ဗဟိုဘဏ်က ဂျပန်ငွေ ယန်းနှင့် တရုတ်ငွေ ယွမ်တို့ကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ ဆောင်ရွက် နိုင်သည့် ငွေကြေးများ အဖြစ် ဇန်နဝါရီလ ၃၀ ရက်က စတင် သတ်မှတ် ခွင့်ပြုလိုက်ကြောင်း ပြည်တွင်း ဘဏ်များအား ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းသို့ ခွင့်ပြုလိုက်ခြင်းသည် တရုတ် -မြန်မာ ကုန်သွယ်ရေးတွင် အဆင်ပြေ လာနိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI) လက်အောက်ရှိ နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက “မြန်မာနိုင်ငံမှာ နယ်စပ် ကုန်သွယ်ရေး ကနေ သွားနေတဲ့ ကုန်သွယ်မှုက ကြီးကြီး မားမား ပမာဏ ရှိတယ်။ အခု သုံးခွင့်ပြုလိုက်တော့ ဟိုဘက်ကို ရောင်းတဲ့ငွေက ဒီဘက်ကို ဘဏ်ကနေ တိုက်ရိုက်ဝင်လို့ ရပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ် ညွှန်ကြားချက်တွင် နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ၊ နယ်စပ် ကုန်သွယ်ရေးတွင် ငွေပေးချေမှု ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း Authorized Dealer-AD လိုင်စင်ရ ဘဏ်များတွင် ဆောင်ရွက်ခွင့်ပြုပြီး လူပုဂ္ဂိုလ် ၁ ဦးချင်း (သို့မဟုတ်) အဖွဲ့စည်းများအတွက် ငွေစာရင်း ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုကြောင်း ပါရှိသည်။
ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး အရာရှိ ဦးသန်းလွင်က “ဒါတွေ ခွင့်ပြုလိုက်တာ တဆင့်တော့ ဖြေလျှော့ပေး လိုက် တာပေါ့လေ။ ဒါပေမယ့် အဓိကတော့ သူတို့က တဦးချင်းအနေနဲ့ စာရင်းထားခွင့် မရှိသေးဘူး။ စာရင်းပေးချေခွင့် မရသေးဘူး။ အခုက ဘဏ်ကနေပဲ ငွေပေးချေတဲ့ စနစ်နဲ့ သွားမယ် ဆိုတော့ ဘဏ်ကပဲ လုပ်ပေးရမယ့် သဘောရှိတယ်။ ဥပမာ နယ်စပ် ကုန်သွယ်ရေး ဆိုပါတော့ နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်နဲ့ ကိုင်ဆောင်ခွင့်၊ ယွမ်နဲ့ ပေးချေလို့ရတဲ့ စနစ် မဟုတ်သေးဘူး။ ဒါကျတော့ ၂ နိုင်ငံ ဗဟိုဘဏ် အချင်းချင်း သဘောတူညီချက် လိုသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ပြည်တွင်း၌ နိုင်ငံခြား သုံးငွေ အဖြစ် အမေရိကန် ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာ၊ ထိုင်းငွေ ဘတ်တို့ကို ငွေလွှဲ ကောင်တာများနှင့် ဘဏ်များတွင် နိုင်ငံခြားသုံးငွေအဖြစ် လဲလှယ် ခွင့်ပြုထားသည်။
ဦးသန်းလွင်က “အခု ထပ်ပြီးတော့မှ တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ဘဏ်ကနေ တဆင့် ငွေပေးချေမှု စနစ် လုပ်ပေးလို့ ရမယ်။ အဓိကတော့ ငွေလဲ ကောင်တာတွေမှာ ဒီငွေတွေကို တရားဝင် ထားခွင့်ရှိပြီးတော့မှ အရောင်းအဝယ် လုပ်လို့ ရမယ်။ ငွေလဲလှယ်ပေးလို့ ရမယ်။ လေဆိပ်တွေမှာလည်း ရမယ်။ ဒီ သဘောပါ။ ငွေပေးချေမှု စနစ်တို့ ဘာတို့ဆိုတာ တကယ့် ကုန်သွယ်မှု စနစ် တခုလုံးတော့ မပါဘူး” ဟု ရှင်းပြသည်။
ယခင်က နယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပြုလုပ်ရာ၌ တရုတ် ယွမ်မှာ တရားဝင် လဲလှယ်ခွင့် မရှိသဖြင့် ဒေါ်လာ အဖြစ် တဆင့် ပြောင်းပြီးမှသာ ကုန်ပစ္စည်း အရောင်းအဝယ် ပြုလုပ်ရခြင်း တို့ကြောင့် စရိတ် ပိုကုန်ခြင်း၊ လုပ်ငန်း လုပ်ကိုင် ရာတွင် အလုပ် ပိုရှုပ်ခြင်း၊ အချိန်ကုန်ခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ကုန်သည်များက ဆိုသည်။
