အတွင်းဝန်ရုံးတွင် ဝိုင်နှင့်အရက် အပါအဝင် အစားအသောက်များ ရောင်းချမည့် ၂ ရက်ကြာ ညဈေးပွဲတော်နှင့် ဂီတ အစီအစဉ်ကို ယခုလအတွင်း ကျင်းပရန် စီစဉ်ခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းအရ အရေးအပါဆုံး အဆောက်အအုံများ အနက် တခုကို ကျက်သရေ ကင်းမဲ့စေသည်ဟု ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး မဟာဈေးပွဲတော် ဆိုသော ထိုပွဲတော်ကို Signature ညဈေး စီစဉ်ရေး ကုမ္ပဏီ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA) နှင့် SY အုပ်စုတို့က ဖေဖော်ဝါရီလ ၁၁ နှင့် ၁၂ (ပြည်ထောင်စုနေ့) တွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။
ကိုလိုနီခေတ်နိဂုံးအဖြစ် ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချသည့် ၁၉၄၈ ခုနှစ်ဇန်နဝါရီလက မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်လပ်ရေးနေ့ကို အတွင်းဝန်ရုံးအတွင်း ကျင်းပခဲ့သောကြောင့် ထိုအဆောက်အအုံသည် သမိုင်းအရ လွန်စွာ အရေးပါသည်။
ထိုထက် ပိုမိုအရေးပါသည်မှာ အတွင်းဝန်ရုံး၏ အနောက်ဖက် အဆောင်တွင် မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ကို ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးပြိုင်ဘက်များက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ပေါင်းများစွာ ကြာသောအခါ ထိုအဆောက်အအုံကို အာဇာနည်နေ့၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည် များကို အများပြည်သူ ဂုဏ်ပြုနိုရန်အတွက် ဖွင့်လှစ်ပေးသည်။

ပွဲစီစဉ်သူများသည် ထူးခြားသော ဖြစ်ရပ်များဖြစ်ပွားခဲ့သည့် ထိုအရေးပါသော အဆောက်အအုံ၏ ထူးခြားသော သမိုင်းကို လျစ်လျှူရှုကာ အပျော်အပါး ဖျော်ဖြေမှုများ ကျင်းပခြင်းဖြင့် မလေးမစားလုပ်သည်ဟု ဝေဖန်သူများက ပြောနေသည်။ တိုင်းပြည်၏ လွတ်လပ်ရေးသူရဲကောင်းများ လုပ်ကြံခံရသည့်နေရာကို မလေးမစား လုပ်သည်ဟု ပြည်သူများက လူမှုကွန်ရက် Facebook တွင် ရေးသားကြသည်။
“ကျနော်တို့ အာဇာနည်တွေ လုပ်ကြံခံရတဲ့နေရာဟာ အပျော်အပါး လုပ်တဲ့နေရာ မဖြစ်သင့်လို့ ဒီပွဲကို လုံးဝ လက်မခံနိုင်ဘူး” ဟု Facebook သုံးသူတဦးက ဝေဖန်ရေးသားသည်။
ပွဲစီစဉ်သူများ၏ ကြေညာချက်အရ နိုဗိုတယ် ဟိုတယ်၊ ပါ့ခ် ရွိုင်ရယ်ဟိုတယ်နှင့် ဟာ့ဒ်ရော့ခ်ကဖေးတို့သည် ပွဲတော်တွင် ပါဝင်မည်ဖြစ်ပြီး ကယ်လီဖိုးနီးယားဝိုင်၊ အီတလီဝိုင်နှင့် ချိစ် အမျိုးမျိုးတို့ကို ရောင်းချမည်ဖြစ်သည်။ မြန်မာ့ရိုးရာ အစားအစာ များနှင့် ခေါင်ရည်ကိုလည်း ရောင်းချမည် ဖြစ်သည်။ ဟာ့ဒ်ရော့ခ်ကဖေးမှ ရော့ခ်ဂီတဝိုင်း တခုနှင့် ကျော်ကြားသော ပြည်တွင်း အဆိုရှင် R ဇာနည်က ဖျော်ဖြေမည်ဖြစ်ပြီး မြန်မာ့ရိုးရာအကများနှင့် ရုပ်သေးပွဲများလည်း ပါဝင်မည်ဟု သိရသည်။
