နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဒေသများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် အစိုးရ၏ အားထုတ်မှု အနေဖြင့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ရန်ကုန်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် စနေနေ့တွင် စတင် ကျင်းပမည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ထို နှစ်ရက်ကြာ ပွဲတော်ကို UK Aid နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။
ချင်းပြည်နယ်မှ စီးပွားရေး အခွင့်အလမ်းများကို အများသိစေရန် ထိုပွဲတော်ကို အတူတကွ ကျင်းပခြင်း ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန (DICA) မှ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ညွှန်ကြားရေးမှူး ဦးဝဏ္ဏအောင်က ပြောသည်။ အဖွဲ့လိုက် ဆွေးနွေးပွဲများတွင် ထိုဒေသအတွင်း စီးပွားရေး လုပ်ကိုင်ရန် အခွင့်အလမ်းများကိုသာ မက စိန်ခေါ်မှုများကိုလည်း ဆွေးနွေးမည်ဟု သူပြောသည်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော ချင်းပြည်နယ်သည် အခြေခံ အဆောက်အအုံ ဖွံဖြိုးတိုးတက်မှုကို အဟန့်အတား ပြုသော တောင်တန်းများ ရှိရာ ဒေသဖြစ်သည်။ လမ်းများ အဆင့် မြှင့်တင်ရေးနှင့် ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင် စီမံကိန်းများ လုပ်ဆောင်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် လမ်းများ အဆင့်မြှင့်တင်ရေးနှင့် စွမ်းအင် ရရှိရေးအတွက် ရင်းနှီး မြှုပ်နှံမှု များစွာ လိုအပ်နေဆဲ ဖြစ်သည်။
ယခုပွဲတော်သည် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝနှင့် မင်းတပ် မြို့နယ်များတွင် အခြေခံ အဆောက်အအုံနှင့် မြို့ပြ ဖွံ့ဖြိုးရေးကို မီးမောင်း ထိုးပြရန် စီစဉ်ထားသည်။ ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်နှင့် ပလက်ဝ မြို့နယ်များမှ စိုက်ပျိုးရေး၊ အော်ဂင်းနစ် လယ်ယာနှင့် ရိုးရာ ရက္ကန်း စီမံကိန်းများ၊ ခိုနမ်ဆုမ် အမျိုးသား ဥယာဉ်၊ ရိဒ်ရေအိုင်၊ ကီမို သားရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စိန်မူ အမျိုးသားဥယာဉ်နှင့် ခွာဒို ပွဲတော်တို့မှ ခရီးသွားလုပ်ငန်း စီမံကိန်များ၊ မဏိပူရ်၊ လေးမြို့၊ ဘဝင်နုနှင့် တီးတိန် မြို့နယ်များမှ ရေအား၊ လေအား လျှပ်စစ် စီမံကိန်းများ စသည့်တို့ကို ပွဲတော်တွင် ပြသထားမည် ဖြစ်သည်။
“ချင်းပြည်နယ်ရဲ့ အခြေခံ အဆောက်အအုံနဲ့ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကျနော်တို့ မျှော်မှန်း ထားပါတယ်” ဟု ဦးဝဏ္ဏအောင်က ပြောသည်။
ယခုပွဲတော်ကို အမေရိကန်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ သြစတြးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အစ္စရေး၊ ဘရူနိုင်းနှင့် ဗီယက်နမ် အပါအဝင် အာဆီယံ နိုင်ငံများမှ တက်ရောက်ကြမည်ဟု စာရင်း ပေးထားကြောင်း DICA က ဆိုသည်။ သို့သော် လူမည်မျှ တက်ရောက်မည်နှင့် မည်သည့် နိုင်ငံများက စိတ်အဝင်စားဆုံး ဖြစ်သည်ကို ပြောရန် စောသေးသည် ဟုလည်း ထိုဌာနကဆိုသည်။
ချင်းပြည်နယ်သည် ဇန်နဝါရီလက နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ပွဲတော်တွင်လည်း ပါဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်း ၁၀ ခုနှင့် စွမ်းအင်ကဏ္ဍ လုပ်ငန်း ၂၈ ခုအပါအဝင် အခွန် ကင်းလွတ်ခွင့်ရ လုပ်ငန်း ၃၈ ခုကို ပြသခဲ့သည်။
ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်သည် လွန်ခဲ့သောနှစ်က စတင်ခဲ့သည့် အစိုးရ၏ မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျင်းနေပြီး ထိုစီမံကိန်းသည် လာမည့်နှစ် ၂၀ အတွင်း ပြည်ပမှ တာဝန်သိသော အရည်အသွေးမီ လုပ်ငန်း ဒေါ်လာ ၂၀၀ ဘီလျံဖိုး ဆွဲဆောင်ရန် ရည်မှန်းထားသည်။
ထိုစီမံကိန်းဖြင့် မြန်မာနိုင်ငံသည် ၂၀၃၀ တွင် ဝင်ငွေ အလယ်အလတ် ရရှိသော နိုင်ငံဖြစ်ရန် ရည်မှန်း ထားသည်။ ထိုစီမံကိန်းက ရင်းနှီးမြှုပ်နှံမှု ပွင့်လင်း မြင်သာမှုတိုးတက်ရေး၊ စီမံကိန်းများ ကြီးကြပ်ရေး၊ စီးပွားရေး အထောက်အကူ၊ လူသား အရင်းအနှီးနှင့် ယှဉ်ပြိုင်မှု ပြုပြင်ပြောင်းလဲရေး များကို တောင်းဆိုသည်။
ဖေဖော်ဝါရီလက အစိုးရသည် ငပလီကမ်းခြေမြို့တွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ကျင်းပပြီး ထိုပြည်နယ်မှ ဦးစားပေး စီမံကိန်း ၆ ခုကို ပြသခဲ့သည်။
( Nan Lwin ၏ Chin State Investment Fair Starts Saturday ကို ဘာသာပြန်သည်။)