စီးပွားရေး

အစ္စလမ်မစ် စီးပွားရေးထဲ မလေးရှားနှင့် အင်ဒိုနီးရှား အခွင့်အလမ်း ရှာဖွေ

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံတွင် မွတ်ဆလင်လူဦးရေက အလွန်နည်းပါးကောင်း နည်းပါးနိုင်ပါသည်။ သို့သော်လည်း ဂျပန်နိုင်ငံသည် မလေးရှားနိုင်ငံမှ Faisal Ahmad Fadzil နှင့် သူ့လိုင်းဖြစ်သော ဟာလာ (မွတ်ဆလင် ထုံးစံနှင့်အညီ ပြုလုပ်ထားသည့်) ရေချိုးခန်းသုံး ပစ္စည်းများနှင့် နှိပ်နယ်ရာတွင် အသုံးပြုသည့်ဆီများ ဦးတည်သွားမည့် နေရာတခုအဖြစ် ရှိနေဆဲ ဖြစ်သည်။

“တကယ်လို့ ခင်ဗျားက ဂျပန်မှာ အောင်မြင်တယ်ဆိုရင်၊ ဘယ်နေရာကိုမဆို သွားလို့ရပြီ” ဟု Faisal Ahmad Fadzil က ပြောသည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ကျော်တန်ကြေးရှိမည်ဟု မှန်းဆရသည့် ကမ္ဘာ့ အစ္စလမ်မစ် စီးပွားရေး တွင် အကျိုးအမြတ် ရယူရေး ရှီးယား မွတ်ဆလင် ထုံးစံနှင့် ကိုက်ညီသည့် ထုတ်ကုန်များက နေရာတိုင်းသို့ သွားရောက်နိုင်ရန် မလေးရှားနိုင်ငံမှ နိုင်ငံခြားတင်ပို့သူများက ရည်မှန်းထားကြသည်။ သို့သော်လည်း ထိုကဲ့သို့ ကြီးမား သည့် အခွင့်အရေးမျိုးက ကြောက်မက်ဖွယ်ရာ ယှဉ်ပြိုင်မှုများနှင့် အတူတွဲ၍ လာလေ့ရှိသည်။

ကမ္ဘာပေါ်တွင် မွတ်ဆလင် အများဆုံးနေထိုင်ရာ နေရာဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ကြီးမားသော စိန်ခေါ်မှုတခုကို ခင်းကျင်းနိုင်ရန် ကြိုးစားနေသည်။

“လက်ခံနိုင်လောက်သော” ဟု အဓိပ္ပါယ်ရသည့် အာရေဗျ စကားလုံး ဟာလာ ဆိုသည်မှာ ကိုရန်ကျမ်းစာတွင် ရေးသား ဖော်ပြထားသည့် အစ္စလမ် ဥပဒေသများနှင့် ကိုက်ညီသော အရာရာအားလုံးကို ဆိုလိုပါသည်။ အများဆုံးသိကြသည့် စည်းကမ်းများမှာ ဝက်သားနှင့် အရက်ကို တားမြစ်ခြင်း ဖြစ်သည်။ သို့သော်လည်း ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းအမျိုးမျိုး အပေါ်တွင်လည်း ကိုရန်ကျမ်းစာကို အသုံးပြုနိုင်ပါသည်။ အားလုံးနှင့် ကိုက်ညီသည့် စံသတ်မှတ်ချက်တခု ဖန်တီးရန် အားထုတ်မှုများ ရှိနေသော်လည်း လက်ရှိ အချိန်တွင် နိုင်ငံအသီးသီးက ၎င်းတို့၏ ကိုယ်ပိုင် အသိအမှတ်ပြု နည်းလမ်းများကို အသုံးပြုနေကြသည်။

လက်ရှိ အနေအထားတွင် ဟာလာ စီးပွားရေးလုပ်ငန်း၌ မလေးရှားနိုင်ငံက ၎င်း၏ အရှေ့တောင်အာရှ အိမ်နီးချင်း (အင်ဒိုနီးရှား)ထက် အသာရနေသည်။ ၂၀၁၇ ခုနှစ်တွင် မလေးရှားရင်းဂစ် ၄၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံ) တန်ဖိုးရှိ ဟာလာ အသိအမှတ်ပြု ကုန်ပစ္စည်းများ နိုင်ငံခြားသို့ တင်ပို့ခဲ့သည်။ ပြည်တွင်းငွေတန်ဖိုး အရ တွက်မည်ဆိုလျှင် လွန်ခဲ့သော ၄ နှစ်ကထက် ၃၂ ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်သည်။ ပို့ကုန်ထဲတွင် အစားအစာက တဝက်နီးပါးမျှ ပါဝင်သည်။ ကျန်ပစ္စည်းများမှာ အလှကုန်များ၊ ဓာတုပစ္စည်းများနှင့် အခြားကုန်စည်များ ဖြစ်သည်။ ထိုအချိန်တွင် အင်ဒိုနီးရှား နိုင်ငံက အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဖိုးသာ တင်ပို့နိုင်ခဲ့သည်။

ဒေါ်လာ ၃ ထရီလီယံတန် စီးပွားရေးဖြစ်လာမည်ဟု ခန့်မှန်းခဲ့သော Thomson Reuters နှင့် Dinar Standard တို့၏ ၂၀၁၈-၁၉ အစီရင်ခံစာတစောင်၏ အဆိုအရ အစ္စလမ်မစ်စီးပွားရေးမှ အခွင့်အရေးများကို ရယူရန် အကောင်းဆုံး အနေအထား၌ ရှိနေသော နိုင်ငံများထဲတွင် မလေးရှားနိုင်ငံ က နံပါတ် ၁ ဖြစ်သည်။ ယခုအချိန်တွင် အဆိုပါ စီးပွားရေး ထဲ၌ မွတ်ဆလင်အများစု လွှမ်းမိုးထားခြင်း မရှိသည့် နိုင်ငံများသာမက ဂျပန်နိုင်ငံကဲ့သို့သော အခြားဈေးကွက်များလည်း ပါဝင်နေသည်။ အစ္စလမ်ဘာသာ၏ ကန့်သတ်ချက်များနှင့် ကိုက်ညီသော ကုန်ပစ္စည်းများအတွက် ဂျပန်နိုင်ငံ၏ ဝယ်လို အားမှာ ခရီးသွားများ သို့မဟုတ် ရွှေ့ပြောင်းဝင်ရောက်လာသူများထံမှ ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် အင်ဒိုနီးရှားနိုင်ငံကို အဆင့် ၁၀ အဖြစ်သတ်မှတ်ခဲ့သည်။

ဟာလာ ကုန်ပစ္စည်းများကို ကာလရှည်ကြာစွာ ထုတ်လုပ်ခဲ့ပြီး ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အစ္စလမ်မစ် ဘဏ္ဍာရေး ထောက်တိုင်များရှိသည့် မလေးရှားနိုင်ငံက ဂျပန်နိုင်ငံတွင် ဈေးကွက်မြှင့်တင်မှု ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းအားဖြင့် ဦးဆောင်မှုကို ကျယ်ပြန့်အောင် ပြုလုပ်ရန် မျှော်လင့်ထားသည်။ သူတို့၏ စိတ်ကူးမှာ Faisal Ahmad Fadzil ၏ လုပ်ငန်း ကဲ့သို့သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ (ဂျပန်သို့)ဝင်ရောက်နိုင်ရေး ကူညီရန် ဖြစ်သည်။ အနီးကပ်ဆုံးပန်းတိုင်မှာ ၂၀၂၀ ခုနှစ် တိုကျို အိုလံပစ်၌ ဈေးကွက် အများစုရရှိရေး ဖြစ်သည်။

အိုလံပစ် အားကစားပွဲသို့ အားကစားသမားနှင့် အုပ်ချုပ်သူ ၄၅၀၀၀ ခန့်ရောက်လာရန် ရှိနေပြီး ၎င်းတို့ထဲမှ ၄၀ ရာခိုင်နှုန်းက ဟာလာ ကုန်ပစ္စည်းများ လိုအပ်လိမ့်မည်ဟု မလေးရှားနိုင်ငံမှ စွန့်ဦးတည်ထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုခန့်မှန်းမှုထဲတွင် အားကစားပွဲများကို အားပေးရန် လာရောက်ကြမည့် ပရိသတ်များကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပါ။

“မွတ်ဆလင်တွေ အတွက် အရေးအကြီးဆုံး အရာက ဟာလာ အစားအစာတွေကို အလွယ်တကူရနိုင်ဖို့ ဖြစ်ပါတယ်” ဟု ဂျပန် ဟာလာအသင်း၏ ဥက္ကဌ Hind Hitomi Remon က ပြောသည်။

အရှေ့တောင်အာရှမှ လူများကလည်း လေ့လာကြည့်ရှု့မှုများပြုလုပ်ရန် ဂျပန်နိုင်ငံသို့ ပိုမိုလာရောက်နေကြသည်။ အင်ဒိုနီးရှားနိုင်ငံသားများ လာရောက်မှုက ၂၀၀၇ ခုနှစ်မှ ၂၀၁၇ အတွင်း ၄၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ မလေးရှားနိုင်ငံသားများ လာရောက်မှုကလည်း ၃၀၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့ မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ အလုပ်သမား ရှားပါးမှုကို ဖြေရှင်းရန်အတွက် အင်ဒိုနီးရှား ကဲ့သို့သော နိုင်ငံများမှ အလုပ်သမားများကို ဂျပန်နိုင်ငံသို့ ပိုမိုခေါ်ယူလာကြသည့်အတွက် ကုမ္ပဏီများနှင့် ကျောင်းများမှ စားသောက်ဆိုင်များတွင် ဟာလာ စည်းကမ်းများကို ကျင့်သုံးရန် လိုအပ်လာသည်ဟု Hind Hitomi Remon ကပြောသည်။

“အိုလံပစ်အတွက် ပြင်ဆင်ခြင်းက စားသောက်ဆိုင်တွေမှာ လိုအပ်ချက်တွေ အဆင်သင့် ဖြစ်စေဖို့ စားသောက်ကုန် လုပ်ငန်းကဏ္ဍ အတွက် ကောင်းမွန်တဲ့ ဦးဆောင်လမ်းပြမှုတခု ဖြစ်ပါလိမ့်မယ်” ဟု သူက ပြောသည်။

ဂျပန်ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုအတွက် ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အခန်းအနားတခုတွင် မလေးရှား နိုင်ငံ စွန့်ဦးတည်ထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Redzuan Yusof က သူ့နိုင်ငံ၏ ဟာလာ စံနှုန်းများက ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း “ကမ္ဘာ့ဈေးကွက်ကို ကျနော်တို့က တခြားသော အခြေအနေ မျိုးနဲ့ ဝင်မယ်လို့ မဆိုလိုပါဘူး” ဟု သူက ဆိုသည်။

အမှန်တကယ်တွင်လည်း မလေးရှား အစ္စလမ်မစ် ဖွံဖြိုးတိုးတက်ရေးဌာနက ကိုင်တွယ်သည့် တိုင်းပြည်၏ တင်းကျပ်သော ဟာလာ အသိအမှတ်ပြုမှု စည်းကမ်းများကို ကမ္ဘာတလွှားတွင် အသိအမှတ်ပြုထားသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ မပါဝင်ပါ။ ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများက ရပ်တန့်နေသည်။ သို့သော် တချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏ ကိုယ်ပိုင် အသိအမှတ်ပြုပေးမှုများကို တိုးချဲ့ခြင်း၊ ဟာလာ ကုန်ပစ္စည်းထုတ်လုပ်ရေး အခြေခံကို အားကောင်းအောင်ပြုလုပ်ခြင်းနှင့် ပို့ကုန်ကို မြှင့်တင်ခြင်းများဖြင့် ပိုမိုကြီးမားသော ဟာလာအင်အားစုတခု ဖြစ်လာရေးကို ကြိုးစားနေသည်။

လူဦးရေ သန်း ၂၆၀ ကျော်တွင် အစ္စလမ်ဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်း နီးပါးရှိခြင်းနှင့် အတူ အင်ဒိုနီးရှားနိုင်ငံက အကြီးဆုံးသော ဟာလာဈေးကွက်များထဲမှ တခုအဖြစ် မြင်ခဲ့ကြသည်။ သို့သော်လည်း ၎င်း၏ နိုင်ငံခြားပို့ကုန်တွင် အခြားသော ကုန်ပစ္စည်းများက လွှမ်းမိုးထားပြီး စီးပွားရေးကို သဘာဝအရင်းအမြစ် အပေါ်တွင် မှီခိုနေသေးသည်။

ကမ္ဘာ့ဟာလာ စီးပွားရေးဖွံ့ဖြိုးမှုကြောင့် သမ္မတ Joko Widodo က ပြောင်းလဲရန် အခွင့်အရေးတခုကို မြင်ခဲ့သည်။

မွတ်ဆလင်ကမ္ဘာသို့ လက်လှမ်းမီရေးအတွက် Joko Widodo က ကြိုးစားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းကို အရှိန်မြှင့်တင်လာပြီး ယခုနှစ်အတွင်းတွင် နိုင်ငံ ၉ ခုနှင့် သဘောတူညီချက်များ အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။ ၎င်းတို့ထဲမှ ၅ နိုင်ငံမှာ အီရန်နှင့် တူရကီ အပါအဝင် မွတ်ဆလင်အများစု နိုင်ငံများ ဖြစ်သည်။

ပြည်တွင်းတွင် အစိုးရက ဟာလာစည်းကမ်းများနှင့် ညီသော ပစ္စည်းများ ထုတ်လုပ်သူများကို ဆွဲဆောင်ရန် ဟာလာကို အဓိက ထားသည့် ကဏ္ဍ ၄ ခု ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေသည်။ အကျိုးအမြတ်နှင့် ပတ်သက်သည့် အစ္စလမ်ဘာသာ၏ တားမြစ်ချက်များ၊ အခြားစည်းကမ်းဥပဒေများနှင့် ညီညွတ်သည့် ဝန်ဆောင်မှုများပေးသည့် စားသောက်ဆိုင်များ၊ ဈေးဝယ်စန်တာများနှင့် အစ္စလမ်မစ် ငွေရေးကြေးရေး အဖွဲ့အစည်းများလည်း အပါအဝင်ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံက ပြည်နယ် ၁၀ ခုခန့်ကို မွတ်ဆလင် ခရီးသည်များနှင့် ကောင်းစွာ ကိုက်ညီစေရန်လည်း သတ်မှတ်ထားသည်။

သို့သော်လည်း အရေးအကြီးဆုံး အပြောင်းအလဲများက ဟာလာ အသိအမှတ်ပြုမှု နယ်ပယ်အတိုင်းအတာနှင့် ၎င်းကို စီမံ ကွပ်ကဲသည့်နည်းလမ်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလမှ စတင်၍ အင်ဒိုနီးရှားနိုင်ငံက ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအများအပြားကို ဟာလာစည်းကမ်း နှင့် ညီညွတ်ကြောင်း အသိအမှတ်ပြုမှု မဖြစ်မနေရယူရန် ပြုလုပ်မည် ဖြစ်သည်။ စားသောက်ကုန်၊ အဖျော်ယမကာ၊ ဆေးဝါး၊ အလှကုန်၊ ဓာတုပစ္စည်း၊ ဇီဝ သို့မဟုတ် မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် အတူ ပြည်သူများ ဝတ်ဆင်သို့မဟုတ် အသုံးပြုသော အခြားလူသုံး ကုန်ပစ္စည်းများ ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ စီးပွားရေး အသိုင်းအဝိုင်းမှ အချို့တွင် ရောထွေးသော ခံစားချက်များရှိနေသည်။ “စားသောက်ကုန် နဲ့ အဖျော်ယမကာ ပစ္စည်းတွေ အတွက် မဖြစ်မနေ အသိအမှတ်ပြုမှုရယူဖို့ ကို ကျနော် လေးလေးနက်နက် သဘောတူပါ တယ်။ ဒါပေမယ့် အဲဒီအပြင်ကိုတော့ ကိုယ့်သဘောဆန္ဒအလျှောက်ပဲ ဖြစ်သင့်ပါတယ်” ဟု Indonesian Employers Association ၏ ဥက္ကဌ Hariyadi Sukamdani က ပြောသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းက ကုမ္ပဏီများအတွက် အပိုကုန်ကျ စရိတ်များ ရှိလာမည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်ဟု သူကပြောသည်။

ထိုအချိန်တွင် အဆိုပါလုပ်ငန်းစဉ်အပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့်က အင်ဒိုနီးရှားနိုင်ငံတွင် အမြင့်ဆုံး သော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းဖြစ်သည့် Indonesia Ulema Council သို့မဟုတ် MUI ထံမှနေ၍ အစိုးရဌာန တခုဆီသို့ ပြောင်းသွားရန် ရှိနေသည်။

စနစ်သစ်က အစိုးရအတွက် တနှစ်လျှင် အင်ဒိုနီးရှားရူပီးယား ၂၂.၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ) ဆောင်ကျဉ်းပေးလိမ့်မည်ဟု Bloomberg သတင်းတပုဒ်၏ အဆို အရ သိရသည်။

ဟာလာ အသိအမှတ်ပြုပေးခြင်းကို စီမံကြီးကြပ်သည့် အစိုးရအဖွဲ့အစည်းတခု ရှိနေခြင်းက ကမ္ဘာ့စင်မြင့်တွင် အင်ဒိုနီးရှား နိုင်ငံကို မလေးရှားနှင့် အခြားပြိုင်ဘက်များနှင့် ပိုမိုကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်အောင် အထောက်အကူ ပေးလိမ့်မည် ဖြစ် သည်။

စားသောက်ကုန်လုပ်ငန်းတွင် ဘရာဇီးက တတိယနေရာတွင် ရှိနေသည်။ ထိုအနေအထားတွင် ရှိနေခြင်းမှာ အသားတင်ပို့ရာ၌ ကမ္ဘာ ထိပ်တန်းနိုင်ငံဖြစ်နေခြင်းကြောင့်သာ မဟုတ်ဘဲ မွတ်ဆလင်အများစု နိုင်ငံများနှင့် ဝေးကွာသည့်နေရာ ရှိနေသည့်တိုင် ဟာလာ အသားများတင်ပို့ရာတွင် ထိပ်တန်းနိုင်ငံ ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

စင်ကာပူနှင့် တရုတ်တို့က ဖက်ရှင်တွင် ပြိုင်ဘက်များဖြစ်သည်။ အဆိုပါ ခေါင်းစဉ်အောက်၌ သူတို့က တတိယ နှင့် ဆဌမ အသီးသီး ရှိကြသည်။ ထိုင်းနိုင်ငံက မွတ်ဆလင်များနှင့် လိုက်လျောညီထွေရှိသည့် ခရီးသွားနေရာများတွင် နံပါတ်စဉ် ၆ ၌ ရှိနေသည်။

အချို့သော ကိစ္စများတွင် မွတ်ဆလင်မဟုတ်သည့် စားသုံးသူများကပင် ဟာလာပစ္စည်းများကို ရှာဖွေကြသည်။ အဘယ့် ကြောင့်ဆိုသော် စံနှုန်းများကို တင်းကျပ်စွာ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရင်းဂစ် ၂.၉ ဘီလီယံ အထိ ၃၂ ရာခိုင်နှုန်းမြင့်တက်သွားခဲ့သော မလေးရှား အလှကုန်များ နိုင်ငံခြားတင်ပို့မှုအတွက် ထိုအချက်က အမှန်ပင် ဖြစ် သည်။

ဂျပန်နိုင်ငံတွင် သူ၏ ရေချိုးဆားများ၊ ဆပ်ပြာများနှင့် နှိပ်နယ်ရာတွင်သုံးသည့် ဆီများဖြင့် အောင်မြင်မှုရယူရန် Faisal Ahmad Fadzil က မျှော်လင့်နေသည့် အကြောင်းရင်းတခုမှာလည်း ထိုအချက်ပင် ဖြစ်သည်။ သူ၏ ကုမ္ပဏီဖြစ်သည့် Tanamera Tropical Spa က ဂျပန်နိုင်ငံတွင် ဖြန့်ချီပေးမည့်သူတဦး ရရှိထားပြီး ဖြစ်ပြီး ဂျာမနီ၊ ဟောင်ကောင်နှင့် ဗီ ယက် နမ်နိုင်ငံများသို့လည်း တင်ပို့နေသည်။ သို့သော်လည်း နိုင်ငံခြားမှ ရရှိသည့် ဝင်ငွေကို အချိုးအစား ၃၀ ရာခိုင်နှုန်းတိုးရန် မျှော်လင့်ချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် ဂျပန်၌ စတိုးဆိုင်တခုဖွင့်လှစ်ရန် သူက ဆန္ဒရှိနေသည်။

နယ်နိမိတ်များက မှိန်ဖျော့သွားပြီး အခွင့်အလမ်းများက တဖြေးဖြေး ကြီးထွားလာသည်နှင့် အမျှ ယှဉ်ပြိုင်မှုတွင် အပြောင်း အလဲတခုကို အစ္စလမ်မစ် စီးပွားရေး အစီရင်ခံစာက ခန့်မှန်းခဲ့သည်။ “မလေးရှားနဲ့ UAE က နောက်ထပ်တကြိမ် ဦးဆောင် ခဲ့တယ်။ ဒါပေမယ့် အစ္စလမ်မစ် စီးပွားရေးရဲ့ ဗျူဟာမြောက် စီးပွားရေး ရေးပါမှု နဲ့ တွဲနေတဲ့ နိုင်ငံတွေ ပိုပြီးများလာတာနဲ့ အမျှ ရှေ့ကခေါင်းဆောင်သွားနေကြတဲ့ အထဲမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မျှော်လင့်လို့ ရပါတယ်။”

Pew Research ၏ အဆိုအရ ၂၀၅၀ ရောက်သည့် အချိန်တွင် ကမ္ဘာပေါ်၌ မွတ်ဆလင် အရေအတွက်က ၂.၇ ဘီလီယံ ရှိမည်ဟု မျှော်လင့်ရခြင်းက စီးပွားရေးလုပ်ငန်းများ နိုင်ငံရပ်ခြားသို့ ခြေဆန့်ရန် လုံလောက်သော အကြောင်းတခု ဖြစ် ပါ လိမ့်မည်။

(Nikkei Asian Review ပါ Malaysia and Indonesia rush to slice up $3tn global halal market ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading