မြန်မာ-ထိုင်းနယ်စပ် နယ်ခြားစောင့်တပ်(BGF) နယ်မြေအတွင်းရှိ ရွှေကုက္ကို အဆင့်မြင့်အိမ်ရာစီမံကိန်းအား ရင်းနှီးမြုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၂၂.၅ သန်းနှင့် မြေ ၂၂.၅ ဧကကိုသာ ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)က သိရသည်။
ယင်းစီမံကိန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံအတည်ပြုချက်ဖြင့် MIC သို့တင်ပြခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်အိမ်ရာ Villa ၅၉ လုံး ပါ ဝင်မည်ဖြစ်ကြောင်း MIC ကပြောသည်။
MIC ၏ ရင်းနှီးမြုပ်နှံမှုဌာနခွဲ(၃) ညွန်ကြားရေးမှူး ဒေါ်မြစန္ဒာက “Villa အမျိုးအစား တခုနဲ့တခုတော့မတူးဘူး၊ ပုံစံလေးတွေနဲနဲကွဲတာပေါ့၊ ၂ ထပ်မှာ ၁၀ ခန်းရှိမယ်၊ ၇ ခန်းရှိတာရှိမယ်၊ အကုန်လုံးက Villa တွေလို့ပဲ ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုများကိုသာ ခွင့်ပြုနိုင်ပြီး ထိုထက် ပိုမိုသော လုပ်ငန်းများကို ပြည်ထောင်စု အစိုးရကသာ ခွင့်ပြုနိုင်သည်။
ထိုးစီမံကိန်အကောင်အထည်ဖော်ရန်အတွက် မြေဧက ၆၀ ခန့်ကို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူထံ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးထားခြင်းဖြစ်ပြီး Myanmar Yatai International HoLding Group Co.,ltd အနေဖြင့် BGF ထံမှ မြေငှားရမ်းကာ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Yatai International HoLding Group Co.,ltd တွင် ဒါရိုက်တာအဖြစ်ပါဝင်သည့် ဦးစောမင်းမင်းဦး၏ ထုတ်ဖော်ပြောကြားထားချက်များအရ စီမံကိန်းအနေဖြင့် အပိုင်း ၁ ပြီးပါက အပိုင်း ၂ ဆက်လက်တည်ဆောက်ရန် မျှော်လင့်ထားပြီး ဟိုတယ်၊ ဈေးဝယ် စင်တာ၊ ပန်းခြံ၊ ဂေါက်ကွင်းစသည့်တို့ပါဝင်မည်ဖြစ်ကာ အာရှအမြန်လမ်းမကြီးနှင့် ချိတ်ဆက်နိုင်ဖွယ်ရှိကြောင်း ဆိုထားသည်။
ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် သတင်းရင်းမြစ်များ၏ ပြောကြားချက်အပေါ် အခြေခံပြီး မတ်လ ၁ ရက်နေ့က Asia Times ဝက်ဆိုဒ်တွင် ဖော်ပြချက်အရ ကာစီနိုလောင်းကစားရုံများအပြင် လေဆိပ်တခုပါ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စီမံကိန်းအားလုံးသည် သောင်ရင်းမြစ်တလျှောက် မြေဧက ၂၀၀၀ ခန့်ကို သက်ရောက်မှုရှိမည်ဖြစ်ပြီး ရင်းနှီးကုန်ကျမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိမည်ဖြစ်ကြောင်း ခန့်မှန်ပြောကြားမှုများရှိနေသော်လည်း ကုမ္ပဏီဘက်က တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပေ။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ယင်းစီမံကိန်းအပေါ် ခွင့်ပြုခဲ့ခြင်းတွင် မြို့ပြအိမ်ရာများတည်ဆောက်ရန် အတွက်သာဖြစ်ပြီး ကာစီနိုရုံများ ပါဝင်ခြင်းမရှိကြောင်း မြဝတီမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်းခမ်က ပြောသည်။
ဦးအိုက်ကျန်းခမ်က “ အခုမြဝတီမှာတောင် ၈ ခုလောက် ကာစီနိုရှိနေတာ။ စီမံကိန်းမှာ ကာစီနို လုံးဝမပါဘူး၊ အစိုးရက ၆၈ ဧကခွင့်ပြု ထားတာ၊ ဒီခွင့်ပြုမြေထဲကမှ တခြားစီမံကိန်းအနေနဲ့တော့ ထပ်ပြီး တင်ပြထားတာမျိုး မရှိသေးပါဘူး” ဟု ပြောသည်။
လက်ရှိတွင် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေအား အစားထိုးပြဌာန်းရန် လွှတ်တော်သို့တင်သွင်းထားသည့် ဥပဒေကြမ်းတွင် ကာစီနိုလောင်းကစားရုံများအား တရားဝင်ဖွင့်လှစ်ခွင့်ပြုနိုင်သည့် အချက်များလည်း ပါဝင်ပြီး လွှတ်တော်မှ အတည်ပြုပြဌာန်းခြင်း မရှိသေးကြောင်း သိရသည်။
ရွှေကုက္ကိုသည် မြဝတီ မြို့နယ်အတွင်း ရှိပြီး အထက်ပါစီမံကိန်းအကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဧရာဝတီက “ကရင်ပြည်နယ်တွင် မြို့တိုးချဲ့ရန် နယ်ခြားစောင့်တပ်က စီစဉ်နေ“ဟု သတင်းရေးသား ပေးပို့ခဲ့သည်။