မကြာသေးမီက တရုတ်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်လာစဉ်အတွင်း တင်ရှိထားသော ကြွေးမြီများ ပြန်လည်လျှော့ချပေးရန် ဘေဂျင်းနှင့် ညှိနှိုင်းနိုင်ရေးအတွက် မော်လ်ဒိုက်နိုင်ငံ အစိုးရက ကြိုးပမ်းခဲ့ကြောင်း Financial Times စီးပွားရေး သတင်းစာအဆိုအရ သိရသည်။
ယခင်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့သော ကန်ထရိုက်စာချုပ်များ တန်ဖိုးသည် အဂတိလိုက်စားမှု အကြီးအကျယ်ရှိခဲ့၍ ဖောင်းပွ နေခဲ့ကြောင်း မော်လ်ဒိုက် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားထားသည်။
“ဒါက တမင်ကျူးလွန်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုပါ။ အရင်အစိုးရက ကန်ထရိုက်တာတွေဆီက ဖြတ်စား လာဘ်စားနဲ့ သူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ကောင်းကောင်း သိပါတယ်။ အဲဒါကြောင့် အခု ကန်ထရိုက်ကြေးတွေ မတန်မဆ ဖြစ်နေရတာပါ” ဟု အီဘရာဟင် အန်မီယာက Financial Times သို့ ပြောသည်။
သမ္မတသက်တမ်း ၅ နှစ်အတွင်း တရုတ်ငွေကြေးဖြင့် စီမံကိန်းများကို တရှိန်ထိုးလုပ်ကိုင်ခဲ့သူ အဗ္ဗဒူလာရာမန် တယောက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မစ္စတာအန်မီယာက အစိုးရသစ်၏ အစိတ်အပိုင်းအဖြစ် ပြီးခဲ့သည့်နိုဝင်ဘာလက တာဝန်ယူခဲ့သည်။
တရုတ် ကျောထောက်နောက်ခံ ပေးထားသော စီမံကိန်းများ လက်ခံရေးအတွက် အကျင့်ပျက်ခြစားမှုများ အကန့်အသတ်မရှိ ဖြစ်ပွားခဲ့ကြောင်း စွပ်စွဲနေသည့် အချိန်ဝယ် မစ္စတာအေမီယန်က တင်ရှိနေခဲ့သော ကြွေးမြီ အမြောက်အမြားကို ချပြလိုက်ခြင်း ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် မကင်းသည့် ကန်ထရိုက် စာချုပ်များအတွက် လျှော့ပေါ့ပေးရန် မာလီ (မော်လဒိုက်) အစိုးရအနေဖြင့် ဘေဂျင်းနှင့် ညှိနှိုင်းရန်အပြင်၊ အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလကိုပါ ပြင်ဆင်သတ်မှတ်ရေး ကြိုးပမ်း နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီလို ကန်ထရိုက် နှုန်းထားတွေအတိုင်း ပေးဆပ်နိုင်ဖို့ ကျနော်တို့ဆီမှာ ဘဏ္ဍာရေးအင်အား မတောင့်တင်းပါဘူး။ ဒါကြောင့် ကျနော်တို့ အတိုးနှုန်းတွေ ပြန်ညှိဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျိုးကြောင်းဆီလျော်၍ ပွင့်လင်းမြင်သာသော ကန်ထရိုက်စာချုပ် အသုံးအနှုန်းများဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မော်လဒိုက်က ဆက်လက် တံခါးဖွင့်ကြောင်း ဝန်ကြီးက အလေးပေး ပြောကြားခဲ့သည်။
ယခု မာလီ၏ ရပ်တည်ချက်အသစ်က Belt & Road Initiate (BRI) နှင့် ပတ်သက်၍ တရုတ်စိုးရိမ်မှုကို ထပ်ဆောင်း လိုက်ခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံက ဒေါ်လာဘီလီယံ ၂၀ တန် ရထားလမ်းပိုင်း ပြန်ညှိရေးနှင့် ဘေဂျင်း ကျောထောက်နောက်ခံဖြင့် စွမ်းအင်ပိုက်လိုင်း စီမံကိန်း ၃ ခု ဖျက်သိမ်းရေး လုပ်ဆောင်ခဲ့ပြီး မရှေးမနှောင်းမှာပင် ယခုမာလီ၏ ရပ်တည်ချက်အသစ်က ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင်လည်း အင်မရန်ခန်း အစိုးရသစ်က ယခင်အစိုးရ လက်ထက်က BRI ခေါင်းစဉ်အောက်တွင် သဘော