စီးပွားရေး

မြန်မာ့ပို့ကုန်အမယ်သစ်များ ကိုရီးယားနိုင်ငံသို့ တင်ပို့ရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ပို့ကုန်အမယ်သစ်များ ဖြစ်သည့် ဆန်နှင့် သရက်တို့ကို ကိုရီးယားနိုင်ငံသို့ တင်ပို့ရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် Korea Myanmar Research Association (KOMYRA) တို့ ဆွေးနွေးနေကြောင်း UMFCCI အသင်းချုပ်မှ သိရသည်။

UMFCCI အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးက “အခု ကျနော်တို့ နှမ်းနက်တို့၊ ကဏန်းပျော့တို့ တင်ပို့နေပါတယ်။ ဒါတွေအပြင် အခု ပို့ကုန်အမယ်သစ်တွေ တင်ပို့ဖို့ ကျနော်တို့ တွေ့နေပါပြီ။ သူတို့လူမျိုးက အရသာ အချိုကို ကြိုက်တယ်။ ဒါဆိုရင် ကျနော်တို့ နိုင်ငံက သရက်သီးကို တင်ပို့မယ် ပေါ့နော်။ အဲဒီလိုပဲ တခြားထွက်ကုန်တွေလည်း ဘယ်လောက် တင်ပို့နိုင်မလဲ လေ့လာသွားမှာ ဖြစ်ပါတယ်။ ပို့ကုန်အမယ်သစ်က အနည်းဆုံး ၁၀ မျိုးလောက်တော့ ပါတယ်” ဟု ပြောသည်။

ကိုရီးယားနိုင်ငံသည် ဆန် စားသုံးမှုလည်း များသောကြောင့် ပို့ကုန်အမယ်သစ်အဖြစ် ဆန်တင်ပို့မှုလည်း လုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။

“သူတို့အဓိက စားတဲ့ ကင်ချီဆိုလည်း တရုတ်ကသွင်းတယ်။ နိုင်ငံသွင်းကုန်အနေနဲ့ ကိုရီးယားက သွင်းကုန် ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကနေ ၁၅ ဘီလီယံအထိ သွင်းနေတယ်။ အဲဒီမှာ ကျနော်တို့နိုင်ငံက ဘာတွေ သွင်းလို့ရမလဲဆိုတာ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ အစိုးရ ပို့ကုန် မြှင့်တင်ရေး ဌာနတို့ ပူးပေါင်း လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု သူက ရှင်းပြသည်။

ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားသို့ ကုန်ကြမ်းတင်ပို့နေသည့် အခြေအနေမှ နောက်ပိုင်းတွင် ကုန်ချောများ ထုတ်လုပ်ပြီး တင်ပို့နိုင်ရန်အတွက်လည်း လုပ်ဆောင်သွားရန်ရှိနေကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက “အခုကတော့ ကိုရီးယားကို ပဲတို့ ငါး၊ ပုဇွန်တို့ စတဲ့ ကုန်ပစ္စည်းတွေပို့တယ်။ Made in Myanmar ပို့ဖို့အတွက်တော့ အရည်အသွေးလိုတယ်။ အစားအစာရဲ့ ဘေးကင်းလုံခြုံမှုတွေ လိုတယ်။ ထုပ်ပိုးမှု စနစ်တွေလိုတယ်။ ဒါတွေ ဆောင်ရွက်နိုင်အောင် အစီစဉ်တွေ လုပ်နေပါတယ်။ အခု အဓိက အလားအလာ အကောင်းဆုံးကတော့ လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်တို့ ပဲတို့က တင်ပို့မှု ကောင်းတယ်။ သစ်သီးဝလံတွေလည်း ရှိတယ်” ဟု ပြောသည်။

ယင်းကုန်ပစ္စည်းများကို တင်ပို့မှု အလားအလာ၊ အရည်အသွေးနှင့် တင်ပို့နိုင်မှု အပေါ် ချိတ်ဆက် ဆောင်ရွက်နေပြီး လက်ရှိ ကိုရီးယားနိုင်ငံတွင်လည်း Myanmar Trade Center တခု ဖွင့်လှစ်၍ မြန်မာ ထုတ်ကုန်များကို ကြော်ငြာ ရောင်းချခြင်းများ လုပ်ဆောင်လျှက် ရှိနေပြီဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ကုန်သွယ်မှု မမျှတသည့် ပြဿနာကို ကြုံတွေ့နေရသောကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော အသင်းအဖွဲ့များအနေနှင့် ယခုထက်ပို၍ ပို့ကုန်တင်ပို့မှု တိုးတက်လာရန် အတွက် ကိုရီးယားနိုင်ငံနှင့် စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း UMFCCI ရှိ ကုန်သည်များ၊ လုပ်ငန်းရှင်များက ပြောသည်။

ကိုရီးယား စားသုံးသူများသည် အရသာနှင့် ဈေးနှုန်းကိုသာ အဓိကထားပြီး Fruit safety ကို အဓိက မကြည့်သဖြင့် မြန်မာနိုင်ငံအနေနှင့် ကိုရီးယားနိုင်ငံ၏ ပို့ကုန် တင်ပို့မှု ဈေးကွက်အရ အသီးအနှံများကို တင်ပို့ရန် အလားအလာရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့် ပန်းမာန်စိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ဆိုသည်။

သစ်သီးဝလံများ အနေဖြင့် ငှက်ပျော၊ သရက်၊ ဖရဲ၊ သခွားမွှေး အစရှိသည့် အသီးအနှံများကို လုပ်ငန်းရှင် အချင်းချင်း (Business to Business) ချိတ်ဆက် တင်ပို့ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း ယင်းအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ နှမ်းနက်၊ ဂဏန်းပျော့နှင့် သစ်သီးဝလံများကို အဓိက တင်ပို့လျက်ရှိသော်လည်း အစေ့အဆန်၊ ပဲ၊ ဟင်းသီးဟင်းရွက်များမှာလည်း ကိုရီးယားနိုင်ငံ၌ ဈေးကွက် ဝယ်လိုအားများ၍ တင်ပို့နိုင်ရန် ကြိုးစားသင့်ကြောင်း Kyung Hee University ၏ ပါမောက္ခ Young-jun Choiက ဖေဖော်ဝါရီလ ၁၆ ရက်၊ UMFCCI တွင် ပြုလုပ်သော မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ကိုရီးယား ဈေးကွက်သို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading