ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း ဦးစီးလုပ်ကိုင်နေသည့် Omni Focus General Services ဘတ်စ် ကား ကုမ္ပဏီအနေဖြင့် ချေးယူထားသည့် ငွေအား ပြန်မဆပ်လျှင် ဧရာဝတီဘဏ်က တရားစွဲဆိုရန် ဆက်လက် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Omni Focus နှင့် ဆက်နွယ်နေသည့် တခြားသော Central Yangon Network နှင့် Keen Support ကုမ္ပဏီတို့သည် ဘတ်စ်ကား အစီးရေ ၅၀၀ ဝယ်ယူရန် ကျပ်ငွေ ၅၆ ဘီလီယံကို ၂၀၁၇ တွင် ဧရာဝတီဘဏ်မှ ချေးယူခဲ့သည်။
ယင်းကုမ္ပဏီများသည် သတ်မှတ် ချေးငွေ စည်းကမ်းများကို လိုက်နာမှုမရှိဘဲ အတိုး၊ အရင်း ပေးသွင်းရန် ပျက်ကွက်နေ သည်မှာ ၁၇ လခန့် ရှိပြီဖြစ်ကြောင်း ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်က မတ်လ ၈ ရက်တွင် ဧရာဝတီကို ပြောသည်။
ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများကို ဘဏ် လုပ်ထုံးလုပ်နည်းနှင့်အညီ တွေ့ဆုံညှိနှိုင်း တောင်းခံခြင်း၊ ဘဏ်မှ တရားဝင် ချေးငွေ တောင်းခံလွှာ ပေးပို့ခြင်း (Bank Notice) နှင့် ဘဏ်ရှေ့နေမှ တရားဝင် ချေးငွေ တောင်းခံလွှာ ပေးပို့ခြင်း (Legal Notice) တို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း မတ်လ ၈ ရက်နေ့တွင် ဧရာဝတီဘဏ်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) အား အကြောင်းကြား အကူအညီတောင်းခံပြီးနောက် ယခုအခါ ဘဏ်အနေဖြင့် တရားစွဲရန် ဆက်လက် ဆောင်ရွက်လျက် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးမြင့်ဇော်က “ကျနော်တို့က ရှင်းရှင်းလေးပါ။ ဘဏ်တခုအနေနဲ့ ပိုက်ဆံချေးထားတယ်။ နှစ်ဦးနှစ်ဖက် သဘောတူညီထား တာနဲ့အတူ ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပိုက်ဆံချေးထားတယ်။ ဆပ်ဖို့လည်း ကာလတခု သတ်မှတ်ထားတယ်။ ဒီကာလ တခု ကျော်နေပြီဖြစ်တဲ့အတွက် ဒါကို ဆပ်ပေးဖို့ အကူအညီတောင်းချင်တယ်” ဟု ပြောဆိုသည်။
ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်နှင့် မရှေးမနှောင်းပင် ဦးကျော်နေဝင်း၏ Omni Focus ကုမ္ပဏီမှလည်း ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ခဲ့သည်။
Omni Focus ကုမ္ပဏီအနေဖြင့် ချေးငွေစာချုပ်တွင် သတ်မှတ်ထားသည့် အရင်း၊ အတိုး လစဉ် ပေးဆပ်ခြင်းဖြင့် သတ်မှတ် ထားသောကာလအတွင်း အကျေပေးဆပ်သွားမည့် အကြောင်းကို ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အကြောင်းပြန်ထားပြီး ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း ဧရာဝတီ ဘဏ်အနေဖြင့် အဆိုပါ သတင်း အချက်အလက်မျိုး ရထားခြင်း မရှိသေးကြောင်း ဦးမြင့်ဇော်က ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဧရာဝတီက ဦးကျော်နေဝင်းကို အတည်ပြု မေးမြန်းရန် ဖုန်းဆက် ကြိုးစားခဲ့သော်လည်း အဆက်သွယ် မရခဲ့ပါ။
ပြီးခဲ့သည့် မတ် ၇ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဝင် များက Omni Focus ကုမ္ပဏီနှင့် ဧရာဝတီ ဘဏ်တို့မှ တာဝန်ရှိသူများကို ကော်မတီရုံးခန်း၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးကျော်ဇေယျထံမှ သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပိုင်သယ်ယူ ပို့ဆောင်ရေးအတွက် ဧရာဝတီဘဏ်ကို ပြောသည့်အခါ ဘဏ်အနေဖြင့် ကူညီ ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုကိစ္စတွင် တိုင်းအစိုးရအဖွဲ့နှင့် YRTA တွင် တာဝန်ရှိကြောင်း ဦးကျော်ဇေယျက ပြောသည်။
ဆက်လက်၍ ၎င်းက ဦးကျော်နေဝင်း ကုမ္ပဏီသည် အတိုးအရင်း မဆပ်သည့်အတွက် ဘဏ်မှ သတိပေးစာ ပေးပို့ခံရခြင်း ကို သိရှိကြောင်း၊ ပြီးခဲ့သည့် တွေ့ဆုံပွဲတွင် ဦးကျော်နေဝင်းက ၎င်းတို့ ရင်ဆိုင်နေရသော ယာဉ်လမ်းကြောင်း အဆင်မပြေ မှုများ၊ ကတ်စနစ်မရှိသည့်အတွက် ငွေဆုံးရှုံးနေမှုများကို ပြောပြခဲ့သလို ဘဏ်ဘက်မှလည်း ၎င်းတို့ ဖြစ်ချင်သည်များကို ပြောဆို ဆွေးနွေးခဲ့ကြောင်း ရှင်းပြသည်။
ဦးကျော်ဇေယျက “သူတို့ ပြောတဲ့ စကားကို နားထောင်တယ်။ ရှေ့အပတ် အင်္ဂါ ဗုဒ္ဓဟူးလောက် အန်ကယ်တို့ ကော်မတီရဲ့ ယူဆချက်ကို တိုင်းအစိုးရအဖွဲ့ကို သုံးသပ်ချက်ရေးပြီး ပို့မယ်။ တိုင်းအစိုးရအဖွဲ့က သူတို့ပြောတဲ့အတိုင်းတွေ အကောင်အ ထည် မဖော်ပေးနိုင်ဘူးဆိုရင် နောက်ဆုံးပိတ် အခြေအနေကတော့ တရားရုံးရောက်မှာပေါ့” ဟု မှတ်ချက်ပြုသည်။
လက်ရှိ ဧရာဝတီဘဏ်၏ ဘဏ္ဍာရေး အခြေအနေအရ ယခု ချေးငွေမှာ စုစုပေါင်း ပိုင်ဆိုင်မှု၏ ၁ ရာခိုင်နှုန်း ခန့်သာ ရှိပြီး မတည်ရင်းနှီးငွေမှာလည်း ယင်း ချေးငွေထက် အဆပေါင်းမြောက်မြားစွာ ရှိသည့်အတွက် အများပြည်သူ စိတ်ချယုံကြည်စွာဖြင့် ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ကောလဟလ သတင်းများနှင့် ပတ်သက်၍ ဧရာဝတီ ဘဏ်၏ ထုတ်ပြန်ချက်တွင် အသိပေး ဖော်ပြထားသည်။