တူခဲ့မှုများအား ပြန်လည် စေ့စပ်ညှိနှိုင်းရန် မျှော်လင့်နေသည်။ အလားတူ မြန်မာနိုင်ငံကလည်း တရုတ် ကျောထောက်ခံရှိသော ရေအားလျှပ်စစ်ဆည်တမံ ပြန်လည်စတင်ရန် အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မော်လဒိုက်နိုင်ငံ၏ လိုအပ်ချက်များ ဖွံ့ဖြိုးစေရန် စေတနာဖြင့် မော်လဒိုက်နိုင်ငံရှိ စီမံကိန်းများကို နည်းပါးသော ဈေးကွက်နှုန်းထားဖြင့် ထုတ်ချေးခဲ့ခြင်း ဖြစ်ကြောင်း တရုတ်က ပြောသည်။
“သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ဆွေးနွေး ဆုံးဖြတ်တဲ့လုပ်ငန်းစဉ်မှာ တရုတ်နဲ့မော်လ်ဒိုက်တို့ဟာ ကြွေးမြီ ပုံမှန် ပြန်ဆပ်နိုင်စွမ်းလို အချက်အလက်တွေ အပေါ်မှာ အပြည့်အ၀ စူးစိုက်ခဲ့ကြပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ကြေညာချက်တစောင်တွင် Financial Times သို့ ပြောကြားထားသည်။
မစ္စတာရာမန်ထံသို့ သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။ မစ္စတာရာမန် လက်ထက်က အရပ်ဘက် လွတ်လပ်ခွင့်ကိစ္စဖြင့် အနောက်အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးအဖုအထစ် ရှိခဲ့သည့်အချိန်တွင် မာလီကို တိုင်းပြည်၏ တိုးတက်လာသော လူဦးရေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် မြို့တော်အဆင့်မြှင့်တင် တည်ဆောက်ရေးအတွက် တရုတ်ကျောထောက်ခံဖြင့် စီမံကိန်း အလုံးအရင်းကို လက်ခံခဲ့သည်။
မဟာဗျူဟာ အချက်အချာကျသည့် မော်လဒိုက်နိုင်ငံတွင် တရုတ်အကျိုးအမြတ် သွားရောက်ထားရှိခြင်းမှာ မာလီ၏ ရေပိုင်နက်သည် ဗြိတိန် (အင်္ဂလန်ကျွန်း) ၏ ၃ ဆမျှ ရှိနေပြီး တရုတ်နှင့် ဥရောပတိုက်အကြား ပင်လယ်ကူးသင်္ဘော လမ်းကြောင်း ဆက်စပ်လျက် အကျယ်ပြန့်ဆုံး တည်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း အကဲခတ်သမားများက ဆက်စပ် သုံးသပ်ကြသည်။
မော်လဒိုက်နိုင်ငံ ဗဟိုဘဏ်၏အဆိုအရ အစိုးရထံတွင် တရုတ်ထံသို့ လတ်တလော တင်ရှိနေသော ကြွေးမြီမှာ နိုင်ငံတကာ လေဆိပ်တိုးချဲ့ရေး ဘဏ္ဍာငွေ ဒေါ်လာ ၃၇၅ သန်းအပါအဝင် စုစုပေါင်း ဒေါ်လာသန်း ၆၀၀ ဖြစ်ကြောင်း သိရသည်။
မော်လဒိုက်ရှိ နိုင်ငံတော်က အာမခံပေးထားသော အများပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများထံသို့ ပေးရန်ရှိသည့် ချေးငွေမှာ ဒေါ်လာ ၉၃၅ သန်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန အချက်အလက်များက ဆိုသည်။ ယင်းတန်ဖိုးတွင် Hulhumale လူလုပ်ကျွန်း၌ အိမ်ယာ တည်ဆောက်ရေးအတွက် ဒေါ်လာ ၅၄၈ သန်း ပါဝင်ပြီး ဒေါ်လာ ၁၂၇.၅ သန်းမှာ မစ္စတာရာမန်နှင့်နီးစပ်သည့် ဟိုတယ် ခရီးသွား လုပ်ငန်းရှင်တဦးထံမှ ချေးငွေဖြစ်သည်။
သမ္မတအီဘရာဟင် ဆိုလစ်၏ အကြံပေးနှင့် မော်လဒိုက် ဒီမိုကရက်တစ်ပါတီ ခေါင်းဆာင် မိုဟာမက်နက်ရှိက ပြောကြား ရာတွင် တရုတ်ကြွေးမြီမှာ လက်ရှိအစိုးရအတွက် အပြည့်အ၀ တင်ရှိနေဆဲဖြစ်ကြောင်း၊ ယင်းကြွေးမြီပမာဏမှာ မော်လဒိုက်နိုင်ငံ၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ချိုး၂ ချိုးကျော်နှင့် ညီမျှသော ဒေါ်လာ ၃ ဘီလီယံအထိ မြင့်တက်နေကြောင်း ဆိုသည်။ မော်လ်ဒိုက် GDP မှာ ၂၀၁၇ ခုနှစ်က ၄ ဒသမ ၉ ဘီလီယံရှိသည်။