ပြည်သူများက ပွဲတော်၏ ရည်ရွယ်ချက်ကို နားလည်မှု လွဲခြင်းဖြစ်ကြောင်း ပွဲစီစဉ်သော အဖွဲ့တခုဖြစ်သည့် Signature ၏ ပြောခွင့်ရသူတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီပွဲရဲ့ ရည်ရွယ်ချက်က အမေရိကန်နဲ့ မြန်မာ ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ အတွင်းဝန်ရုံးရဲ့ လှပတဲ့ည ရှုခင်းကို ပြသဖို့ပဲ” ဟု အမည်မဖော်ပြရန် မေတ္တာရပ်ခံသော ထိုပြောခွင့်ရသူက ဆိုသည်။

“ဝေဖန်တာတွေရှိလို့ ပွဲအစီအစဉ် မပြောင်းဘူး။ အစိုးရအဆင့်ဆင့် ခွင့်ပြုချက်ရထားပြီးပြီ။ အပြောင်းအလဲ မလုပ်တော့ဘူး” ဟုလည်း သူက ဆက်ပြောသည်။
ထိုပွဲတော်သည် လူထုကို ဒေါသထွက်စေသည့် အတွင်းဝန်ရုံးဝင်းအတွင်း ကျင်းပသော ပထမဆုံး အစီအစဉ်မဟုတ်ပေ။
ဗိုလ်ချုပ်ဟောင်း တဦး၏ သမီးသည် အတွင်းဝန်ရုံး ဝင်းအတွင်း ၂၀၁၅ ခုနှစ်က မွေးနေ့ပွဲ ကျင်းပသောကြောင့် လွန်စွာ မသင့်တော်ကြောင်း လူထုက အပြင်းအထန် ဝေဖန်ခဲ့ဖူးသည်။
လက်ရှိ အချိန်တွင် အတွင်းဝန်ရုံးကို ပန်းချီပြခန်းများ၊ လက်မှုပညာ အလုပ်ရုံများ၊ အခမ်းအနား ကျင်းပရန်နေရာများ၊ အမှတ်တရ ပစ္စည်းဆိုင်များနှင့် ယဉ်ကျေးမှု ပြပွဲများ ကျင်းပရန်နေရာအဖြစ် ပြန်လည်မွမ်းမံနေသည်။ အတွင်းဝန်ရုံးကို ပြန်လည် မွမ်းမံရန် အစိုးရက ၂၀၁၂ ခုနှစ်တွင် အဏ္ဏဝါ အနုပညာ အုပ်စုကို ရွေးချယ်ခဲ့သည်။
ရန်ကုန် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (YHT) သည် ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများနှင့် အဆောက်အအုံ အသုံးပြုရေးတို့အတွက် နည်းပညာလေ့လာရန် အဏ္ဏဝါနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။
ညဈေးပွဲတော် အစီအစဉ်ကို YHT ကလည်း ဆန့်ကျင်သည်။
“ဒီအဆောက်အအုံဟာ သမိုင်းဝင် အဆောက်အအုံဖြစ်လို့ ကျမတို့လည်း ပြည်သူတွေ ခံစားသလို ခံစားရပြီး ဒီလို အပျော်အပါးတွေ ဒီနေရာမှာ မလုပ်သင့်ဘူးလို့ ထင်တယ်။ ကျမတို့ သိထားတာက ဒီအဆောက်အအုံကို အနုပညာ ပြတိုက်လုပ်ဖို့ ပြင်ဆင်မွမ်းမံနေတယ်၊ အဲဒါက ကောင်းတယ်။ သောက်ကြ စားကြ ဂီတပွဲ ကျင်းပတာတော့ မသင့်တော် ဘူးပေါ့” ဟု YHT ဒါရိုက်တာနှင့် ဒုဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်ပြောသည်။
(Lwin Mar Htun ၏ Outrage Over Plan to Hold ‘NightFest’ at Yangon’s Secretariat ကို ဘာသာပြန်ဆိုသည်။)