မြန်မာ အစိုးရမှ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း တိုးတက်မှု နှေးကွေး နေကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် က ဧရာဝတီကို ပြောသည်။
မစ္စတာ စကော့မာစီရယ် က “ကမ္ဘာ့ဘဏ်ရဲ့ Ease of Doing Business Index မြန်မာနိုင်ငံရဲ့အဆင့်က သိပ်ကောင်း မနေဘူး။ အဲဒီကိစ္စကိုလည်း မြန်မာအစိုးရက သိတယ်။ အဲဒီအဆင့်လေး ပိုကောင်းအောင် သူတို့ ကြိုးစားနေပါတယ်။ ကျနော် နားလည်သလောက် အစိုးရသစ်က စီးပွားရေး လုပ်ပုံကိုင်နည်းလေးတွေ တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပါ တယ်။ အပြောင်းအလဲ လုပ်တာ မကောင်းဘူးလား ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ရေတိုမှာ တခါတလေတော့ စီးပွားရေး တိုးတက်မှုကို နှေးသွားစေတာမျိုးတော့ သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ရှင်းပြသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ မတ်လ ၁၂ ရက်က ပြုလုပ်ခဲ့ သော အမေရိ ကန် စီးပွားရေး ကော်နာ ဖွင့်ပွဲ အခမ်းအနား အပြီး ဧရာဝတီ သတင်းဌာန၏ မေးမြန်း ချက် အပေါ် ယခုလို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော နိုင်ငံတနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူ ချောမွေ့မှု အညွှန်းကိန်း (Ease of Doing Business Index)၂၀၁၉ အစီရင်ခံစာ အရ နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ တွင် ရှိပြီး ၂၀၁၈ ခုနှစ်ကလည်း အဆင့် ၁၇၁ တွင် ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရေး၌ အညွှန်းကိန်းတွင် အဆင့်မကောင်းခြင်းမှာ အဓိက အဟန့် အတားများ အနက် တခု အပါအဝင် ဖြစ်နေကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ကြောင့်လည်း ပါဝင်သည်ဟု မစ္စတာ စကော့မာစီရယ်က ဆိုသည်။
သို့သော်လည်း မြန်မာ အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အဖြစ် ဘဏ်နှင့် ငွေကြေး ကဏ္ဍ၊ အာမခံ လုပ် ငန်း ကဏ္ဍ၊ လက်လီ လက်ကား ကုန်သွယ်မှု စသည့် ကဏ္ဍများ၌ ဖြေလျှော့ပေး ခြင်းတို့ကို ပြုလုပ်လာသည်ကို တွေ့ရ ပြီး အဆိုပါ အချက်တို့သည် နိုင်ငံ စီးပွားရေး တိုးတက်ရန် အလားအလာကောင်းများ ဖြစ်သည်ဟု ၎င်းက မှတ်ချက် ပြု သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့ စီးပွားရေး လေ့လာမှု အစီရင်ခံစာ အရ ၂၀၁၈ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှု ဆက်တိုက် မြင့်မားခဲ့ပြီး သြဂုတ်လတွင် အမြင့်ဆုံး ဖြစ်ခြင်း နှင့် အတူ ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်း၊ လောင်စာဆီ ဈေးနှုန်း မြင့်တက်လာခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်လာခြင်း တို့ကြောင့်လည်း ကောင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာပြီး ရခိုင်ပြည်နယ် အရေးကြောင့် ခရီးသွား ကဏ္ဍ ကျဆင်းသွား သည်ဟု ဖော်ပြထားသည်။
သို့ရာတွင် ရာခိုင်နှုန်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၂၀၁၇-၁၈ ခုနှစ်က ၆.၈ ရာခိုင် နှုန်းမှ ၂၀၁၈-၁၉ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်းသို့ နှေးကွေးသွားမည်ဟု မျှော်မှန်းသော်လည်း ယင်းနှုန်း ထားသည် ဒေသတွင်းနှင့် နိုင်ငံတ ကာ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက အားကောင်းသော တိုးတက်နှုန်း တခု ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဆိုထား သည်။
