စီးပွားရေး

ပုဂံနဲ့ အန်ကောဝပ် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲနိုင်ရန် ညှိနှိုင်းနေ

ယူနက်စကိုစာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ကိုယ်စီရှိကြသည့် ပုဂံမြို့နှင့် စီယမ်ရိပ်မြို့တို့ကို တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရေး ဖြစ်နိုင်ချေကို ကမ္ဘောဒီးယားနှင့်မြန်မာတို့ ယခင်သီတင်းပတ်က ဆွေးနွေးခဲ့ကြသည်။

အဆိုပါလေကြောင်းလိုင်းအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကမ္ဘောဒီးယားအစိုးရ ဒုတိယဝန်ကြီးချုပ် ပရတ်ဆော့ဟွန်တို့သည် နေပြည်တော်၌ ကျင်းပသည့် ကမ္ဘောဒီးယား-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဒုတိယအကြိမ်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်အရ သိရသည်။

“နှစ်နိုင်ငံစလုံးသို့ ကမ္ဘာလှည့်ခရီးသွားဦးရေ တိုးတက်လာရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ရေး ပိုမိုတိုးမြင့်လာစေရေး ပုဂံမြို့နှင့် စီအမ်ရိပ်မြို့တို့ကို ဆက်သွယ်ပြေးဆွဲပေးမည့် တိုက်ရိုက်လေကြောင်းလိုင်းများအတွက် ဖြစ်နိုင်ချေကို နှစ်ဖက်ဆွေးနွေးညှိခဲ့ကြောင်း” အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် “အန်ကော-ပုဂံ” (သို့မဟုတ်) ရှေးဟောင်းမြို့နှစ်မြို့” အမည်ရှိ အစီအစဉ်တိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံက သဘောတူ လက်ခံသည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဦးရေ ၆ ဒဿမ ၂ မီလီယံ လာရောက်ခဲ့ပြီး မြန်မာသို့ ၃ ဒဿမ ၅ မီလီယံ လာရောက်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ

Loading