စီးပွားရေး

မြန်မာ့ ထုတ်ကုန်များ တရုတ်တွင် ပြခန်းဖွင့် ရောင်းချမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ထုတ်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံ၌ ပြခန်း ဖွင့်လှစ် ရောင်းချသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူးသန်း)က သိရသည်။

စီးပွား/ကူးသန်းနှင့် တရုတ် ကုမ္ပဏီ Glope Shenzhen Digital Technology တို့ ပူးပေါင်း၍ Myanmar Trade Center ဖွင့်လှစ်ပြီး Duty Free shop၊ Online shop နှင့် ဈေးဝယ်စင်တာ တို့တွင် ပြခန်းဖွင့် ရောင်းချသွားမည် ဖြစ်ကြောင်း ကုန် သွယ်မှု မြှင့်တင်ရေး အဖွဲ့ စီးပွားရေး သံမှူး ဒေါက်တာ သက်လွင်ဦးက ပြောသည်။

၎င်းက“မြန်မာ့ ထုတ်ကုန်တွေကို တရုတ်မှာ ပြမှာ ဖြစ်တယ်။ ဒီပြခန်းထဲမှာ မြန်မာ့ ကုန်ပစ္စည်းတွေကို ဝယ်ချင်တဲ့ သူတွေ အနေနဲ့ စမ်းသပ်လို့ ရမယ်။ စားသောက်ကုန်ဆို အမြည်း ကျွေးမယ်။ အဝတ်အစားဆို ဝတ်ကြည့်လို့ရမယ်ပေါ့။ သဘော ကျတယ် ဆိုမှ ပစ္စည်းကို ဘယ်နှစ်ရက် အတွင်း အိမ်တိုင်ရာရောက် ပို့ပေးတဲ့ စနစ် ဖြစ်သွားမယ်”ဟု ဧရာဝတီသို့ ပြောဆို သည်။

ထိုပြခန်းကို တရုတ်နိုင်ငံ ဟိုင်နန်မြို့ရှိ မြန်မာ့ ကုန်သွယ်ရေး လုပ်ငန်း ဆိုင်ရာ ပြခန်းနှင့် တရုတ် ကုန်ပစ္စည်း ဆိုင်ရာ အရောင်း ပြခန်းတို့တွင် ပြသသွားမည်ဖြစ်ပြီး လယ်ယာထွက် အချောထည် ထုတ်ကုန် ပစ္စည်းများ၊ အလှကုန် ပစ္စည်း၊ တဘက်ပဝါနှင့် ပန်းပု ထည်များ၊ ကျောက်စိမ်း အစရှိသော မြန်မာနိုင်ငံ ထွက်ကုန်များကို ပြသမည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ကုန်ပစ္စည်းများကို ပြသ ရောင်းချရာတွင် ကုန်ချောများသာ ရောင်းချသွားမည် ဖြစ်ပြီး Cross border Ecommerce စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ဒေါက်တာ သက်လွင်ဦးက ဆိုသည်။

ယင်းစနစ်မှာ တရုတ်နိုင်ငံမှ သတ်မှတ်ထားသော အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) သတ်မှတ်ချက် များ၊ ပိုးမွှားနှင့် အရည်အသွေး မမှီသည့် ကုန်ပစ္စည်းများကို ကန့်သတ်ခြင်း (AQSIQ) စစ်ဆေးရေး သတ်မှတ်မှုများ ယူစရာ မလိုသည့် အပြင် ဝယ်ယူမည့်သူမှ နမူနာ ပြသထားသော ပြခန်းမှ မြန်မာ့ ကုန်ပစ္စည်းကို ကြိုက်လျှင် ကုမ္ပဏီမှ ချိတ်ဆက် မှာယူ လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါက်တာ သက်လွင်ဦးက“ပြခန်းမှာတော့ နမူနာပဲ ပြမှာ ဖြစ်တယ်။ ဒါကို အခုလာမယ့် ဧပြီလကုန်လောက်မှာ စဖို့ မှန်း ထား ပါတယ်။ နှစ်နိုင်ငံ အစိုးရရဲ့ သဘောတူညီချက်နဲ့ လုပ်တာ မဟုတ်ဘူး။ အခု ပူးပေါင်း လုပ်မယ့် ကုမ္ပဏီက သူ့နေရာ ရှိတော့ မြန်မာ ပါဝင်ဖို့ ညှိနှိုင်းရတာ။ ဒီဘက်ကလည်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေ ပြသပေးမယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ အနေနှင့် ယခုကဲ့သို့ ပြည်ပ နိုင်ငံများမှ ထွက်သော ကုန်ပစ္စည်းများကို နမူနာ ပြသ ရောင်းချခြင်းမှာ မြန်မာ အနေနှင့် ပထမဆုံး ဖြစ်ပြီး လုပ်ငန်းရှင်များလည်း တရုတ် ဈေးကွက်တွင် ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဝင်ရောက် ရောင်းချနိုင် ရန် ရေးဆွဲထားသော စီမံကိန်း တခုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြခန်း တည်ဆောက်မှု ကုန်ကျ စရိတ်ပိုင်းကို တရုတ် ကုမ္ပဏီမှ အကုန်အကျခံမည် ဖြစ်ပြီး မြန်မာဘက်မှ စိတ်ပါဝင် စားသော လုပ်ငန်းရှင်များက ထုတ်ကုန် ပစ္စည်းများကို နမူနာ ပေးပို့ရမည် ဖြစ်သည်။

မြန်မာ ကုန်ထုတ် လုပ်ငန်းရှင်များ ပါဝင်နိုင်ရန် အတွက်လည်း စီးပွား/ကူးသန်း ဝက်ဘ်ဆိုက်တွင် ကြေညာခြင်း၊ လုပ်ငန်း ရှင် အသင်းများသို့ စာများ ပေးပို့သွားခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း ဝန်ကြီး ဌာနမှ သိရသည်။

ဓာတုကင်းစင်သည့် သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ်ရောင်းချသည့် Myanmar Golden Produce ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးက“ပြခန်းကို ကျမတို့ စိတ်ဝင်စားတယ်။ တဦးချင်း အနေနဲ့ သွားပြီး ဆိုင်ဖွင့်ဖို့ ဆိုရင် အဆင်မပြေနိုင်ဘူး။ အခု စီးပွား/ကူးသန်းက လုပ်ပေးတဲ့ နေရာလေးမှာ ပြသရမယ် ဆိုရင် ကျမတို့ ထုတ်ကုန်တွေကို ဘယ်လိုပဲ ဖြစ်ဖြစ် သိသွား မယ်။ ဒီပြခန်းက တရုတ်နိုင်ငံရဲ့ ခရီးသွား အများဆုံး ဝင်တဲ့ နေရာမှာ ဖြစ်တယ်။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံရဲ့ကုန်ပစ္စည်း အဖြစ် သွားပြရင် ဈေးကွက်ရနိုင်တဲ့ အနေအထား ရှိတယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် တရုတ် အပြင် ပြည်ပ နိုင်ငံများသို့ ဟင်းသီး ဟင်းရွက် တင်ပို့ ရောင်းချနိုင်ရန်လည်း အဖွဲ့ ဖွဲ့၍ လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading