ပြည်တွင်း ပဲတင်ပို့ ရောင်းချမှုတွင် အိန္ဒိယ ဈေးကွက်အစား ပြောင်းလဲ တင်ပို့နိုင်ရန် တရုတ်နှင့် ထိုင်ဝမ် ဈေးကွက်သစ်များ ရှာဖွေသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင်စု ဒု ဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ဦးအောင်ထူးက“အိန္ဒိယမှာ ပဲအထွက်က တော်တော် ကောင်းနေတယ်။ တန်ချိန် ၂၅ သန်းလောက် တန်ချိန် ၃၀ လောက် ထွက်နေတယ်။ သူတို့ရဲ့ စာရင်းဇယား သဘောအရ ကြည့်မယ်ဆိုရင် မဝယ်ဖို့တော့ နည်းနည်း ပိုများတဲ့ သဘော ရှိတယ်။ ဒါ့ကြောင့် အခု နောက်ပိုင်း တရုတ် နယ်စပ် ကုန်သွယ်ရေးတွေကို စလုပ် ကြည့်တယ်။ ထောပတ်ပဲ၊ စတော်ပဲ ဒါတွေ ဈေး ကွက်ရှိတာ တွေ့တယ်”ဟု ဖေဖော်ဝါရီလ ၁၀ ရက်က မီဒီယာများသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“အရင်ကတော့ ယူနန်ဘက်က ဈေးကွက်ကို ကျနော်တို့ ရှာတယ်။ အခုကတော့ ယူနန် အလွန်ပေါ့ နော်၊ တရုတ်နိုင်ငံ အရှေ့ဘက်က ပြည်နယ်တွေ၊ မြောက်ဘက်က ပြည်နယ်တွေ ချိတ်ဆက်ဖို့ လုပ်နေတယ်။ အခု လော လောဆယ် မှာ တရုတ်၊ ထိုင်ဝမ် ဈေးကွက် ရှာနေတယ်။ တခြား ဈေးကွက်တွေလည်း ကျနော်တို့ ရှာဦးမယ်”ဟု ပြောဆို သည်။
အဆိုပါ ဈေးကွက် ရှာဖွေရှာတွင် တရုတ်ဘက်မှ ထောပတ်ပဲနှင့် စတော်ပဲ အစရှိသည့် ပဲဈေးကွက်များကို တွေ့ရှိရသော ကြောင့် မကြာခင် စီးပွား/ကူးသန်းမှ ပဲအထူးအဖွဲ့ ဖွဲ့စည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်ထူးက“ဥပမာအားဖြင့် တရုတ်ဘက်ကဆိုရင် ပဲထောပတ် ပိုဝယ်လာတယ်။ မတ်ပဲတို့ ပဲစင်းငုံတို့ စိုက်တာ နည်းနည်း လျှော့ပြီးတော့ အဲဒီပဲကို စိုက်ဖို့ပေါ့နော်။ ပဲတီစိမ်းကတော့ ဥရောပ၊ ဂျပန်၊ တကမ္ဘာလုံးကို ရောင်းလို့ ရတယ်။ မကြာခင် ပဲအထူးပြု လုပ်ငန်း အထူး အစည်းအဝေး လုပ်ပါမယ်”ဟု ပြောသည်။
ယခုလ အတွင်း၌ အိန္ဒိယနိုင်ငံသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် သွားရောက်ရာတွင်လည်း ပဲကိစ္စကို ဆက်လက် ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ ၎င်းတို့ ဆိပ်ကမ်းရောက် ကုန်ပစ္စည်းများကို အကောက်ခွန် ရှင်းလင်းခြင်း ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်ကြောင့် ပုံမှန်ဝယ်ယူနေသော အိန္ဒိယ ဝယ်လက်များမှာ လက်ရှိတွင် ရပ်နေခြင်း ဖြစ် ကြောင်း ပဲကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက “ပဲစင်းငုံက ထွက်တဲ့ ပမာဏနည်းတော့ ဈေးနှုန်း သိပ်မထိခိုက် နိုင်ပေမယ့် မတ်ပဲကျတော့ ဈေးနှုန်း ထိခိုက်မှု စတွေ့ရတယ်။ တောင်သူက ပေါ်ခါနီးနေပြီ ဈေးနှုန်း မတည်ငြိမ်ဘူး ဆိုတော့ တကယ်တမ်း စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအတွက် မကောင်းဘူး။ ဒါကို အခု သတိထားပြီး ကြည့်နေရတဲ့ အခြေအနေ ဖြစ်တယ်” ဟု လက်ရှိ ပဲဈေးကွက် အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် ပြည်တွင်း၌ ပဲလက်ကျန် အနေနှင့် ပဲစင်းငုံ တန်ချိန် ၆ သောင်းဝန်းကျင်နှင့် မတ်ပဲ တန်ချိန် ၁ သိန်းခွဲခန့် လက်ကျန် ရှိနေပြီး ပဲစင်းငုံနှင့် ပဲတီစိမ်းမှာ စတင်၍ ပဲအသစ်များ ပေါ်နေပြီ ဖြစ်ကာ မတ်ပဲမှာ ယခုလကုန်ပိုင်းတွင် စတင် ပေါ်လာမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဦးမင်းကိုဦးက “အခုက G to G အိန္ဒိယနဲ့ မြန်မာပြောဆိုနေတဲ့ ကတိတခု ရှိတယ်။ ဒါလည်း မြန်မြန် ဆန်ဆန်ဖြစ်အောင် ကြိုးစားဖို့ ဒါမှမဟုတ်လည်း သီးသန့် ခွဲတမ်း မြန်မာနိုင်ငံ အတွက် တောင်းဆိုပေးဖို့ရယ် စီးပွား/ကူးသန်း ကို ပြောဖို့ရှိ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ပသို့ ပဲတင်ပို့ရာတွင် အိန္ဒိယ နိုင်ငံကိုသာ အဓိက အားထားနေရသောကြောင့် တဖက်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲ မတည်ငြိမ်မှုကို သတိထား၍ စောင့်ကြည့်နေရသည့် အခြေအနေ ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးကျော်ခင်က ပြောဆိုသည်။
“တရုတ်ကတော့ ပဲတီစိမ်း အဝယ်များတယ်။ ခရမ်း ပဲတီစိမ်း ဆို ဈေးကောင်း ပိုရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက် အထိ အိန္ဒိယသို့ မတ်ပဲတန်ချိန် ၃ သိန်း ကျော်နှင့် ပဲစင်းငုံ တန်ချိန် ၅ သောင်းကျော် တင်ပို့ထားကြောင်း စီးပွား/ကူးသန်း၏ စာရင်းများ အရ သိရသည်။
ပုံမှန်အားဖြင့် အိန္ဒိယနိုင်ငံသို့ တနှစ်လျှင် မတ်ပဲ ၇၀ ရာခိုင်နှုန်းနှင့် ပဲစင်းငုံ ၉၀ ရာခိုင်နှုန်း တင်ပို့လျက် ရှိသည်။
မြန်မာ့ပဲ ပြည်ပ တင်ပို့မှု အနေနှင့် အိန္ဒိယ နိုင်ငံသို့ အများဆုံး တင်ပို့ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများမှလည်း ဝယ်သော်လည်း တနှစ်မှ တန်ချိန် ၂ သောင်း၊ ၃ သောင်း ခန့်သာ ရှိကြောင်း စီးပွား/ကူးသန်းက ဆိုသည်။
လက်ရှိ ပြည်တွင်း၌ မတ်ပဲ ၁ တန်လျှင် ကျပ် ၈ သိန်းမှ ကျပ် ၉ သိန်းဝန်းကျင်တွင် ရှိသင့်သော်လည်း ယခုဈေးမှာ ၁ တန် လျှင် ကျပ် ၆ သိန်းကျော်သာ ရှိသောကြောင့် ၁ တန်လျှင် ကျပ် ၂ သိန်းခန့် လျော့နည်းလျက် ရှိကြောင်း ဈေးကွက် အတွင်း က သိရသည်။