ဦးလှဦးက “တခုတော့ ရှိတယ်။ အခုက ဖွင့်ပေးလိုက်တယ် ဆိုပေမယ့် ဥပမာ တရုတ်နဲ့ ကုန်သွယ်မှု လုပ်သမျှတော့ ဒီထဲကို ဝင်မလာနိုင်သေးဘူး။ ခန့်မှန်းခြေ ကတော့ ဘာပဲပြောပြော ၄၀ ရာခိုင်နှုန်းလောက် ကုန်သွယ်မှု ငွေတွေတော့ ဝင်လာ နိုင်တယ်။ အရင်တုန်းက ၁၀၀ ရာခိုင်နှုန်း အဆင်မပြေတာ ထက်စာရင် အခု ၄၀ ရာခိုင်နှုန်း အဆင်ပြေသွားရင် မဆိုးဘူး ပေါ့။ ကျန်တဲ့ အပိုင်းတွေ ဖြည်းဖြည်းချင်း လျှော့ရင် အဆင်ပြေမယ်လို့ ထင်တယ်” ဟု သုံးသပ် ပြောဆိုသည်။
ဗဟိုဘဏ်က ယခုကဲ့သို့ စ၍ လုပ်ဆောင်ပေးခြင်းမှာ ကောင်းမွန်ကြောင်း စတင် လုပ်ဆောင်ချိန်တွင် အခက်အခဲများ ရှိ သော်လည်း နောက်ပိုင်းတွင် ကုန်သွယ်မှုကိုလည်း အထောက်အကူ ပြုလာမည့် အနေအထားတွင် ရှိနေကြောင်း ပြည် တွင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ပြုလုပ်သည့် Invest Myanmar Summit 2019 ၌ တရုတ်၊ မကာအို လုပ်ငန်းရှင် များက မြန်မာနိုင်ငံတွင် တရုတ် ယွမ်ငွေကို လဲလှယ်ခွင့် မရကြောင်းနှင့် ဒေါ်လာကို အသစ်မှသာ လဲလှယ်ခွင့်ရကြောင်း စသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းထံ တောင်းဆိုခဲ့ရာတွင် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် ပူးပေါင်း၍ ဖြေရှင်းပေးမည်ဟု ကတိ ပေးခဲ့ပြီး နောက် ယခု ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။
ထို့ပြင် လက်ရှိ၌ တရုတ်၊ ဂျပန် နိုင်ငံများကိုလည်း ဆိုက်ရောက် ဗီဇာ ပေးထားသောကြောင့် ခရီးသွားများ ငွေကြေးလဲလှယ်ရာတွင် ပိုအဆင်ပြေလာနိုင်သည်။
ပြီးခဲ့သည့် နိုင်ငံတော် ဒု သမ္မတ ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များ တွေ့ဆုံပွဲ ၂၂ ကြိမ်မြောက်တွင်လည်း ဗဟိုဘဏ် အနေနှင့် တရုတ်ငွေ ယွမ်နှင့် ကိုရီးယားငွေ ဝမ် တို့ကို တရားဝင် ငွေလွှဲ ကောင်တာများတွင် လဲလှယ်ခွင့် ပေးရန် အတွက် UMFCCI လက်အောက်ရှိ မြန်မာ စီးပွားရေး အင်နီရှီတစ် (Myanmar Economic Initiative)၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင် က တင်ပြခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား ဝင်ရောက်မှုမှာ ၃၀ ရာခိုင်နှုန်းနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် အများ ဆုံး ဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်လည်း တရုတ်နိုင်ငံသည် လုပ်ငန်းပေါင်း ၂၉၉ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၂၀ ဒသမ ၃၅၁ ဘီလီယံနှင့် အများဆုံး ဝင်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် စာရင်းများ၌ ဖော်ပြ ထားသည်။
ထို့ပြင် ဂျပန်နိုင်ငံမှ ခရီးသွားများလည်း ဝင်ရောက်မှု တိုးလာပြီး မြန်မာနိုင်ငံ အနှံ့တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် လျက် ရှိသော သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအပြင် အခြား ဖွံ့ဖြိုးရေး စီမံကိန်းများစွာ ရှိနေသည်။