စီးပွားရေး

ငွေကြေး လိမ်လည်မှုနှင့် Red dot ကုမ္ပဏီကို တရားစွဲရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

အီလက်ထရွန်နစ် ဖုန်းဘေလ် ဖြည့်သွင်းခြင်း ဝန်ဆောင်မှု လုပ်နေသော Red dot ကုမ္ပဏီကို ငွေကြေး လိမ်လည်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကိုယ်စားလှယ်များထံက သတင်း ရရှိသည်။

ဖေဖော်ဝါရီလ ၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီး လမ်းရှိ York center တွင် ဖွင့်လှစ်ထားသော Red dot ကုမ္ပဏီ ရုံးခန်းနှင့် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် အစရှိသည့် တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားသော ရုံးခန်း များကို တပြိုင်တည်း ပိတ်သိမ်း၍ တိမ်းရှောင်နေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

ပဲခူးမြို့နယ် One way မိုလ်ဘိုင်းဖုန်း အရောင်းဆိုင် ပိုင်ရှင် ကိုဇင်ကိုကိုလွင်က “ပဲခူးက ကျနော် သိသလောက် ကိုယ်စား လှယ်တွေ လိုက်စုနေတယ်။ အခု သုံးယောက်တော့ ရပြီ။ ညနေကျရင် ရှေ့နေနဲ့ သေချာတိုင်ပင်မယ်။ သူကတော့ ငွေ ကြေးလိမ်လည်မှု နဲ့ စွဲလို့တော့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Red dot စက်များမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ စတင်၍ ဖုန်းငွေဖြည့်ရာတွင် အဆင်မပြေမှုများ ဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင် ဝန်ဆောင်မှုမှာ လုံးဝ ရပ်တန့်သွားခဲ့သည်ဟု ကိုယ်စားလှယ်များက ပြောဆိုသည်။

ထိုသို့ အဆင်မပြေမှုများ စဖြစ်ချိန်ကတည်းက ကိုယ်စားလှယ် တချို့မှာ သွားရောက်ပြီး စက်ပြန်အပ်ခြင်း၊ ငွေပြန်ထုတ် ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း လူတိုင်း ငွေပြန်မရရှိခဲ့ကြောင်း ယခုအချိန်တွင် လုံးဝ ရုံးခန်း ပိတ်သိမ်း၍ ထွက်ပြေး တိမ်း ရှောင်နေကြောင်း သိရသည်။

Red dot ကုမ္ပဏီ ရုံးရှေ့၌ Red dot ပိတ်သွားကြောင်းနှင့် ဆက်သွယ် မေးမြန်းရန် ဖုန်းနံပါတ်တခုအား ဆိုင်းဘုတ် ထောင် ၍ ရေးသားထားသည်။

ကုမ္ပဏီ ပိတ်သိမ်းကာ တိမ်းရှောင်သွားသည့် အတွက် လက်တွဲ ဆောင်ရွက်နေသော အရောင်း ကိုယ်စားလှယ်များ အနေ နှင့် ငွေကြေး နစ်နာမှုများ ရှိခဲ့သဖြင့် ဥပဒေ အရ တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

စက်ဖိုး ကုန်ကျစရိတ်မှာ ၅၀၀၀၀ ကျပ် ဖြစ်ပြီး စက်အတွင်း ငွေကျပ် ၆၀၀၀၀ ခန့်မှ ငွေကျပ် သိန်းပေါင်းများစွာ အထိ ထည့် သွင်းရ သဖြင့် ဆုံးရှုံးသူများမှာ တဦးလျှင် ကျပ်သောင်း ဂဏန်းမှ ကျပ်သိန်းဂဏန်း အထိ ဆုံးရှုံးမှု ရှိပြီး တနိုင်ငံလုံး အတိုင်း အတာ အနေနှင့် လူဦးရေ ၂ သောင်းကျော် ငွေကျပ် သိန်းသောင်းနှင့် ချီ၍ နစ်နာခဲ့ရကြောင်း ကိုယ်စားလှယ်များက ပြော ဆိုသည်။

လက်ရှိတွင် အရောင်း ကိုယ်စားလှယ်များက Red dot အရောင်း ကိုယ်စားလှယ်များ Group ဖွင့်၍ ဆုံးရှုံးမှုများကို တိုင် ကြားရန် ဆွေးနွေးနေသော်လည်း မည်ကဲ့သို့ တိုင်ကြားရမည် မသိ ဖြစ်နေခြင်းကြောင့် အခက်ကြုံနေသည်ဟုလည်း မန္တလေးမြို့မှ အရောင်း ကိုယ်စားလှယ် ကိုစိုးမင်းသက် က ပြောသည်။

မြောက်ဒဂုံမြို့နယ် ရှိ ဦးသန့်ဇင်က“ကျနော် လွန်ခဲ့တဲ့ ခြောက်လလောက်က စလုပ်တာ ဖြစ်တယ်။ အက်ပလီကေးရှင်းနဲ့ အွန်လိုင်း ဖုန်းဘေလ် ရောင်းတာ။ Network error ဖြစ်သွားတယ် ဆိုပြီးတော့ ကျနော်တို့ သုံးလို့ မရတော့ဘူး။ သုံးလ လောက်ရှိပြီ။ အဲဒါနဲ့ တောက်လျှောက် ကွန်ပလိန်းလုပ်တော့ ပြင်နေပြီ ရမှာပါလို့ ပြောတယ်။ မနေ့ကမှ တခြား တယောက်ကနေ လာပြောတာ။ ရုံးကတော့ ပိတ်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ ဆိုတော့မှ သိတာ”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက“တနိုင်ငံလုံး အနှံ့ဆိုရင် လူဦးရေ သောင်းနဲ့ ချီတော့ တယောက်ကို ကျပ် ၁ သိန်းလောက်နဲ့ ထား။ ကျပ်သိန်းသောင်းနဲ့ ချီတယ်။ ပြည်သူတွေ အကျိုးစီးပွား ကာကွယ်ဖို့ အတွက် ဘယ်လို လုပ်ရမလဲ ဆိုတာ စဉ်းစားနေ တယ်။ ကျနော်က ဦးဆောင်ပြီး တိုင်မယ်လို့ စီစဉ်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Red Dot ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၌ ကုမ္ပဏီ စတင် ထူထောင်ခဲ့ကာ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည် ပတ်လုပ်ခဲ့ပြီး ကိုယ်စားလှယ် ၂ သောင်းကျော် ရှိသည်။
Red Dot ကုမ္ပဏီ၏ အဓိက မိတ်ဖက်များမှာ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သည့် အော်ရီဒူး၊ တယ်လီနော၊ MPTနှင့် Mytel တို့ ဖြစ်ကြပြီး အခြား မိတ်ဖက်များ အဖြစ် viber ၊ Ananda ၊ iflix ၊ Viu နှင့် ဘဏ်အချို့လည်း ပါဝင် ကြောင်း သိရသည်။

စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက “Red dot နဲ့ ပတ်သက်လို့ တိုင်ကြားထားတာတော့ အများကြီးပဲ။ ဒါပေမယ့် ကျနော်တို့ ဒီ Red dot ပြဿနာကို ခွဲခြမ်း စိတ်ဖြာကြည့်တဲ့ အခါ စားသုံးသူ နစ်နာမှု မဟုတ်ဘူးဗျ။ သူက စီးပွားရေး ကတိကဝတ် ဖောက်ဖျက်မှု ဖြစ်နေတယ်။ အဲဒီတော့ တိုင်စာတွေကို အမှုဖွင့်ပါလို့ပဲ အကြံပေး ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကုမ္ပဏီ ပိတ်၍ ထွက်ပြေးတာက ရာဇဝတ်မှု ဖြစ်နေကြောင်း ယင်းအတွက် စားသုံးသူ ရေးရာ ဌာနအနေနှင့် တိုက်ရိုက် ဖြေရှင်းနိုင်ခြင်း မရှိကြောင်း၊ တိုင်ကြားထားသည့် သူများအတွက် သဘောထားများကို ပြန်လည် ဖြေကြားပေးလျက် ရှိကြောင်း ၎င်းက ပြောသည်။

Red Dot ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)ရုံးတွင် Myanmar Red dot network limited နာမည်နှင့် နိုင်ငံခြားသား ပုဂ္ဂလိပိုင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ကုမ္ပဏီ ဒါရိုက်တာများ အနေနှင့် အိုင်ယာလန် နိုင်ငံသား John Nagle နှင့် နယ်သာလန် နိုင်ငံသား Wouter De Jong တို့ဖြစ်ကြောင်း DICA ရုံး ကုမ္ပဏီ မှတ်ပုံတင် စာရင်းတွင် ဖော်ပြထားသည်။

DICA ညွှန်ကြားရေးမှူး ဦးမျိုးမင်းက “ဒါက ကုမ္ပဏီ ဥပဒေကို ဖောက်ဖျက်တာမှ မဟုတ်တာ။ ဥပမာ-ယာဉ်မောင်း လိုင်စင် မရှိဘဲ ကားမောင်းတယ်။ ယာဉ်တိုက်မှု ဖြစ်တယ် ဆိုရင် အမှု ၂ မှုဖြစ်တယ်။ ဒီကိစ္စတော့ ကုမ္ပဏီ မှတ်ပုံတင် ဥပဒေအရ အရေးယူဖို့ မရှိဘူး။ သူတို့မှာ စာချုပ်စာတမ်းတွေ ရှိမယ်။ ဒါတွေနဲ့ တရားစွဲပေါ့” ဟု ပြောသည်။

အဆိုပါ Red Dot ကုမ္ပဏီသည် အီလက်ထ ရွန်နစ်ဘီလ်ဖြည့်သွင်းခြင်း ဝန်ဆောင်မှု အပြင် မီတာဘီလ်ပေးဆောင်ခြင်းနှင့် ဗေဒင်ကဲ့သို့သော ဝန်ဆောင်မှုများအတွက် Red Dot Pay ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading