မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့သောလ နှောင်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။ နှစ်ရက်ကြာ ထိုထိပ်သီးဆွေးနွေးပွဲတွင် ပြည်နယ်နှင့်တိုင်း ဆယ်ခုရှိ အမေရိကန်ဒေါ်လာ ၃ ဘီလျံ (ကျပ် ၄.၅ ထရီလျံ) တန် စီမံကိန်း ၁၂၀ ကို ပြသခဲ့သည်။
ထိုအခမ်းအနား ဒုတိယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းက အရှေ့တောင် အာရှ၏ နောက်ဆုံးနှင့် အကောင်းဆုံး စီးပွားရေး စစ်မျက်နှာတွင် မည်သည့်အတွက် ရင်းနှီးမြှုပ်နှံသင့်သည်ကို နိုင်ငံတကာ ဧည့်သည်များအား ရှင်းပြဆွေးနွေးသည်။ အစိုးရသည် ၂ နှစ်ကျော်ကြာ နှေးကွေးနေသော စီးပွားရေးကို ပြန်လည် ရှင်သန်စေရန် ကြိုးစားနေသည်။
“မြန်မာနိုင်ငံဟာ စီးပွားရေးအတွက် တံခါးဖွင့်ထားပြီး လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်နေတယ်” ဟု ဦးသောင်းထွန်းက ပြောသည်။
ဆယ်စုနှစ် ၅ ခုကျော်ကြာ စစ်အုပ်ချုပ်ရေးအပြီးတွင် စီးပွားရေးသည် ထောင်တက်မည်ဟု မျှော်လင့်ခဲ့သည့် လက်ရှိအစိုးရခေတ်တွင် မြန်မာငွေကြေးအင်အား ပျော့ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း၊ လက်နက်ကိုင် ပဋိပက္ခ၊ မူဝါဒ မတည်ငြိမ်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှု နှေးကွေးခြင်း တို့သည် စီးပွားရေး တိုးတက်မှုနှုန်းကို ကျဆင်းစေခဲ့သည်။
အစိုးရ၏ အရှေ့ဘက်သို့ မျက်နှာမူသော မူဝါဒအရ အစိုးရ အရာရှိများသည် အာရှတခွင်လှည့်လည်ပြီး မြန်မာ့ စီးပွားရေးကို အားတက်ဖွယ်ရာ ပြောကြားခဲ့သည်။ ယခုကျင်းပသော အခမ်းအနားသည်လည်း အရှေ့အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သည့် အားထုတ်မှုလည်းဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၆၀၀ ကျော် တက်ရောက်ကြပြီး ကုမ္ပဏီ ၄၀ ကျော်က ခင်းကျင်းပြသကြသည်။
ထိပ်တန်းနိုင်ငံများမှာ တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်းတို့ဖြစ်သည်။ ဝန်ကြီးက ရင်းနှီးမြှုပ်နှံသူများကို ပြောသော စကားများအနက် မှတ်သားစရာ ၄ ခုမှာ အောက်ပါတို့ ဖြစ်သည်။
အဓိက ပြုပြင်ပြောင်းလဲရေးများ
ဥပဒေမူဘောင်များ ပြင်ဆင်ခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများ ဖယ်ရှားပေးခြင်းနှင့် ကုမ္ပဏီများကို အွန်လိုင်းမှ မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်း စသည့် မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်နှီးမြှုပ်နှံမှု ဆွဲဆောင်ရန် အစိုးရက လက်ရှိ အချိန်အထိ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးများကို ဦးသောင်းထွန်းက တင်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်လွယ်မှု အညွှန်းကိန်းကို ဦးသောင်းထွန်းက မေးခွန်းထုတ်သည်။ ထိုအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဘဲ၊ ယခင်နှစ်ကအတိုင်း ၁၇၁ တွင်သာ ရှိနေသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ အများကြီး ပိုလွယ်အောင်လို့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အရေးပါတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တယ်လို့ ကျနော်ပြောနိုင်တယ်” ဟု ဝန်ကြီးက ပြောသည်။
အဓိက ပြုပြင်ပြောင်းလဲရေး နှစ်ခုဖြစ်သော Standard operation procedures နှင့် Single window system များ ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံသူများကို သူက အာမခံ ပြောကြားသည်။ Standard operation procedures ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အဆင့်ဆင့် လွယ်ကူမည်ဖြစ်ပြီး Single window စနစ်သည် ကုန်သည်များနှင့် အာဏာပိုင်များ ရှင်းလင်းမှု ပြုလုပ်ရာတွင်နှင့် ခွင့်ပြုချက် ရယူရာတွင် အချိန်နှင့် ကုန်ကျစရိတ် သက်သာစေရန် ဆောင်ရွက်ပေးမည့် စနစ်ဖြစ်ကြောင်း သူက ပြောသည်။
ရင်းနှီးမြှုပ်နှံသူများကို မြေရရှိနိုင်မှုနှင့် မြေငှားရမ်းမှုဆိုင်ရာ သတင်းအချက်အလက်များ ပေးမည့် ဒစ်ဂျစ်တယ် စနစ် ဖြစ်သော “Land Bank” စနစ်ကို စတင်မိတ်ဆက်ရန် အစိုးရက လုပ်ဆောင်နေကြောင်းလည်း သူက ရှင်းပြသည်။
“ပိုမို ပွင့်လင်းမြင်သာမှု ရှိလာမယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် မျှတတဲ့အခြေအနေကို ပွင့်လင်းမြင်သာမှုက ဖန်တီးပေးလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် အသက်နှင့် အသက်မဟုတ်သော အာမခံ လုပ်ငန်းဆောင်ရွက်လိုသော ပြည်ပကုမ္ပဏီခွင့်ပြုသည့် ဗဟိုဘဏ်၏ မကြာသေးမီက လုပ်ဆောင်မှုကိုလည်း ဦးသောင်းထွန်းက ထည့်သွင်း ပြောကြားသွားသည်။
လာမည့် နှစ်ပေါင်း ၂၀ အတွင်း
ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်သိသော အရည်အချင်းမီ စီးပွားရေးလုပ်ငန်း အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ဖိုး ဆွဲဆောင်ရန် မြန်မာရင်းနှီးမြှုပ်နှံမှု စီမံကိန်း (Myanmar Investment Promotion Plan – MIPP) ကို အစိုးရက လွန်ခဲ့သော နှစ်က စတင်ခဲ့သည်။
ယခုနှစ်အတွက် ဦးစားပေးမှာ MIPP ကိုအာရုံစိုက်ရေး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သို့သော် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၇-၁၈ ခုနှစ်က ၆.၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်းသို့ အနည်းငယ် ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ယခုနှစ်အတွက် အစိုးရက အဓိက ထားသောအချက်မှာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် စီးပွားရေးကို ပိုမိုလျှင်မြန်စွာ ဖွင့်ပေးရေးဖြစ်ကြောင်း ဦးသောင်းထွန်းက အလေးထား ပြောသည်။
“ကျနော်တို့ဟာ ခုန်ပျံကျော်လွှားရုံတင် မဟုတ်ဘူး၊ အကြီးအကျယ် တိုးတက်ပြောင်းလဲမှု ရှိလာမယ်” ဟု သူက ဆိုသည်။
အဓိက စိန်ခေါ်မှုများ
ကမ္ဘာ့အခြေခံ အဆောက်အအုံဆိုင်ရာအမြင် Global Infrastructure Outlook အစီရင်ခံစာအရ မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အဓိက စိန်ခေါ်မှုမှာ အခြေခံအဆောက်အအုံ အကြီးအကျယ် လိုအပ်နေခြင်းဖြစ်ပြီး စာရင်းတွင် ဖော်ပြထားသည့် နိုင်ငံ ၅၀ တွင် အဆိုးဆုံး ဖြစ်နေသည်။ မြန်မာနိုင်ငံသည် အခြေခံအဆောက်အအုံ ဒေါ်လာ ၁၁၂ ဘီလျံဖိုး လိုအပ်နေသည်။