မြန်မာ့ စီးပွားရေး လေ့လာ သုံးသပ်သူ ဦးခင်မောင်ညို(ဘောဂဗေဒ) က “လက်ရှိ အစိုးရရဲ့ မူဝါဒက အများ အကျုံးဝင် သော ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်တာ ဖြစ်တယ်။ အဲဒီ အတွက် သစ်၊ ကျောက်မျက် ကဏ္ဍမှာ ရပ်လိုက်တဲ့ အခါမှာ ရေတိုမှာတော့ စီးပွားရေးက ရပ်သွားမယ်။ ဒါပေမယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ ရည်ရွယ် ချက်ကိုက ရေတို မဟုတ်ဘဲ ရေရှည် အတွက် ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၌ အမေရိကန်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုများသည် နည်းနေသည်ဟု ဆိုနိုင်သော် လည်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များသည် ယခင်ထက် ပိုမို စိတ်ဝင်စားလာကြသည်ဟု အမေရိကန် သံအမတ်ကြီးက ပြောဆို သည်။
ထို့ပြင် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း၍ ယခုထက်ပိုသော စီးပွားရေး လုပ်ဆောင်မှု များကိုလည်း အမေရိကန် နိုင်ငံ အနေနှင့် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန် သံအမတ် မစ္စတာ စကော့မာစီရယ် က “လယ်ယာ ထွက်ကုန်၊ စားသောက်ကုန် ကဏ္ဍနဲ့ ဆက်သွယ်ရေး နဲ့ နည်းပညာ လုပ်ငန်းတွေမှာ နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှု တိုးမြှင့်ဖို့ အလား အလာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အတွေ့ကြုံအရ ပြောမယ် ဆိုရင် အစိုးရက စီးပွားရေး အခွင့်အလမ်း ဘယ်လို ရှိတယ် ဆိုတာ ပြောပြတာထက် စီးပွားရေး အသိုင်းအဝိုင်းက သူတို့အတွက် ဘယ်နေရာက ကောင်းတယ် ဆိုတာ သိပြီး ရွေးချယ်ခြင်း က ပိုကောင်းတယ်လို့ တွေ့ရ ပါတယ်” ဟု ဆိုသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က မန္တလေးမြို့၌ အမေရိကန် စီးပွားရေး ကော်နာ လာရောက် ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပထမ ခြေလှမ်းဖြစ်ပြီး တိုင်းအတွင်း ရှိ လုပ်ငန်းရှင်များ အဆိုပါ အခွင့်အရေးကို ဆုပ်ကိုင်ကြ တိုက်တွန်း ပြောဆိုသည်။
“ဈေးကွက် တခုတည်းကို မမှီခိုချင် သလို နိုင်ငံတနိုင်ငံ တည်းကိုပဲ မမှီခိုချင်ပါဘူး။ အဲဒါကြောင့် နီးစပ်တဲ့ နိုင်ငံတွေကိုပဲ မကြည့်ဘဲ နောက်ထပ် အမေရိကန်ရဲ့ ခြေလှမ်းတွေကို လှမ်းမျှော်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ဖြစ်သည့် မန္တလေး မြို့၌ အမေရိကန် စီးပွားရေး ကော်နာကို ဖွင့်လှစ်ခြင်း ကြောင့် စီးပွားရေး ပူးပေါင်းမှု ပိုအားကောင်းလာ စေရန် အတွက် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေး နိုင်ပြီး အခွင့်အလမ်းကောင်းများ ဖန်တီးလာနိုင်မည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း၏ ဗဟို အလုပ် အမှုဆောင် ဦးဝင်းဌေးက “အမေရိကန်တွေက အလုပ်လုပ်တဲ့ စံနှုန်းနဲ့ မြန်မာတွေရဲ့ စံနှုန်းက သိပ်မကိုက်ဘူး။ သူတို့က ဥပဒေ၊ လုပ်ထုံး လုပ် နည်း စတာတွေကို အရမ်း လိုက်နာပြီး လုပ်ပေမယ့် ဒီဘက်မှာကျ သူတို့နဲ့ အတူ လက်တွဲ လုပ်နိုင်မယ့် အခင်းအကျင်း မျိုးက နည်းနေသေးတယ်။ ဒါကြောင့်လည်း သူတို့ ရင်းနှီးမြှုပ်နှံမှုက ထင်သလောက် မလာကြတာ။ အခုချိန်ထိတော့ တရုတ်နဲ့ပဲ ကွက်တိ ဖြစ်နေသေးတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများ အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၃၃ သန်းရှိပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ အားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ဟု ထုတ်ပြန်ထားသည်။