အရှေ့တောင်အာရှဒေသ၌ အချက်အချာကျသည့် အခြေခံအဆောက်အဦဖြစ်မြောက်ရန် တွန်းအားပေးသည့်အနေဖြင့် မလေးရှားနိုင်ငံ ရထားလမ်းပိုင်း စီမံကိန်း ကုန်ကျစရိတ်ကို ဒေါ်လာဘီလီယံ ၂၀ တန်ဖိုးမှ ထက်ဝက်လျှော့ပေးမည်ဖြစ်ကြောင်း တရုတ်က ကမ်းလှမ်းသည်ဟု သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်က ကြာသပတေးနေ့တွင် ပြောသည်။ သို့သော် မလေးရှားဝန်ကြီးများ၏ သဘောထားမှတ်ချက်များမှာ ကွဲလွဲနေကြသဖြင့် ထွက်ပေါ်လာမည့် ရလဒ်မှာ မရေမရာဖြစ်နေသည်။
အရှေ့ကမ်းရိုးတန်း ရထားလမ်းပိုင်း ချိတ်ဆက်မှု(ECRL) အခြေအနေနှင့်ပတ်သက်၍ ရှေ့နောက်မညီဖြစ်နေသည့် ပြောဆိုကြေညာချက် ၂ ခု ယခင်သီတင်းပတ်က ထွက်ပေါ်လာခဲ့သည်။ အဆိုပါစီမံကိန်းအပေါ် သဘောတူစာချုပ် ပြန်လည်ညှိနှိုင်းပေးရခြင်းသည် ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် အစိုးရအတွက် နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေး စိန်ခေါ်မှုအဖြစ် သိသာထင်ရှားစေခဲ့သည်။
အဆိုပါစီမံကိန်းအတွက် ကန်ထရိုက်တာဖြစ်သည့် တရုတ်ဆက်သွယ်မှု တည်ဆောက်ရေး ကုမ္ပဏီလီမိတက်(CCCC) က ၆၈၈ ကီလိုမီတာအရှည်ရှိ စီမံကိန်းအတွက် ကုန်ကျစရိတ် ရင်းဂစ် ၆၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၆.၃၉ ဘီလီယံ)အတွက် ထက်ဝက်မျှ လျှော့ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာသည်ဟု အဆိုပါ သတင်းက ဆိုသည်။
အတိုးနှုန်းနှင့် မြေယာဝယ်ယူမှု ကုန်ကျစရိတ်မှာ စုစုပေါင်းကုန်ကျစရိတ်၏ လက်ကျန်အဖြစ် သတ်မှတ်ပေးမည့်သဘောဖြစ်သည်။
လျှော့ဈေးဖြင့် အဆိုပြုထားသော်လည်း မဟာသီယာအစိုးရက ယခုလတွင် ထိုသဘောတူညီချက်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုကြောင်း သိရသည်။ ယင်းသတင်းရင်းမြစ်များမှာ ထိရှလွယ်သည့်အကြောင်းအရာဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်း မပြုပါ။
တရုတ်ရင်းနှီးမြှုပ်နှံနေမှုများကို ဝေဖန်သူတဦးဖြစ်သည့် မဟာသီယာက မေလတွင် အာဏာရလာပြီး ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် သဘောတူခဲ့သော တရုတ်စီမံကိန်းမှာ မျှတမှုမရှိဟု ဆို၍ ပြန်လည်ညှိရန် (သို့မဟုတ်) ဖျက်သိမ်းရန် တိုင်းပြည်ကို ကတိပြုခဲ့ပြီး အဆိုပါ ECRL ရထားလမ်း စီမံကိန်းကို ဇူလိုင်လတွင် ဆိုင်းငံ့ထားခဲ့သည်။
သို့ရာတွင် ဗုဒ္ဓဟူးနေ့၌ ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အင်းက မလေးရှားအနေဖြင့် တရုတ်နှင့် ထပ်မံဆွေးနွေးရန် စည်းရုံး ပြောကြားနေခဲ့သည်။
ထိုသို့ စီမံကိန်းစရိတ် လျှော့ပေးမည်ဟု တရုတ်ဘက်က ကမ်းလှမ်းကြောင်း သတင်းသည် စီးပွားရေးဝန်ကြီးက ၎င်းတို့အစိုးရအနေဖြင့် သဘောတူစာချုပ် ရပ်ဆိုင်းရန် ဆုံးဖြတ်ကြောင်း ပြောကြားအပြီး ရက်ပိုင်းအတွင်းနှင့် မဟာသီယာက စီမံကိန်းရပ်ခြင်းအပေါ် တရုတ်က နားလည်ပေးရန် ကြိုးပမ်းနေကြောင်းသိရပြီး တရက်အကြာ၌ ထွက်ပေါ်လာခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ပတ်သက်ကြသည့် မလေးရှားအစိုးရ တာဝန်ရှိသူ အရေအတွက်မှာ များပြားလွန်းနေသဖြင့် အရှုပ်အထွေးပေါ်ပေါက်နေကြောင်းလည်း အဆိုပါသတင်းရင်းမြစ်များက ဆိုကြောင်း သိရသည်။
မလေးရှား ဘဏ္ဍာရေးဝန်ကြီးဌာနအပြင် တရုတ်ကုမ္ပဏီ CCCC နှင့် ၎င်း၏ပြည်တွင်းမိတ်ဖက် မလေးရှားမီးရထားလုပ်ငန်း(MRL) တို့ကလည်း ၎င်းတို့အဆိုပြုချက်ကို မဟာသီယာ၏ နှစ်ရှည်လများအကြံပေးဖြစ်နေသူ ဒိန်ဇိမ်းအူဒင်ထံသို့ တင်ပြခဲ့ကြသည်။
မဟာသီယာ အာဏာရလာပြီးနောက် မရှေးမနှောင်းမှာပင် ယခုဖျက်သိမ်းပြီးဖြစ်သည့် အကြံပေးကောင်စီတွင် ဒိန်ဇိမ်းအူဒင်က ဦးဆောင်ခဲ့သည်။ ၎င်း၏ ရုံးက သဘောထားမှတ်ချက် မပေးပါ။
မလေးရှား ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စုံစမ်းမေးမြန်းမှုများကို ဝန်ကြီးချုပ်ရုံးသို့ မေးရန် ပြောခဲ့သော်လည်း ဝန်ကြီးချုပ်ရုံးက မေးခွန်းများကို လတ်တလောဖြေကြားပေးခြင်း မရှိသေးပေ။ မလေးရှား မီးရထားလုပ်ငန်း(MRL) နှင့် တရုတ်ကုမ္ပဏီ(CCCC) တို့ကလည်း သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။
ဘေဂျင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဂန်ရှောင်က ယခု ရက်သတ္တပတ်တွင် ပြောကြားရာ၌ “စီမံကိန်း ဖျက်သိမ်းသည့်သတင်းကို ၎င်းအနေဖြင့် တွေ့ပြီးဖြစ်သော်လည်း အတိအကျ မသိရသေးကြောင်း” ဆိုသည်။
“ကျနော်သိထားသလောက်ကတော့ ဒီစီမံကိန်းက တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးရှိမှုနဲ့ သဘောတူတည်ဆောက်ရေးတွေ အခြေခံထားတဲ့ ဈေးကွက်စည်းမျဉ်းတွေအရ နှစ်ဘက်စလုံးက ကုမ္ပဏီတွေ ကျေနပ်လက်ခံထားမှုအပေါ် မူတည်ပါတယ်” ဟု ၎င်းက ပြောသည်။
ဗုဒ္ဓဟူးနေ့က မလေးရှားအစိုးရအဖွဲ့က အဆိုပါစီမံကိန်းအပေါ် သဘောထားမှတ်ချက်ပေးနေခြင်း ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြပြီး မဟာသီယာ ကိုင်တွယ်မည့်ကိစ္စအဖြစ် မှတ်ယူလိုက်ကြသည်။
တိုင်းပြည်ကို နှစ်ပေါင်း ၆၀ အုပ်ချုပ်ခဲ့သည့် ဘာရီစန် အမျိုးသားမဟာမိတ်အဖွဲ့(နာဂျစ်၏ နိုင်ငံရေးအဖွဲ့)ကို တရုတ်နှင့် မိတ်ဖက်ဖြစ်နိုင်ချေ မရှိသည့် မဟာသီယာ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရက ရွေးကောက်ပွဲဖြင့် အနိုင်ရခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံ ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။
“ဖက်ဒရယ်အစိုးရထဲမှာ အတွေ့အကြုံ သိပ်မရှိတဲ့ မတူကွဲပြားတဲ့ ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ထားတာဆိုတော့ လွယ်ကူတဲ့ တာဝန်တော့ မဟုတ်ပါဘူး” ဟု Bower Group Asia မှ မလေးရှားပြည်သူ့ရေးရာမူဝါဒအတိုင်ပင်ခံဖြစ်သူ အေဒစ်ဇဲကာပါလီက ပြောသည်။ ““ပြီးတော့ ပါတီတခုစီကနေ မလေးရှားအစိုးရသစ်ထဲမှာ နိုင်ငံခြားရေးမူဝါဒနဲ့ ကွဲပြားခြားနားတဲ့စိတ်ကူးတွေ ရှိကောင်းရှိနိုင်ပါတယ်”ဟုလည်း ဆိုသည်။
အဆိုပါရထားလမ်းစီမံကိန်းကို နာဂျစ်အစိုးရလက်ထက်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွန်းအားကြောင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။ နာဂျစ်အစိုးရသည် ဧရာမဘဏ္ဍာရေးအရှုပ်တော်ပုံကြောင့် ဆယ်စုနှစ်တခုနီးပါး အာဏာရနေရာမှ ရွေးကောက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။
ကုန်ကျစရိတ် အလွန်ကြီးမားခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် စွန့်စားလုပ်ကိုင်ရခြင်းတို့သည် မလေးရှားနိုင်ငံအပေါ် မသက်သာလှသည့် ဧရာမကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပိစေနိုင်ပြီး အဆိုပါစီမံကိန်းက နာဂျစ်အစိုးရအရှုပ်တော်ပုံကို ပုံဖော်နေသည့်ပမာ ပေါ်ပေါက်လာခဲ့သည်။
တချိန်တည်းမှာပင် မဟာသီယာအပါအဝင် အတိုက်အခံများက နာဂျစ်သည် မလေးရှား၏အချုပ်အခြားအာဏာကို တရုတ်ထံ ရောင်းစားကြောင်း အပြစ်တင် စွပ်စွဲခဲ့ကြသည်။
ကိုးကား ။ ။ Reuters, Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန် – တရုတ် ရထားလမ်း စီမံကိန်း မလေးရှား တကယ် ဖျက်မှာလား