အခြေခံ အဆောက်အအုံသည် လက်ရှိအစိုးရ ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်ကို သူသိကြောင်း ဦးသောင်းထွန်းက ပြောသည်။ ကမ္ဘာ့အရေးအပါဆုံး ထွန်းသစ်စ ဈေးကွက်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများ အကြားတွင် တည်ရှိသော သေနင်္ဂဗျူဟာကျသည့် အနေအထားကို အကျိုးရှိအောင် အသုံးချလိုကြောင်း သူက ဆက်ပြောသည်။
ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းကို အသုံးချရန် သူက တိုက်တွန်းသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု လမ်းတခုအစီအစဉ် (BRI) တွင် အဓိက နေရာမှ ပါဝင်နေကြောင်း သူက ပြောသည်။
“BRI ကိုကြည့်လိုက်ရင် မြန်မာနိုင်ငံက အားလုံးရဲ့ အလယ်မှာ ရောက်နေတယ်။ ရေကြောင်းပိုးလမ်းမကြီးက မြန်မာကို မဖြတ်လို့ မရဘူး” ဟု သူက ဆိုသည်။
BRI စီမံကိန်းများမှ နိုင်ငံအားလုံး အကျိုးခံစားရမည်ဟု ယုံကြည်သောကြောင့် တရုတ်နိုင်ငံ သြဇာကြီးထွားလာခြင်းကို အတားအဆီး တခုအဖြစ် မမြင်သင့်ကြောင်းလည်း ဦးသောင်းထွန်းက ပြောသည်။ သူ၏ အစိုးရသည် ကီလိုမီတာ ၁၇၀၀ ရှည်သော တရုတ်မြန်မာ စီးပွားရေးစြင်္ကန် အကောင်အထည်ဖော်ရေး သဘောတူညီချက်ကို စက်တင်ဘာလက လက်မှတ် ရေးထိုးခဲ့သည်။ ထိုစီးပွားရေး စြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး မြို့ကြီးများ ဖြစ်သည့် နိုင်ငံအလယ်ပိုင်းမှ မန္တလေးနှင့် စီးပွားရေးမြို့တော် ရန်ကုန်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိပ်ကမ်းအထိ ရောက်သည်။
“ကျနော်တို့က ထိပ်တိုက်တွေ့တာထက် ပူးပေါင်း ဆောင်ရွက်တာပဲ လုပ်နိုင်တယ်။ ဒါဟာ ဒေသတွင်းမှာသာမက၊ တကမ္ဘာလုံး တိုးတက်မှုကို အထောက်အကူ ပြုတယ်” ဟု ဦးသောင်းထွန်းက ပြောသည်။ BRI မြန်မာနိုင်ငံသည် အာရှ သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်လာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး
နိုင်ငံတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ပြည်သူလူထုက စိုးရိမ်သော်လည်း ရိုဟင်ဂျာ အကျပ်အတည်းနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များသည် မြန်မာနိုင်ငံကို တရုတ်လက်အတွင်း ပြန်လည်တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်သူများက ပြောသည်။
သို့သော် ဦးသောင်းထွန်းက “ကျနော်တို့က အားလုံးနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်” ဟု ဆိုသည်။ ၎င်းက မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ဥပမာအဖြစ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ကိုးကား ပြောဆိုသည်။
ထိုစီမံကိန်းသည် BRI အရ တရုတ်နိုင်ငံကို ဒေသတွင်း ဆက်သွယ်မှု တိုးတက်စေရန် ဘင်္ဂလားပင်လယ်အော်ကို အသုံးပြုခွင့် ပေးသော စီမံကိန်းဖြစ်သည်။ တခြား ဥပမာတခုမှာ အိန္ဒိယနိုင်ငံနှင့် ပူးတွဲ အကောင်အထည်ဖော်သော ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး ကြားခံ စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းဖြစ်သော ကာလ်ကတ္တားနှင့် ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များကို ဖြတ်သန်း ဆက်သွယ်သော စီမံကိန်းဖြစ်သည်။
