စီးပွားရေး

မြန်မာ့ အော်ဂဲနစ် ပိုးထည် ချည်ထည် ထုတ်လုပ်မှု၌ UK မှ ရင်းနှီး မြှုပ်နှံမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ အော်ဂဲနစ် ပိုးထည်နှင့် ချည်ထည် ထုတ်လုပ်မှု လုပ်ငန်းများတွင် ဗြိတိန်အပါအဝင် ယူနိုက်တက် ကင်းဒမ်း(UK)မှ အမေရိကန်ဒေါ်လာ ၁.၄ မီလီယံ ခန့် ရင်းနှီးမြှပ်နှံမှု ပြုလုပ်သွားမည်ဟု UK နိုင်ငံ တကာ ဖွံ့ဖြိုးရေးဌာန (DFID) ကသိရ သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို DFID နှင့် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ၌ အတိုင်ပင်ခံ လုပ်ငန်း လုပ်ဆောင်နေ သည့် Pragma Ventures Myanmar ၊ ဂျာမဏီ နိုင်ငံ အခြေစိုက် အော်ဂဲနစ် အထည်များ ထုတ်လုပ်သည့် Pure Sense Organics ကုမ္ပဏီ၊ ဓန Dana Facility တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ ယင်းအစီအစဉ်ကို လာမည့် ၂ နှစ်အတွင်း လုပ်ဆောင်မည်ဟု ဆိုထားသည်။

DFID ၏ အကြီးအကဲ Dr Gail Marzettiက “မြန်မာနိုင်ငံ အတွက် စီးပွားရေး ကဏ္ဍ အသစ်တခု မဟုတ်ပေမယ့် အခွင့် အလမ်းကောင်းတွေ အများကြီး ရှိပါတယ်။ အရင်က အရည်အသွေးမြင့်တဲ့ အထည်အလိပ်တွေကို ရှမ်း၊ ချင်းပြည်နယ်နဲ့ နာဂ ဒေသ အပြင် မြန်မာနိုင်ငံ တဝန်းမှာ ထုတ်လုပ် ပါတယ်။ ဒီမှာ လုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ ကျွမ်းကျင်မှု ကောင်းအောင်နဲ့ အသေးစားနဲ့ အလတ် စား လုပ်ငန်း တွေ လုပ်ကိုင်သူတွေ ဝင်ငွေ ပိုကောင်းလာအောင် ဆောင်ရွက်သွားမှာ ဖြစ် တယ်” ဟု ပြောသည်။

ယင်း စီမံကိန်းတွင် ချင်းပြည်နယ်ရှိ စိုက်ပျိုးရေး လုပ်ငန်းများမှ အစပြု၍ ပိုးထည် ထုတ်လုပ် အချော သတ်ခြင်း အထိ ပိုမို ကောင်းမွန်စေရန် ပြုလုပ်ပြီး ဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင် ပေးခြင်းနှင့် မြန်မာ့ ပိုးထုတ်ကုန်များကို နိုင်ငံ ရပ်ခြား တွင် ရောင်းချခြင်းတို့မှ တဆင့် နိုင်ငံ အတွင်း ပိုးထည် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ပိုးထည် ထုတ်လုပ်ရေး လုပ်ငန်းမှ အရည်အသွေးမြင့် ပိုးထည် ကုန်အမှတ် တံဆိပ်များ ကို ဥရောပ၊ မြောက် အမေရိကနှင့် သြစတြေးလျ နိုင်ငံတို့ရှိ အိမ်အလှဆင် ဈေးကွက်သို့ တင်ပို့ ရောင်း ချသွားမည် ဖြစ်ကြောင်း DFID က ထုတ် ပြန် ထားသည်။

ယင်း စီမံကိန်းသည် ချင်းပြည်နယ်နှင့် ရန်ကုန်မြို့တို့ရှိ ရက်ကန်း လုပ်ကိုင်သူများ အတွက် ရေရှည် ခိုင်မြဲသော အလုပ် အကိုင်များ ဖန်တီးပေးမည် ဖြစ်ပြီး ဆင်းရဲ နွမ်းပါးသော အမျိုးသမီးများ အလုပ် လုပ်ကိုင်နိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင် မည် ဖြစ်ကြောင်း Dr Gail Marzetti က ဆိုသည်။

