အီသီယိုးပီးယား လေကြောင်းလိုင်း၏ ဂျက်လေယာဉ်ပျက်ကျပြီး လူအမြောက်အများသေဆုံးခဲ့ရခြင်းက အာဖရိက၏ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခြင်း ခံရသော နိုင်ငံပိုင်လေကြောင်းလိုင်း အတွက် စမ်းသပ်ချက်တခု ဖြစ်သည်။
၁၉၄၆ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ (ယခုပျောက်ကွယ်သွားခဲ့ပြီဖြစ်သော) Trans World လေကြောင်းလိုင်း၏ အကူအညီဖြင့် တည်ထောင်ခဲ့သည့် အီသီယိုးပီးယား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်းတွင် ဒေသတွင်းလေကြောင်းလိုင်းတခု အဖြစ်မှနေ၍ နိုင်ငံတကာ ထိပ်တန်းလေကြောင်းလိုင်းတခု အဖြစ်သို့ အလျှင်အမြန် တိုးတက်လာခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အာဖရိက၏ အကောင်းဆုံး လေကြောင်းလိုင်း အဖြစ် Skytrax (အင်္ဂလန်အခြေစိုက် လေကြောင်းလိုင်း သုံးသပ်ရေးနှင့် အဆင့်အတန်းသတ်မှတ်ရေး ကုမ္ပဏီ) က မဲပေး ရွေးချယ်ခဲ့သော အီသီယိုးပီးယား လေကြောင်းလိုင်းက လေယာဉ် အစင်းရေ ၁၀၀ ကျော်ဖြင့် လုပ်ကိုင်နေသည်။ အာဖရိက လေကြောင်းလိုင်းများထဲတွင် အများဆုံး ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က ခရီးသည် ၁၀ သန်းကျော်ကို သယ်ယူပျံသန်းပေးခဲ့ရာ လုပ်ငန်းချဲ့ထွင်ရေး ၁၅ နှစ်ဗျူဟာတခုကို စတင်အ ကောင်အထည်ဖော်ခဲ့သော လွန်ခဲ့သည့် ၈ နှစ်က ခရီးသည် ၃.၇ သန်းရှိခဲ့ရာမှ တိုးလာခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်မှ စ၍ Star Alliance ကွန်ရက်၏ အဖွဲ့ဝင်တဦးဖြစ်လာခဲ့သော အီသီယိုးပီးယား လေကြောင်းလိုင်း ၏ အခြေစိုက်ရာ အဒ်ဒစ်အဘာဘာမြို့တော် Addis Ababa လေယာဉ်ကွင်းက အာဖရိကသို့ လာရောက်သည့် ခရီးရှည် ခရီးစဉ်များအတွက် အလုပ်အများဆုံး နေရာတခု အနေဖြင့် ပြီးခဲ့သည့် နှစ်အတွင်းတွင် ဒူဘိုင်းကို ကျော်တက်ခဲ့သည်။ ယခုအခါ အီသီယိုးပီးယား လေကြောင်းလိုင်း က နေရာ ၆၁ ခုသို့ ပျံသန်းပေးနေပြီး လေကြောင်းလိုင်းငယ်များ၏ အစုရှယ်ယာများဝယ်ယူခြင်းကိုလည်း စတင်ပြုလုပ်နေသည်။
“အဲဒါက ကောင်းမွန်စွာ စီမံခန့်ခွဲနေတဲ့၊ ပရော်ဖက်ရှင်နယ်ဆန်ပြီး လေးစားမှုတွေ အများကြီးရရှိထားတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အာဖရိက လေကြောင်းလောကကို ရှေ့ရောက်အောင် တကယ်ကိုမောင်းနှင် ပေးခဲ့ပါတယ်” ဟု ဒဗ္ဗလင် အခြေစိုက် လေကြောင်း အတိုင်ပင်ခံလုပ်ငန်းတခုဖြစ်သော Crabtree Capital ၏ အမှုဆောင် အရာရှိချုပ် Mark Tierney ကပြောသည်။
သမိုင်းအစဉ်အလာအရ အလုပ်မဖြစ်မှုများနှင့် ဈေးနှုန်းကြီးမြင့်မှုများ ရှိခဲ့သော နိုင်ငံအများအပြား၏ ကြားတွင် လေကြောင်းခရီး သွားလာရသည့် တိုက်တခု၌ ခရီးသည်များအတွက်ရော ကုန်စည်များအတွက်ပါ အလွန် အရေးပါသည့် အဆင်ပြေချောမွေ့မှုတခုကို အီသီယိုးပီးယား လေကြောင်းလိုင်း ၏ အာဖရိကနှင့် နိုင်ငံတကာခရီးစဉ်လမ်းကြောင်း များတွင် ရင်းနှီးမြှုပ်နှံမှုက ပြုလုပ်ပေးနိုင်ခဲ့သည်ဟု သူကပြောသည်။
ခရီးသည်တင်လေယာဉ်များ အပါအဝင် လေယာဉ်ပျက်ကျမှု အနည်းဆုံး ၄ ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း အီသီယိုးပီးယား လေကြောင်းလိုင်း ကို အာဖရိကတိုက်၏ လုံခြုံစိတ်ချရမှု အရှိဆုံးလေကြောင်းလိုင်းတခု အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတ်လ ၁၀ ရက်နေ့ က လေယာဉ်ပျက်ကျခဲ့ရသည့် ကိစ္စ မတိုင်မီ နောက်ဆုံးကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှာ ၂၀၁၀ ခုနှစ်က လေကြောင်းလိုင်း ၏ ခရီးစဉ်အမှတ် ET409 သည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှ ပျံတက်လာပြီး များမကြာမီ မှာပင် မြေထဲပင်လယ် အတွင်းသို့ ပျက်ကျသွားခဲ့ရခြင်း ဖြစ်သည်။ လိုက်ပါလာသူ ခရီးသည်နှင့် လေယာဉ်အမှုထမ်း အားလုံး သေဆုံးခဲ့ကြရသည်။
