ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ရင်နှီးမြှုပ်နှံမှုပွဲတော်ကို ထောက်ခံပြီး ရခိုင်ပြည်နယ်မှ ရင်းနှီးမြှုပ်နံှမှု အခွင့်အလမ်းများကို စဉ်းစားရန် ဂျပန် ရင်းနှီးမြှုပ်နှံသူများကို အားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်၏ စီးပွားတိုးတက်ရေးကို မြှင့်တင်ပေးမည့် ဂျပန်နိုင်ငံ၏ အစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထုတ်ဖော် ပြောကြားလိုက်သည်။
ရိုဟင်ဂျာ အကျပ်အတည်းနှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၏ ဂုဏ်သတင်း ညှိုးမှိန်နေသော်လည်း အစိုးရသည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အပြင်းအထန် ရှာဖွေနေသည်။
ရခိုင်ပြည်နယ်သည် စီးပွားရေးအတွက် တကမ္ဘာလုံးသို့ တံခါးဖွင့်ထားသည်ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်နှင့် ရခိုင်ပြည်နယ် အစိုးရတို့သည် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန် ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) တို့နှင့် ပူးပေါင်းကာ ပထမဆုံးအကြိမ် ဂျပန်ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည်။
ရခိုင် ရင်းနှီးမြှုပ်နှံမှု ပွဲတော်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသေးစား အလတ်စား လုပ်ငန်းများ (SME) စသည့် နယ်ပယ် ၃ ခုကို အဓိကထား လုပ်ဆောင်မည် ဖြစ်သည်။
“ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့ နည်းလမ်း ရှာဖွေနေတယ်။ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အလားအလာ ကောင်းတဲ့ ကဏ္ဍတွေကိုလည်း ကျနော်တို့ မိတ်ဆက်ပေးချင်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အီချီရို မာရူယာမက ဖေဖော်ဝါရီလ ၇ ရက်နေ့က သူ၏ နေအိမ်တွင် ပြောသည်။
ဂျပန်အစိုးရသည် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကို ကူညီမြှင့်တင်လိုကြောင်းနှင့် ပြည်နယ်အစိုးရနှင့် ဂျပန် ရင်းနှီး မြှုပ်နှံသူများ အကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
“ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်ရင် အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လို အားပေးလို့ ရမယ်ဆိုတာကို ကျနော်တို့ နည်းလမ်းရှာနေတယ်။ ဒါကအဓိကပဲ” ဟု သူက ရှင်းပြသည်။
ရခိုင်ပြည်နယ် အစိုးရသည် ဇန်နဝါရီလ နှောင်းပိုင်းက နေပြည်တော်တွင် ကျင်းပသော မြန်မာနိုင်ငံ၏ ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှု ပွဲတော်တွင် ပါဝင်ခဲ့ပြီး ပြည်နယ်အတွင်း အဓိကဦးစားပေး စီမံကိန်း ၆ ခုကို ပြသခဲ့သည်။
ထိုစီမံကိန်းများတွင် စစ်တွေမြို့နယ်ရှိ ဆိပ်ကမ်းတခု၊ ကုန်သွယ်ရေးဇုန် တခု၊ လူနေတိုက်ခန်းများ၊ ဈေးဝယ်စင်တာ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းဇုန်တို့ ပါဝင်သော ကျေးတော်-မင်းဂန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြောက်ဦးတွင် လေဆိပ်သစ် တည်ဆောက်ရေး၊ သံတွဲရှိ ငပလီလေဆိပ် အဆင့်မြှင့်တင်ရေး၊ မြန်အောင်ကျွန်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတခု၊ စစ်တွေရှိ ပုဏ္ဏားကျွန်းတွင် စက်မှုစီမံကိန်းနှင့် မြောက်ဦးမြို့သစ် စီမံကိန်းတို့ ပါဝင်သည်။
ရခိုင်ပြည်နယ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် သယံဇာတ ကြွယ်ဝသည့် အနောက်ဖက် ကမ်းခြေတွင် တည်ရှိ သော်လည်း မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည်။ ရခိုင်ပြည်နယ်မှပြည်သူ ၆၉ ရာခိုင်နှုန်းသည် ဆင်းရဲ နွမ်းပါးကြပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများလည်း မရရှိကာ အခြေခံ အဆောက်အအုံ ညံ့ဖျင်းခြင်း၊ အလုပ်လက်မဲ့ များခြင်း၊ နိမ့်ကျသော လူနေမှုဘဝ၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အကူ ကင်းမဲ့ခြင်းတို့ဖြင့် နေထိုင်ကြရသည်။
လတ်တလော ပြည်နယ် အနောက်ဖက်ကမ်းခြေတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကြီးမားသော အခြေခံ အဆောက်အအုံ စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်ကုမ္ပဏီများ ရှိနေသည်။
ဂျပန် ရင်းနှီးမြှုပ်နှံသူများသည် ရခိုင်ပြည်နယ်မှ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကို လေ့လာနေသော်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ဂျပန်သံအမတ်က ပြောသည်။ ပြည်နယ် အစိုးရသည် ရင်းနှီးမြှုပ်နှံမှု အသေးစိတ်များကို ဆွေးနွေးရန် ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံရေးအတွက် စီစဉ်ထားသည်။
ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအထိ သယ်ဆောင်သည့် အချက်အခြာနေရာတွင် ရခိုင်ပြည်နယ် တည်ရှိသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အကျပ်အတည်းကို အစိုးရက ကိုင်တွယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝန်း၏ ပြစ်တင်ဝေဖန်မှုများ အကြားတွင် တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ် နိုဝင်ဘာလက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထို ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ လမ်းပွင့်သွားစေပြီး ရပ်ဝန်းတခု လမ်းတခု အစီအစဉ် (BRI) အရ ဒေသတွင်း ဆက်သွယ်မှု မြှင့်တင်သည့် စီမံကိန်းလည်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၆ ခုနှစ်တွင် အာဏာရပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်။ သို့သော် တိုင်းပြည်ပုံရိပ်ကို လွန်စွာထိခိုက်စေသော ၂၀၁၇ ရိုဟင်ဂျာ အကျပ်အတည်း နောက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းပြီး အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအပေါ် ပိုမို သတိထား လာကြသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် လွန်ခဲ့သောနှစ်က သိသိသာသာ ကျဆင်းပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး ဖြစ်လာသည်။ ရခိုပြည်နယ်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာတွင် အထူး ပြဿနာရှိသော ပြည်နယ် ဖြစ်လာသည်။
ရခိုင်ပြည်နယ်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာတွင် အဓိက စိန်ခေါ်မှုများမှာ အခြေခံအဆောက်အအုံ ညံ့ဖျင်းခြင်းနှင့် လုံခြုံရေး ပြဿနာများဖြစ်ကြောင်း ဂျပန်သံအမတ်က ပြောသည်။ သို့သော် သူ၏ အစိုးရသည် ရခိုင်ပြည်နယ် အခြေခံ အဆောက်အအုံ တိုးတက်ရေး၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးနှင့် လမ်းများ ပိုမိုကောင်းမွန်ရေးအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရန် စဉ်းစားနေကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့ အကောင်းဆုံးကြိုးစားမယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှ စတင်ပြီး ရိုဟင်ဂျာ အကျပ်အတည်းတွင် ကြားဝင်စေ့စပ်သူအခန်းမှ ပါဝင်လာပြီး ရခိုင်ပြည်နယ် ပြဿနာများ ဖြေရှင်းရေးတွင် မြန်မာအစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လာသည်။ အောက်တိုဘာလက ဂျပန်ခရီးစဉ် အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနှင့် ကျန်နိုင်ငံများအကြား တင်းမာမှု မြင့်မားနေချိန်တွင် ဂျပန်နိုင်ငံ၏ နားလည်ပေးမှုနှင့် အကူအညီကို ချီးကျူးခဲ့သည်။
“စီးပွားရေး တိုးတက်မှုရှိရင် ပဋိပက္ခတွေ ရှိတော့မှာမဟုတ်ဘူးလို့ ကျနော် ယုံကြည်တယ်” ဟု ဂျပန် သံအမတ်က ပြောသည်။
နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ ထိပ်သီးဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အပြစ်တင် အရှက်ခွဲနေမည့် အစား ရခိုပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် အပြင်းအထန် တိုက်တွန်းသည်။ ရခိုင်ပြည်နယ်ပြဿနာသည် မြို့နယ် ၁၇ ခုအနက် ၃ ခုတွင်သာ ဖြစ်နေသည်ဟု ရိုဟင်ဂျာ အကျပ်အတည်းကို ရည်ညွှန်းကာ ၎င်းက ပြောဆိုလိုက်ပြီး ကျန်နေရာများသည် ရင်းနှီးမြှုပ်နှံရန် လုံခြုံသည်ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရသည်လည်း ပဋိပက္ခမရှိသော ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် အားထုတ် နေသည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
ယခုတပတ် အစောပိုင်းကလည်း ရန်ကုန်ရှိ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်၊ ဥရောပ၊ အီတလီ၊ ဂျာမန်၊ ပြင်သစ် ကုန်သည်ကြီးများအသင်း ၇ သင်းပါ အုပ်စုက မြန်မာနိုင်ငံအတွက် FDI ပိုမိုတောင်းဆိုသော အိတ်ဖွင့်ပေးစာ ထုတ်ပြန်သဖြင့် FDI သည် မြန်မာ့ အသွင်ကူးပြောင်းရေးတွင် အရေးပါကြောင်း ပြသနေသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ် ၅ ခုကြာ အထီးကျန်ခဲ့ကြောင်း၊ လွန်ခဲ့သော ၆ နှစ်ကမှသာ စီးပွားရေး လုပ်ငန်းများအတွက် တံခါးပွင့်လာကြောင်း၊ အထီးကျန်ကာလ ရှည်ကြာသောကြောင့် ခေတ်သစ် ကုန်သွယ်ရေး လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စီးပွားရေးကို သွေးသစ်လောင်းရန် လိုကြောင်း ထိုစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အများအပြားတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များစွာရှိသည်ဟုလည်း ထိုစာက ဆိုသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စတွေအတွက် တချို့ နိုင်ငံတွေက အစိုးရကို အပြစ်တင်တယ်။ ဒါပေမယ့် ဂျပန်အပါအဝင် နိုင်ငံ အများစုက မြန်မာနိုင်ငံ စီးပွားရေး တိုးတက်တာ၊ ရှည်ကြာတဲ့ ငြိမ်းချမ်းရေးရတာ၊ ငြိမ်းချမ်းတဲ့အသွင် ကူးပြောင်းမှုဖြစ်တာကို မြင်လိုကြတယ်။ ပဋိပက္ခရှိတာ ကျနော်နားလည်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် အနာဂတ်မှာ စီးပွား တိုးတက်ရေးကိုလည်း ကျနော်တို့ ကြည့်ဖို့လိုတယ်” ဟု ဂျပန် သံအမတ်က ပြောသည်။
(Nan Lwin ၏ Japan to Take Leading Role in Pushing FDI in Rakhine ကို ဘာသာပြန်ဆိုသည်။)