ယင်းအပြင် ဒေသခံ ပိုးထည် လက်မှု ပညာရှင်နှင့် ရက်ကန်း လုပ်ကိုင်သူများ၏ လုပ်ငန်းကို အထောက်အကူပြုရန် အတွက် ရန်ကုန်မြို့တွင် ရက်ကန်း စတူဒီယို ၁ ခုကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကယားပြည်နယ်မှ ရိုးရာ ချည်ထည် ရက်လုပ်နေပုံ(ဧရာဝတီ)

Pragma Ventures ဒါရိုက်တာ Catherine Smith ကလည်း“မြန်မာနိုင်ငံက အရည်အသွေးမြင့် ပိုးထည် ထုတ်လုပ်ရေးမှာ တချိန် က အထင်ကရ နေရာ အဖြစ် ရပ်တည်ခဲ့တယ်။ ပြီးတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း ပိုး ထည် ထုတ်လုပ်ရေး အတွက် အကောင်းဆုံး ပံ့ပိုး ပေးထားပါတယ်။ ကျမတို့ အနေနဲ့ ဒေသခံ လက်မှု ပညာရှင်တွေနဲ့ ရက်ကန်း လုပ်ငန်းတွေ အတွက် ပြည်တွင်းဖြစ် ပိုးထည်တွေ လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

အော်ဂဲနစ် ချည်ထည်များ ထုတ်လုပ်နိုင်ရန် အတွက် ရာသီဥတုဒဏ် ခံနိုင်သော မျိုးစေ့အသစ်များ ပေးခြင်း အပြင် စိုက်ပျိုး သည့် တောင်သူများကိုလည်း အော်ဂဲနစ် စိုက်ပျိုးရေး နည်းလမ်းများ သင်ကြားပေးခြင်းများလည်း ပါဝင်မည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ အနည်းဆုံး လယ်သမား ၅၀၀ နှင့် လက်တွဲ လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည် ဟု ၎င်း က ပြောဆိုသည်။

Catherine Smith က“ဒီစီမံကိန်းဟာ အသေးစား လယ်စိုက် တောင်သူတွေဆီကနေ တဆင့် ဝယ်ယူ ထုတ်လုပ်ပြီး မြန်မာ နိုင်ငံကို အသိအမှတ်ပြု အော်ဂဲနစ် ချည်ထည် ပံ့ပိုးသူ ဖြစ်လာအောင် လုပ်ဆောင်မှာပါ”ဟု ပြောသည်။

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကပ်ခင်းပေါင်က “ကျနော်တို့ ဆီမှာက သဘာဝ အထည်ရက် လုပ်တဲ့ဟာက အများဆုံး လုပ်နိုင် တဲ့ဟာ ဖြစ်တယ်။ ယူကေ က လာပြီးမှ ကူညီမယ် ဆိုရင်တော့ အလုပ်အကိုင် ရရှိရေးရော ကျနော်တို့ ဒေသထွက် ပစ္စည်းတွေကို နိုင်ငံတကာ ပြလို့ ရမယ်” ဟု ဧရာဝတီ ကို ပြောသည်။

၎င်းက ဆက်လက်၍ “အမျိုးသမီးတွေ အလုပ်အကိုင် ရရှိရေး အတွက် အခွင့်လမ်းတွေ အများကြီး ပေါ်လာမယ်။ ဒါက ကျနော်တို့ ကျွမ်းကျင်ပြီးသား လုပ်ငန်း တခု ဖြစ်တယ်။ အရင်းအနှီး မရှိလို့သာ ကျနော်တို့ အကြီးအကျယ် မလုပ်နိုင် တာ ဆိုတော့  ဒါက အများကြီး အထောက်အကူ ပြုမှာပါ” ဟု ဆိုသည်။

လက်ရှိ ချင်းပြည်နယ်တွင် အိန္ဒိယမှ အပ်ချည်များ တင်သွင်းပြီး ချည်ထည် ထုတ်လုပ်မှုကို မြို့နယ်တိုင်း လိုလို၌ လုပ်ကိုင် လျက် ရှိပြီး တချို့မြို့နယ်တို့တွင် ပိုးထည် ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း ၎င်းက ပြောဆိုသည်။

အော်ဂဲနစ် ချည်ထည်မှာ ကမ္ဘာအနှံ့တွင် ဝယ်လိုအား များနေသော်လည်း နိုင်ငံတကာမှ ချည်ထည် ထုတ်လုပ်မှု၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်းနှင့် မြန်မာနိုင်ငံသည် အော်ဂဲနစ် ချည်ထည် ထုတ်လုပ်ရန် အနေအထားကောင်းများတွင် ရှိနေသည်ဟု DFID က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading