မြန်မာနိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဒေသများမှ တဆင့် တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများ ရန်ကုန် အတွင်း၌ ဖြန့်ဖြူး ရောင်းချခြင်း မရှိစေရန် အတွက် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝန်ကြီးချုပ်က“တရားမဝင် ကုန်စည်တွေ မစီးဆင်းနိုင်ဖို့ အတွက်လည်း ရန်ကုန်မှာ တတ်နိုင်သလောက် တရားမဝင် ကုန် စည်တွေကို ထိန်းနိုင်ဖို့ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ တရားမဝင် ကုန်ပစ္စည်း တော်တော်များများက နောက် ဆုံးပိတ် ရန်ကုန် ဈေးကွက်ကနေ ပြန်ပြီး ဖြန့်ချိနေတဲ့ ဈေးကွက် အခြေအနေမျိုးတွေ မဖြစ်ဖို့ ဆောင်ရွက်သွားဖို့ ရှိပါ တယ်”ဟု ဆို သည်။
ဖေဖော်ဝါရီလ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခြင်း ဖြစ်သည်။
သို့သော် တရားမဝင် ကုန်စည်များ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက်နေခြင်းကို မည်သည့် ပုံစံနှင့် ထိန်းချုပ် သွားမည် ဆိုသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။
လက်ရှိ၌ တရားမဝင် ပြည်တွင်းသို့ ဝင်ရောက်လာသော ကုန်ပစ္စည်းများမှာ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါး ပစ္စည်း များ ဖြစ်ပြီး ယင်းပစ္စည်းများမှာ ပြည်သူများ၏ ကျန်းမာရေး ထိခိုက်စေနိုင် သကဲ့သို့ နိုင်ငံတော်အတွက် အခွန် ဘဏ္ဍာများ မရရှိသည့် အပြင် ဈေးပေါပေါနှင့် ဝင်ရောက်ခြင်း ဖြစ်သောကြောင့် ပြည်တွင်း အသေးစား လုပ်ငန်း များမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိ၍ ထိခိုက်မှုများ ဖြစ်နေကြောင်း သိရသည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က“တရားမဝင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုတော့ မြန်မြန်ဆန်ဆန် လုပ်မှ ဖြစ် မယ်။ ဒါလေး အကူအညီ တောင်းချင်တယ်။ ဒါမှ ကုန်စည် တရားမဝင် ဝင်ရောက်မှုကို ထိန်းနိုင်မှာ ဖြစ်တယ်”ဟု ပြော သည်။
ဆွေးနွေးပွဲသို့ တက်ရောက် လာသော ဒု သမ္မတ ဦးမြင့်ဆွေကလည်း နယ်စပ် ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရေရှည် ရပ်တည်ရန် ခက်ခဲနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် အထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြောဆိုသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ အထိ ၃၀၆ ကြိမ် ဖမ်းဆီး အရေးယူနိုင်ကြောင်းလည်း လက်ရှိ လုပ် ဆောင်နေမှု အခြေအနေများကို ၎င်းက ရှင်းပြသည်။
ထို့ပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နယ်စပ် ဒေသများတွင် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရေး ပြုလုပ်သည့် ဈေးကွက် ပုံစံမျိုးကို ရန်ကုန်မြို့တွင်လည်း ဈေးကွက် တခု ပြုလုပ်ရန် အတွက် စီစဉ်လျက် ရှိကြောင်း သိရသည်။
ဦးဖြိုးမင်းသိန်းက“နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးနေပါတယ်။ ကျနော်တို့ နိုင်ငံက အများဆုံး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ကနေ ကုန်စည်တွေ စီးဆင်းနေတာ ဖြစ်ပါတယ်။ ဒီ စီးဆင်းနေတဲ့ ကိစ္စတွေကို နယ်စပ် မှာပဲ ကုန်ရောင်း၊ ကုန် ဝယ်လုပ်တာ မဟုတ်ဘဲနဲ့ ရန်ကုန် ဈေးကွက်မှာ အရောင်းအဝယ် လုပ်နိုင်ဖို့ အတွက် ရန် ကုန်မှာ ဈေးကွက် ဖွင့်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ပြောဆိုသည်။
ယင်းဈေးကွက်ကို တရုတ်-မြန်မာ စီးပွားရေး စြင်္ကံတွင်လည်း ရန်ကုန်တိုင်း၏ ပရောဂျက်တခု အနေ အဖြစ် ထည့်သွင်း ဆောင်ရွက်နေကြောင်း တိုင်းအစိုးရက ဆိုသည်။
လက်ရှိ လုပ်ငန်းရှင်များ၊ တောင်သူများ အနေနှင့် ရောင်းချရမည့် ကုန်စည်များကို မူဆယ် နယ်စပ်သို့ သယ်ယူပြီးမှသာ ရောင်းချရပြီး နယ်စပ်သို့ ရောက်ရှိ၍ ဝယ်သူ မရှိပါက ကုန်စည်များကို သိုလှောင်စရာ နေရာမရှိခြင်း အစရှိသည့် အခက် အခဲများကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
ကုန်ပစ္စည်းများ မှောင်ခို ဝင်ရောက်မှု အထူးအဖွဲ့ နှင့် တားဆီးမည်
တရားမဝင် ကုန်သွယ်မှုကြောင့် ပြည်တွင်း SME လုပ်ငန်းများ ထိခိုက်နေဟု ဆို