မြန်မာနိုင်ငံ ဗဟိုဘဏ်က လာမည့် ၂ လ အတွင်း တရားမဝင် ငွေလွှဲ လုပ်ငန်းများ (ဟွန်ဒီ) ကို တရားဝင် ငွေလွှဲ လုပ်ငန်း လိုင်စင်များ ထုတ်ပေးရန် စီစဉ်နေကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ပြောသည်။
“ကျနော်တို့ ဟွန်ဒီနဲ့ ပတ်သက်လို့ လိုင်စင် စည်းမျည်းတွေ ပြင်ဆင်ပြီး သွားပါပြီ။ အဓိကအားဖြင့် ကျနော်တို့ အနေနဲ့ သတိ ထားရမှာက ဘယ်မြို့ ဘယ်နယ်မှာ ပိုက်ဆံတွေ စုစုပြီးတော့ ထွက်ပြေးသွားတယ် ဆိုတာမျိုး မဖြစ်ရလေအောင် သူတို့ကို Security deposit (အာမခံကြေး) ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေး လည်ပတ်နေတဲ့ငွေကို ကျနော်တို့ နေ့စဉ်နဲ့ အမျှ စိစစ်ဖို့၊ လိုအပ်တာနဲ့ သူတို့ရဲ့ Deposit ကို တိုးသွားဖို့ တာဝန်ယူဖို့ အထိ ကျနော်တို့ လုပ်ထား ပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဟွန်ဒီ လုပ်ငန်းများကို လိုင်စင် ထုတ်ပေးရာတွင် သင်တန်းများပေးခြင်း၊ လိုအပ်သော ကြီးကြပ်မှုများ ဆောင် ရွက် ခြင်း အစရှိသည် တို့ကို ဗဟိုဘဏ်က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ဖေဖော်ဝါရီလ ၆ ရက်က မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
၎င်းက ဆက်လက်၍“မကြာခင်မှာ ထုတ်ပြန်ပြီး လုပ်ပါမယ်။ မှတ်ပုံတင်တာ ဈေးမကြီးပေမယ့် စည်းတခု ချိုးဖောက်ရင် တော့ တော်တော်လေး ဒဏ်ရိုက်ဖို့ ရှိပါတယ်။ ဒ့ါအပြင် တရားမဝင် ငွေကြေးများကို တိုက်ဖျက်ပြီး ပြင်းထန်တဲ့ အရေး ယူမှုတွေ လုပ်ဖို့ ရှိပါတယ်”ဟုလည်း ပြောသည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဘဏ်လုပ်ငန်း ပြင်ပတွင် စီးဆင်းနေသည့် ငွေများသည် တဦးချင်း ငွေလွှဲသည့် သူများထက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၏ ငွေများ ဖြစ်နေသောကြောင့်လည်း ယင်းငွေများကို ထိန်းချုပ်ရန်နှင့် တရားဝင် ပြည် တွင်း သို့ ဝင်လာစေရန် အတွက်လည်း ဟွန်ဒီ လုပ်ငန်းများကို လိုင်စင်ပေးခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ဦးဘိုဘိုငယ်က“အဓိကတော့ ဘဏ်လုပ်ငန်း ပြင်ပမှာ စီးဆင်းနေတဲ့ ငွေတွေ ဟွန်ဒီပေါ့နော် ဒါတွေက ပို့ကုန်၊ သွင်းကုန် သမားတွေဆီက စီးဆင်းနေတဲ့ ငွေတွေ ဖြစ်တယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“ကျနော်တို့ Plan ကို သေချာလုပ်တဲ့ အခါမှာ ဘာတွေ့ရလဲ ဆိုတော့ ပြည်ပမှာ ထွက်ပြီး ထိုင်နေတဲ့ ကျနော်တို့ရဲ့ ပို့ကုန်များရဲ့ ငွေက ဘီလီယံနဲ့ ချီရှိပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ပို့ကုန်ငွေ အနေနဲ့ ပြန်ဝင်လာ အောင် သွင်းကုန် ဆိုရင်လည်း သွင်းကုန် အနေနဲ့ ပြန်ဝင်လာအောင် စစ်ဆေးပြီး တိတိကျကျရအောင် ဒီ ၂၀၁၉ ခုနှစ် အတွင်းမှာ လုပ်ဖို့ ရှိတယ်”ဟု ဆိုသည်။
