မြန်မာနိုင်ငံ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သည့် MPT၊ Telenor ၊ Ooredoo နှင့် Mytel တို့မှ ဝန်ဆောင်မှု ပေးနေ သော Top up ပရိုမိုးရှင်း အစီအစဉ် အားလုံး ဖေဖော်ဝါရီ ၁၄ ရက်တွင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Mytel အမှုဆောင် အရာရှိချုပ် ဦးဇော်မင်းဦးက“ကျနော်တို့ လောလောဆယ်တော့ Top up အစီစဉ်ကို ၁၂၀ ရာခိုင်နှုန်း ပေးထားတာ တခု ရှိပါတယ်။ ဒါတော့ ရပ်ရမှာပေါ့။ အခု လောလောဆယ်တော့ ဘယ်အချိန်လောက်ထိ ရပ်ရမယ်လို့ အချိန် ကာလတော့ မပါသေးဘူး။ ဘယ်လိုမျိုး ပုံစံနဲ့ ပြန်ထွက်လာမလဲ မသိသေးဘူး။ ပြန်ပေးမလား မပေးတော့ဘဲ သွားမလားတော့ မသိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ Top up ပရိုမိုးရှင်း ရပ်ဆိုင်းရခြင်းမှာ အခွန် စည်းကြပ်ခြင်း မူဘောင် တခုကို ရှင်းအောင် လုပ်ဆောင်ရန် လိုနေ သဖြင့် ရပ်ခိုင်းခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
Mytel အပါအဝင် ဆက်သွယ်ရေး အော်ပရေတာများက ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) မှ အော်ပရေတာ အားလုံး၏ Top up ပရိုမိုးရှင်း အစီအစဉ်များ အားလုံးကို ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားထား သဖြင့် ဖေဖော်ဝါရီ ၁၄ မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ကြေညာထားကြသည်။
ဦးဇော်မင်းဦးက“ကျနော်တို့ကို မေးတော့ ပရိုမိုရှင်းလေး ရှိသင့်တယ်။ သုံးရတဲ့သူလည်း အဆင်ပြေတယ်လို့ ပြောထား တယ်။ တဖက်ကလည်း ဘယ်လိုမျိုး လိုက်လျောညီထွေ ဖြစ်အောင် လုပ်မလဲ ဆိုတာ ဆွေးနွေးနေဆဲ ဖြစ်တယ်။ ကျနော် တို့က လောလောဆယ်တော့ စောင့်ရမှာပေါ့။ ဒီထက်ပိုပြီး ရှင်းလင်းဖို့ရယ် သုံးစွဲသူတွေ အတွက် ကောင်းမယ့်ဟာလေး ထွက်လာရင် ပိုကောင်းတာပေါ့နော်”ဟု ၎င်းက ပြောသည်။
MPT ကလည်း လက်ရှိ လုပ်ဆောင်ပေးနေသော ငွေဖြည့်လက်ဆောင် အစီအစဉ်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ စ၍ ရပ်နား ထားမည်ဖြစ်ကြောင်းနှင့် MPT က ပေးနေကျ သောကြာနေ့ ငွေဖြည့် လက်ဆောင် အစီအစဉ်ကို ယခုတပတ် သောကြာနေ့ အစား ယနေ့ (ကြာသပတေးနေ့)တွင် ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။
ရပ်ဆိုင်းရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အော်ပရေတာများသို့ စာပို့ထားသည်မှာ ၁ ပတ် ကျော် ကြာပြီ ဖြစ်ပြီး Top up ပရိုမိုးရှင်း တခုသာ ရပ်ခိုင်းခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများထံက သိ ရသည်။
ယင်းသို့ ငွေဖြည့် ပရိုမိုးရှင်း အစီအစဉ် ရပ်ဆိုင်းခြင်းအပေါ် ပြည်သူများကြား ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။
ကုမ္ပဏီ ဝန်ထမ်း တဦးဖြစ်သူ မဇင်မာက“အင်တာနက် သုံးတဲ့အခါ ဂိမ်းဆော့တာပဲ ဖြစ်ဖြစ် ပရိုမိုးရှင်း မပါဘဲ သုံးမယ် ဆိုရင် ဖုန်းဘေလ်က ခဏလေးနဲ့ ကုန်သွားတယ်။ ပရိုမိုးရှင်း အစီအစဉ်တွေ ဝယ်ပြီးသုံးမှ ငွေကုန်သက်သာတယ်။ အခု ခေတ်က မဖြစ်မနေ အင်တာနက် သုံးကြရတော့ ပရိုမိုးရှင်း အစီအစဉ် ရပ်မယ်ဆိုရင်လည်း သုံးရမှာ ဖြစ်တာကြောင့် ငွေ ကုန်ကြေးကျ ပိုလာမှာပေါ့။ ပြည်သူတွေ အဆင်ပြေ သက်သာမယ့် နည်းလမ်းလေးတွေ ရွေးပေးစေချင်ပါတယ်”ဟု ပြောဆို သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆယ်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပါ။
ပြည်သူများ အတွက် ပိုမို ကောင်းမွန်သော အစီအစဉ်များကို အော်ပရေတာများ အနေနှင့် လုပ်ဆောင်ပေးနိုင်ရန် အတွက် ဖြစ်ပြီး ထပ်မံ မကြေညာသေးခင် အချိန်အထိ Top up Promotion ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ မကြာခင် ပြန် ကြေညာ ပေးရန် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနက သိရသည်။