တရုတ် တယ်လီဖုန်း ဆက်သွယ်ရေး ပစ္စည်းများထုတ်လုပ်သူ ဟွာဝေးနည်းပညာ ကုမ္ပဏီက ၎င်း၏ပစ္စည်းများကို အမေရိကန် အကျိုးစီးပွားအရ ကန့်သတ် ထိန်းချုပ်ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ဟုဆို၍ အမေရိကန် အစိုးရကို တရားစွဲဆိုလိုက်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်ထဲတွင် အလားတူ ကန့်သတ်နေမှုအပေါ် ထိပ်တိုက်ရင်ဆိုင်မှု အရှိန်ကို မြှင့်တင်လိုက်သည်။
သြဂုတ်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး ပြဌာန်းခဲ့သော အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေ (NDAA) ပုဒ်မ ၈၈၉ ကို တန်ပြန်စိန်ခေါ်သည့် အနေဖြင့် တက္ကဆက်ပြည်နယ်ရှိ ဖက်ဒရယ် တရားရုံးတရုံးတွင် တရားစွဲဆိုလိုက်ဖြစ်ကြောင်း ဟွာဝေးက ကြေညာလိုက်သည်။ အဆိုပါဥပဒေအရ ၎င်း၏ ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖက်ဒရယ် အေဂျင်စီများနှင့် ယင်းတို့၏ ကန်ထရိုက်တာများ အနေဖြင့် ဝယ်ယူနိုင်ခြင်း မရှိစေရန် ကန့်သတ်ထားသည်။
အဆိုပါတရားစွဲဆိုမှုသည် တရုတ်နှင့် အမေရိကန်တို့အကြား နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်က ၎င်းနှစ်နိုင်ငံတို့သည် သွင်းကုန်အခွန် စည်းကြပ်ခြင်းကို ဒေါ်လာဘီလျံနှင့်ချီ၍ အပြန်အလှန် တင်းကြပ်ခဲ့ကြသည်။ ၂၀၀၈ နှစ်အကုန်တွင် အမေရိကန်၏ တောင်းဆိုချက်အရ ဟွာဝေး၏ ဘဏ္ဍာရေး အရာရှိချုပ် (CFO) ကို ကနေဒါနိုင်ငံတွင် ဖမ်းဆီးခဲ့ပြီး တရုတ်ကို တုန်လှုပ်သွားစေခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေးစစ် အစမပျိုးမီ ကာလရှည်ကြာကပင် ဟွာဝေး၏ လုပ်ငန်းဆောင်တာများမှာ အမေရိကန် အာဏာပိုင်များ၏ စိစစ်မှုအောက်တွင် ဖြတ်သန်းလုပ်ဆောင် ခဲ့ရကြောင်း ရိုက်တာက ဟွာဝေးနှင့် နီးစပ်သူ ၁၀ ဦးကို တွေ့ဆုံမေးမြန်းခြင်း၊ စာရွက်စာတမ်းများ ဖတ်ရှုရခြင်း စသည့် စုံစမ်းလေ့လာချက်များအရ သိရသည်။
“ဟွာဝေး ထုတ်ကုန်တွေအပေါ် ကန့်သတ်ထားတဲ့ အကြောင်းရင်း သက်သေ အထောက်အထား တခုခု ထုတ်ပြန်ဖို့ အမေရိကန်ကွန်ဂရက်က အကြိမ်ကြိမ် ပျက်ကွက်နေပါတယ်။ နောက်ဆုံး သင့်တော်တဲ့ အထောက်အကူတခု အနေနဲ့ ဥပဒေကြောင်းအရ အရေးယူဖို့ ကျနော်တို့ တွန်းအားပေး လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဟွာဝေး အလှည့်ကျဥက္ကဋ္ဌ ကွေဖင်းက ပြောသည်။
“ဒီတားဆီးမှုဟာ ဥပဒေနဲ့မညီတဲ့အပြင် ဟွာဝေးကို မျှတတဲ့ ယှဉ်ပြိုင်မှုကနေ ကန့်သတ်ခံရတာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး အမေရိကန် သုံးစွဲသူတွေလည်း ထိခိုက်ပါတယ်။ တရားရုံး အဆုံးအဖြတ်ကို ကျနော်တို့ စောင့်ကြည့် ရမှာပဲ”
အဆိုပါ ဥပဒေကြမ်းမတိုင်မီက အမေရိကန် ဈေးကွက်ထဲတွင် ဟွာဝေးက ဈေးကွက်ဝေစု အနည်းငယ်သာ ရှိခဲ့လင့်ကစား ၎င်းကုမ္ပဏီသည် ကမ္ဘာ့တယ်လီကွန် လုပ်ငန်းအတွက် မောင်းနှင်အား အရှိန်အမြင့်ဆုံးဖြစ်ပြီး မိုဘိုင်းလ်ကွန်ရက်၏ ပဉ္စမမျိုးဆက် (5G) အတွက် တကမ္ဘာလုံး အတိုင်းအတာ၌ ရှေ့တန်းမှ ဦးဆောင် နေသည်။
ယခု တရားစွဲဆိုမှုတွင် ဟွာဝေးက “လုံခြုံရေးအစီအမံတွေ အဆင့်မြှင့်တင်ဖို့ မိမိတို့ကုန်စည်နှင့် ဝန်ဆောင်မှုများ ဖိနှိပ် ခံရကြောင်း၊ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၇၀ ကျော်အနေဖြင့် ဟွာဝေး ပစ္စည်းနှင့် ဝန်ဆောင်မှုများ သုံးခြင်းကြောင့် နောက်ကွယ်မှ စောင့်ကြည့် ထောက်လှမ်းခြင်း (Backdoors)၊ သပ်လျှိုထားခြင်း (သို့မဟုတ်) ရည်ရွယ်ချက်ရှိရှိဖြင့် လုံခြုံရေး ချိုးဖောက်ခံရခြင်း မည်သည့်နိုင်ငံတွင်မှ မရှိပါကြောင်း” ဆိုထားသည်။
အဆိုပါ ပုဂ္ဂလိကကုမ္ပဏီသည် လူထုဆက်ဆံရေးနှင့် ဥပဒေထိုးနှက်ချက်အဖြစ် အမေရိကန် မဟာမိတ်နိုင်ငံများ အပေါ် ဝါရှင်တန်ထံမှ ဟွာဝေးနှင့် 5G ကွန်ရက် မသုံးစွဲမိစေရန် ဆော်သြခြင်း ခံခဲ့ရပြီး အဓိက အကြောင်းပြချက် အနေဖြင့် ၂၀၁၇ ခုနှစ် တရုတ်ဥပဒေအရ ကုမ္ပဏီများ အနေဖြင့် အမျိုးသား ထောက်လှမ်းရေး ကွန်ရက်နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဟူသော ထောက်ကွက်ကို ဝါရှင်တန်က ချပြနေခဲ့သည်။
“အမေရိကန်အစိုးရဟာ ကုမ္ပဏီကို သိက္ခာချနေတာ ဖြစ်ပါတယ်။ လူထုကို လှည့်စားနေပါတယ်” ဟု တရုတ်နိုင်ငံတောင်ပိုင်း၊ ဟွာဝေး ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အလှည့်ကျဥက္ကဋ္ဌ ကွေဖင်း က ပြောကြားခဲ့သည်။
ကိုးကား ။ ။ Reuters