ဆယ်စုနှစ် တခုခန့် ရပ်နားထားခဲ့သည့် ရန်ကုန်-မကွေး လေကြောင်း ခရီးစဉ်များအား ယခုနှစ် ဧပြီလကုန်မှ စတင်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိရသည်။
ခရီးသည် ရရှိမှု နည်းပါးပြီး ကုန်ကျစရိတ် ကာမိမှု မရှိခဲ့သည့် ရန်ကုန်-မကွေး ခရီးစဉ်အား ယခု ပြန်လည်၍ စမ်းသပ်သည့် အနေဖြင့် ပြေးဆွဲပေးခြင်း ဖြစ်ပြီး ခရီးစဉ် လက်မှတ်ခနှုန်းထားကို ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
မကွေးတိုင်း သယံဇာတ ဝန်ကြီး ဦမြင့်ဇော်က “လေယာဉ်ကွင်းကြီး ရှိပြီး ပြေးဆွဲမှု မရှိဘူး ဆိုရင် တိုင်းပြည် အတွက်ရော တိုင်းဒေသကြီး အတွက်ပါ ပုံရိပ် မကောင်းပါဘူး။ အစပိုင်းတော့ နည်းနည်း ရှုံးကောင်းရှုံးလိမ့်ဦးမယ်။ အရှိန်ရရင်တော့ စီးမယ့်သူတွေ များလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ရန်ကုန်-မကွေး ခရီးစဉ်အား နံနက် ၈ နာရီမှ ၉ နာရီခွဲ အထိနှင့် မကွေး-ရန်ကုန် ခရီးစဉ်ကို မနက် ၁၀ နာရီမှ ၁၁ နာရီ အထိ မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) မှ စင်းလုံးငှား ခရီးစဉ်များ ပြေးဆွဲပေးနေသည့် Caravan အမျိုးအစား လေယာဉ်ဖြင့် ပြေးဆွဲမည် ဖြစ်သည်။
မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အနေနှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်လာမှုနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာရေးတို့ အတွက် လေကြောင်း ခရီးစဉ် ပြန်လည် ပြေးဆွဲပေးနိုင်ရန် ယခု နှစ်စပိုင်းတွင် တင်ပြ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မကွေး လေဆိပ်သည် ၂၀၀၃ ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ခရီးသည်တင် လေယာဉ်များဖြင့် ပြေးဆွဲခဲ့သော်လည်း ခရီးသည် ရရှိမှု နည်းပါးခြင်းနှင့် မြေယာ လျော်ကြေး ပြဿနာများ ရှိခဲ့ကာ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ စတင်၍ ခရီးသည် တင် လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းခဲ့ကြောင်း မကွေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက လွှတ်တော် ၌ ဆွေးနွေးသွားသည်။
ဦးမြင့်ဦးသည် ရန်ကုန်-မကွေး လေယာဉ် ခရီးစဉ် ပြန်လည် ပြေးဆွဲပေးရေး အတွက် ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းက ပြည် သူ့ လွှတ်တော်တွင် မေးမြန်းခဲ့သူ ဖြစ်ပြီး ယင်းမေးခွန်းအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပုဂ္ဂလိက လေကြောင်းလိုင်းများ အနေဖြင့် ခရီးသည် ရရှိမှု မရှိနိုင်သည့် အတွက် ပြေးဆွဲလိုကြ ခြင်း မရှိကြောင်းကိုလည်း ပြန်လည် ဖြေကြားပေးခဲ့သည်။
မကွေးတိုင်း ဒေသကြီး အတွင်း အချို့မြို့များတွင် လေဆိပ်များ ရှိသော်လည်း ခရီးစဉ် ပြေးဆွဲမှုများ မရှိသည့် အတွက် ဒေသခံများ အနေဖြင့် ညောင်ဦး လေဆိပ် အထိ သွာရောက်ကာ ခရီးဆက် နေရကြောင်း ဦးမြင့်ဦးက ဆွေးနွေး တင်ပြခဲ့ သည်။
မကွေး လေဆိပ်သည် အကျယ် အားဖြင့် ၈၁၈.၈၂ ဧက ကျယ်ဝန်းပြီး လေယာဉ်ပြေးလမ်း အရှည် ၈၉၀၀ ပေနှင့် အနံ ၂၀၀ ပေရှိပြီး ခံနိုင်ရည်အားဖြင့် ၆၂ တန် ရှိကြောင်း သိရသည်။
လေကြောင်း ခရီးစဉ် ပြန်လည် ပြေးဆွဲပေးခြင်းဖြင့် ဒေသတွင်း စီးပွားရေးနှင့် ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်မှုများ ပိုမို မြန်ဆန် ဖွံ့ဖြိုးလာမည် ဖြစ်ကာ ခရီးသွားများ ပိုမို လာရောက်ရေးနှင့် ဒေသခံများ၏ ကျန်းမာရေး၊ အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းများပါ ပိုမို မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း သယံဇာတ ဝန်ကြီး ဦးမြင့်ဇော် က ပြောဆိုသည်။