ယင်း ပို့ကုန်၊သွင်းကုန် လုပ်ငန်းများမှ တရားမဝင် ငွေလွဲှနေသော ငွေကြေးများကို ထိန်းချုပ်ရန် အတွက် ဗဟိုဘဏ် အနေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ အကောက်ခွန် ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး လက် အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တို့နှင့် ပူးပေါင်းပြီး တရားဝင်ပြည်တွင်းသို့ ဝင်ရောက်လာစေရန် စီစဉ် ဆောင် ရွက်ခြင်းလည်း ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ရှင်းပြသည်။
လက်ရှိ ဘဏ်လုပ်ငန်း စနစ်တွင် တရားဝင် စီးဆင်းနေသည့် ငွေကြေးမှာ နည်းနေပြီး ပြည်ပသို့ တရားမဝင် ထွက်နေသော ငွေကြေးမှာ များနေသဖြင့် နိုင်ငံတကာ၏ အမြင်တွင် မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်း ပြင်ပ စီးဆင်းနေသော ငွေများက ကြီးစိုးမှု ရှိနေသည်ဆိုသည့် အမြင်မျိုးကို ဖြစ်စေကြောင်း၊ သို့ဖြစ်၍ ဟွန်ဒီ လုပ်ငန်းများကို တရားဝင် လိုင်စင်များ မကြာခင် ထုတ်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ် က သိရသည်။
နိုင်ငံခြား ငွေလဲလုပ်ငန်းများ အတွက် ဗဟိုဘဏ်က လိုင်စင် ချထားပေးသော်လည်း လက်ရှိ အချိန်အထိ ငွေလွဲှ လုပ်ငန်း များကို လိုင်စင် ချထားပေးခြင်း မရှိသဖြင့် ပြည်တွင်း လုပ်ငန်းရှင်များက တောင်းဆိုမှုများလည်း ရှိနေသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဦးလှဦးက“ငွေလွှဲ ခွင့်ပြုမယ်ဆိုတဲ့ အပိုင်းက တခုတော့ ရှိတယ်။ သူက ငွေလွှဲတဲ့ အလျောက် ပမာဏ သတ်မှတ်တာလေးတွေ ရှိမယ် ထင်တယ်။ ဥပမာ Money changer ကို ဒေါ်လာ ၁၀ သိန်း တို့ ၁၅ သိန်းတို့ ခွင့်ပြု ချင်မှ ခွင့်ပြုမယ်။ နိုင်ငံခြား လုပ်နေတဲ့ အနေအထား ကြည့်တာတော့ သောင်းဂဏန်းလောက် ခွင့်ပြုတာတွေ ရှိတယ်။ ဗဟို ဘဏ် ပြုပြင် ပြောင်းလဲပေးမှုကတော့ ပုံမှန်ပါတယ်။ အကောင်းဘက်ကို ဦးတည်ပါတယ်။ ရှိသမျှ ကုန်သွယ်မှု အားလုံး တော့ ဒီထဲကို မဝင်နိုင်သေးဘူး”ဟု ပြောသည်။
လူတဦး တပတ်လျှင် နိုင်ငံခြားငွေ ပမာဏ အမေရိကန် ဒေါ်လာ ၁ သောင်း ဗဟိုဘဏ်က လွှဲခွင့်ပြုထားသည်။
လက်ရှိ ပြည်ပသို့ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် အစိုးရပိုင်ဘဏ် ၃ ဘဏ်၊ နိုင်ငံခြား ဘဏ်ခွဲ ၁၃ ဘဏ်၊ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် ယင်း ပုဂ္ဂလိကဘဏ်များထဲမှ ၁၃ ဘဏ်သည် ပြည်ပ ငွေလွှဲ လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုထား ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဖေဖော်ဝါရီ ၄ ရက်၌ ပြည်သူ့ လွှတ်တော်တွင် ပြောကြားသွားသည်။