“ကျနော်တို့အားလုံးက လူသားအားလုံးအတွက် လုပ်နေတာ။ ဒါကြောင့် တရုတ်ဖြစ်ဖြစ်၊ အိန္ဒိယဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ် ဖြစ်ဖြစ်၊ ထိုင်းဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်ရန်လို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် အရေးပါသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။ သို့သော် နိုင်ငံ၏ ပုံရိပ်ကို လွန်စွာထိခိုက်စေသော ၂၀၁၇ ရိုဟင်ဂျာ အကျပ်အတည်းနောက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းပြီး အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံကို လွန်စွာ သတိထားလာသည်။ ရခိုင်ပြည်နယ် အကျပ်အတည်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိရေးအတွက် ပြဿနာ ဖြစ်လာသည်။
အားလုံးလက်ခံနိုင်သော အဖြေကို မြန်မာအစိုးရက ရှာရန် ကြိုးစားနေကြောင်း ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံသူများကို ထပ်မံ အာမခံထားသည်။ အစိုးရသည် ကွယ်လွန်သူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ အစီရင်ခံစာကို အကောင်အထည် ဖော်နေသည်ဟု သူက ပြောသည်။
“ကျနော်တို့က ရေတိုမဟုတ်ဘူး၊ ရေရှည်အဖြေရှာဖို့လိုတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးက လွှမ်းခြုံမယ်။ အသိုင်းအဝန်း အားလုံး သဟဇာတရှိရှိ ငြိမ်းချမ်းစွာနေမယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် အထောက်အထားမဲ့ နေထိုင်သူ များစွာရှိကြောင်း၊ ဆင်းရဲနွမ်းပါးကြောင်း၊ အလုပ်အကိုင်မရှိကြောင်း နိုင်ငံအနေဖြင့် ထိုပြဿနာများကို ကိုင်တွယ်ရန်လိုကြောင်း သူက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒကို လက်မခံကြောင်းလည်း သူက ပြောသည်။
“ဒါကြောင့်မို့လို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ရေရှည် အလုပ်အကိုင်ရရှိရေးအတွက် အဖြေရှာဖို့ မြန်မာနိုင်ငံနဲ့ အတူလုပ်ဖို့ ကျနော်ပြောနေတာ” ဟုလည်း ၎င်းက ဆိုသည်။
အစိုးရသည် ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၁ -၂၂ ရက်နေ့များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသေးစားလုပ်ငန်းများ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေကြောင်း သူက ပြောသည်။
ဆန့်ကျင်သော ပြဿနာများကိုသာ အာရုံစိုက်ခြင်းသည် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ရခိုင်ပြည်နယ်အခြေအနေကို ပိုမို ဆိုးရွားစေမည်ဟု ဦးသောင်းထွန်းက မှတ်ချက်ပြုသည်။
ရခိုင်ပြဿနာကို ဖြေရှင်းရန် သက်ဆိုင်သူအားလုံး အတူ လုပ်ဆောင်ရမည်ဟု သူကပြောပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ၎င်းက ပြောကြား တိုက်တွန်းလိုက်သည်။
“အခုအချိန်ဟာ သဟဇာတဖြစ်ဖို့ အားလုံး ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ပါ။ ရခိုင်ပြည်နယ်မှာ ပြဿနာရှိတယ်ထင်ရင် တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရမှာပါ။ အခြေအနေ ပြောင်းလဲအောင် လုပ်ဆောင်ပေးမှာပါ” ဟု သူက ပြောသည်။
(Nan Lwin ၏ Government’s Message to Investors: Myanmar Open for Business ကို ဘာသာပြန်ဆိုသည်။)