ပြင်သစ် စုံစမ်းစစ်ဆေးသူများ၏ အကူအညီဖြင့် အဆိုပါလေယာဉ်ပျက်ကျမှုကို စစ်ဆေးခဲ့သည့် လက်ဘနွန်စုံစမ်းရေး အဖွဲ့ က ပျက်ကျခြင်းသည် လေယာဉ်မှူး၏ အမှားဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။ သို့သော်လည်း လေကြောင်းလိုင်းက စုံစမ်းရေး အဖွဲ့၏ အစီရင်ခံစာကို ပယ်ချခဲ့သည်။ လေယာဉ်သည် ပစ်ချခံရခြင်း သို့မဟုတ် မိုးကြိုးပစ်ခံရခြင်း ဖြစ်နိုင်သည်ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
၂၀၁၀ ခုနှစ်မှ စတင်၍ လေကြောင်းလိုင်းက ၎င်းတို့၏ လေယာဉ်များတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သည်။ လေယာဉ် အရေ အတွက်ကို ၂ ဆမြှင့်တင်ခဲ့၏။ ၎င်းတို့၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ ဆိုလျှင် လေယာဉ်များ၏ ပျမ်းမျှ သက်တမ်းကိုလည်း ၅.၈ နှစ်သို့ လျှော့ချခဲ့သည်။ British Airways တွင် သက်တမ်း ၁၃.၅ နှစ် သတ်မှတ်ထားခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ဘိုးအင်း ၇၈၇ Dreamliner လေယာဉ်ပို့ပေးခြင်းကို ပထမဆုံးလက်ခံရရှိသည့် အာဖရိက လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။ ၎င်းတို့၏ ၁၅ နှစ် စီမံကိန်းအရ ၂၀၂၅ ခုနှစ် မတိုင်မီတွင် လေယာဉ် အရေ အတွက်ကို အစင်း ၁၅၀ အထိ တိုးချဲ့ရန် ဆန္ဒရှိနေသည်။
အရင်းကျေရန် အတွက်ပင် လေကြောင်းလိုင်း အများအပြား ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည့် ဒေသတခုအတွင်း ၌ အီသီယိုးပီးယား လေကြောင်းလိုင်း က ပြီးခဲ့သည့် နှစ် တွင် အမြတ် အမေရိကန်ဒေါ်လာ ၂၄၅သန်း အထိရှာဖွေနိုင်ခဲ့သည်။
လေကြောင်းလိုင်း အောင်မြင်ရခြင်းတွင် အမြတ်ငွေကို မတောင်းဆိုသည့် ပိုင်ရှင်အစိုးရ၏ ရက်ရောမှုကြောင့် လည်းပါသည်ဟု လေ့လာဆန်းစစ်သူများက သုံးသပ်ကြသည်။ အစိုးရ မူဝါဒများမှ တဆင့် အလုပ်သမားနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ကျစေသည်။ အီသီယိုးပီးယား လေကြောင်းလိုင်း သည် အီသီယိုပီးယား အစိုးရ၏ အအောင် မြင်ဆုံးသော အစိုးရပိုင် ကုမ္ပဏီဖြစ်သည်။ နိုင်ငံက လျှင်မြန်စွာတိုးတက်လာနေခြင်းကို ဖော်ပြသည့် သင်္ကေတခုလည်း ဖြစ် လာခဲ့သည်။ IMF ၏ အဆိုအရ အီသီယိုပီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံး တိုးတက်နေ သောစီးပွားရေး ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ်မှ စတင်၍ လေကြောင်းလိုင်း ၏ အမှုဆောင်အရာရှိချုပ် တာဝန်ယူခဲ့သော Tewolde Gebremariam က ရရှိသော အမြတ်အစွန်းများအားလုံး ပြန်လည်ရင်းနှီးမြှုပ်နှံရန် လေကြောင်းလိုင်းကို ခွင့်ပြုပေးထားခြင်း ကလွဲ၍ အစိုးရက အခြားမည်သည့် ထောက်ပံ့မှုမျှ မပေးကြောင်းပြောသည်။
“ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတာပါ။ အစိုးရက ထိန်းချုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရက ဦး ဆောင်တဲ့ တိုးတက်မှုလို့တော့ ကျနော်ပြောရပါလိမ့်မယ်” ဟု Tewolde Gebremariam က ၂၀၁၆ ခုနှစ်က အင်တာဗျူး တခုတွင် Financial Times သို့ပြောကြားခဲ့သည်။
ကိုးကား ။ ။ Financial Times