကိုးကားပြောဆိုခဲ့ကြောင်း သတင်းက ဆိုသည်။
“ရေလွှမ်းဒေသက စင်္ကာပူနိုင်ငံရဲ့ နှစ်ဆလောက်ဖြစ်နေတယ်။ ဒီတော့ ရွာတွေ အရမ်းအများကြီး သူတို့နေရာက ထွက်သွားပေးရမယ့်သဘောပေါ့။ ဒါပြဿနာပဲ” ဟု ဦးသောင်းထွန်းက နေပြည်တော်တွင် ကျင်းပသည့် ညီလာခံတွင် သတင်းထောက်များကို ပြောသည်။
ဆည်ကို အရွယ်အစား လျှော့ချခြင်း၊ အခြားနေရာတခုသို့ ရွှေ့ပြောင်းခြင်းနှင့် အခြားစီမံကိန်းတခု အစားထိုးပေးခြင်း စသည့် အခြားရွေးစရာ နည်းလမ်း အများအပြားကိုလည်း ဦးသောင်းထွန်းပြောသော်လည်း အစိုးရအနေဖြင့် မည်သည့်နည်းလမ်းကို ပိုမိုလိုလားသည်ကို ဦးသောင်းထွန်း မပြောပေ။
မြန်မာနိုင်ငံသည် အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရပြီး အဖြေရှာနိုင်ရန်ကြိုးစားနေကြောင်း ဦးသောင်းထွန်းပြောသည်။
မူလစီမံကိန်းသည် ရပ်ရွာအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ဦးသောင်းထွန်းပြောသည်။
ထိုဆည်မှ ထွက်မည့် လျှပ်စစ်ဓါတ်အားများ၏ ၉၀ ရာခိုင်နှုန်းကို အသုံးပြုမည့် ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားပိုလျှံနေသောကြောင့် ထိုမျှကြီးမားသော ဆည်တည်ဆောက်ရန်မလိုတော့ကြောင်းလည်း ဦးသောင်းထွန်းပြောသည်။
သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကချင် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟုန်လျံက တွေ့ဆုံရာ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ဖိအားပေးပြောဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြစ်ဆုံစီမံကိန်းသည် NLD အတွက် အကျပ်အတည်းကို သယ်ဆောင်လာသည်