အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာကို Wave Money ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၈ ခုတွင် ယခုလမှ စတင်၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးမောင်ဝင်းက ပြောသည်။
မတ်လ ၁၄ ရက်နေ့က Kampanski ဟိုတယ်တွင် မြန်မာ့စီးပွားရေးဘဏ် နှင့် Digital Money Myanmar Ltd,Wave Money တို့ အကျိုးတူ ပူးပေါင်း၍ မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစား လစာထုတ်ပေးခြင်းဝန်ဆောင်မှု လုပ်ငန်း သဘောတူ စာချုပ် လက်မှတ် ရေးထိုး ချုပ်ဆိုသည့် အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ၁၊ ဒဂုံမြောက်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှည်းကူး၊ ကမာ ရွတ်မြို့နယ်တို့ရှိ ပင်စင်စားများ အဆိုပါဝန်ဆောင်မှုကို ယခုလတွင် ရယူနိုင်ပြီဟုဝန်ကြီးဌာနက ဆိုသည်။
လုပ်ငန်းတိုးတက် အောင်မြင်မှုနှင့် အငြိမ်းစား ပင်စင်စားများ၏ တောင်းဆိုမှု အပေါ်တွင် အခြေခံ၍ ကျန်တိုင်းဒေသ ပြည်နယ် အသီး သီးရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ထပ်မံ တိုးချဲ့ သွားမည်ဟု သိရသည်။
“မိုဘိုင်းလ်ဝန်ဆောင်မှုစနစ်နဲ့ ဆိုရင် MPT,Telenor ,Ooredoo,Mytel မည်သည့် ဆင်းကတ်ကိုင်ဆောင် သူမဆို ပင်စင် လစာ ထုတ် ယူနိုင်မှာဖြစ်ပါတယ်။ ဆန္ဒရှိတဲ့ အငြိမ်းစားများအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အ ကြိမ်ကြိမ် လာရောက်ဖို့မလိုဘဲ နီးစပ်ရာ ပြင်ပ အေးဂျင့်များတွင် ထုတ်ယူနိုင်မှာဖြစ်ပါတယ်”ဟု ဒုဝန်ကြီးက ပြောသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းလ် ငွေရေးကြေးရေး လုပ်ငန်း မှတ်ပုံတင်ရရှိထားသည့် Digital Money Myanmar Ltd( Wave Money) နှင့်အကျိုးတူပူးပေါင်း၍ မိုဘိုင်းလ် စနစ်ဖြင့် အငြိမ်းစားလစာ ထုတ်ပေးခြင်းဝန် ဆောင်မှုပေးနိုင်ရန် အငြိမ်းစားဦးရေများပြားသည့် ဒဂုံ(မြောက်) ဘဏ်ခွဲ တွင် Pilot Project ဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
Wave Money မှ အမှုဆောင်အရာရှိချုပ် Brad Jones ကလည်း “ Wave Money အသုံးပြုသူတိုင်းဟာ ကိုယ့်ရဲ့ password ( လျို့ဝှက် နံပါတ်) ကို လုံခြုံအောင် ထိန်းရမှာပါ။ ပိုက်ဆံ ထုတ်တဲ့ အချိန်မှာ သူတို့ ပြောတဲ့ password နဲ့ ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့စီးပွားရေးဘဏ်တွင်ထုတ်ယူနေသည့် ပင်စင်စားဦးရေသည် ၇၃၀၀၀၀ ကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိမြန်မာ့စီးပွားရေး ဘဏ်တွင် ၃၁ ရာခိုင်နှုန်း ထုတ်ယူမှု ရှိသောကြောင့် ရန်ကုန်ဘဏ်ခွဲ ၈ ခုကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် အထွေ ထွေမန်နေဂျာ ဒေါ်ဆင့်ဆင့်အောင် ကပြောသည်။
၎င်းက “ ပင်စင်စားဟာ ဘဏ်ကို လာပြီးတန်းစီစရာ မလိုတော့ပဲ နီးစပ်ရာ Agent ဆိုင်တွေမှာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုရွေးချယ် ထားတဲ့ ဘဏ်တွေမှာ ပင်စင်စားတွေ တော်တော်လေး များပါတယ်။ ဒါကြောင့် ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယခု ထုတ်ယူနိုင်မည့် ဘဏ်ခွဲများတွင် အင်းစိန်ဘဏ်ခွဲတွင် ပင်စင်စား ၂၅၀၀၀ ကျော်၊ ဒဂုံ(မြောက်)တွင် ၁၃၀၀၀ ကျော်၊ ကမာရွတ် ဘဏ်ခွဲတွင် ၁၅၀၀၀၊ သင်္ဃန်းကျွန်း ဘဏ်ခွဲတွင် ၁၅၀၀၀၊ တာမွေဘဏ်ခွဲတွင် ၁၈၀၀၀ ဦးရေ ခန့် ရှိကြောင်း ဒေါ်ဆင့်ဆင့်အောင်က ဆက် ပြောသည်။
ပင်စင်စားများ လစဉ်ထုတ် ယူနိုင်သည့် လဆန်း ၂၁ ရက်နေ့ ရောက်တိုင်း မြန်မာ့စီးပွားရေးဘဏ်၏ အကြာင်းကြားချက်ဖြင့် Wave Money မှသက်ဆိုင်ရာ အငြိမ်းစားများ၏ မိုဘိုင်းဖုန်းသို့ Electronic Money လွှဲပြောင်းထည့်သွင်းပေးလိုက်သည်နှင့် တပြိုင်နက် အ ငြိမ်းစား၏ မိုဘိုင်းဖုန်းအတွင်းသို့ လစာထုတ်ယူနိုင်ကြောင်း SMS ( မက်ဆေ့) ရောက်ရှိလာမည် ဖြစ် သည်။
ထို့ကြောင့်အငြိမ်းစားများအနေဖြင့် လစဉ် ၂၁ ရက်မှ နောက်လ ၂၀ ရက်နေ့အတွင်းမိမိတို့ ကြိုက်နှစ်သက်ရာ နေ့ရက်၊ အချိန်တွင် မိမိတို့ မိုဘိုင်းဖုန်းအတွင်းရှိ လစာကို နီးစပ်ရာ Wave Money ဆိုင်များတွင် တကြိမ်ထဲသော်လည်းကောင်း ၊အကြိမ်ကြိမ်ခွဲ၍သော် လည်းကောင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အငြိမ်းစားများအနေဖြင့်လည်း လစာထုတ်ရက်များတွင် ဘဏ်ခွဲများ၌ စုပြုံရသည့် အခက်အခဲ ကင်းဝေးစေပြီး မိမိတို့နှင့်နီးစပ်ရာ Wave Money ဆိုင်များတွင် ပင်စင်လစာကို လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်သောကြောင့် အချိန်ကုန်ခြင်းနှင့် လမ်းစရိတ် သက်သာခြင်း၊ ဘဏ်တွင် တန်းစီရခြင်း ပြုလုပ်ရန် မလိုတော့ကြောင်း သိရသည်။
ပျဉ်းမနားမြို့ ပညာရေးဝန်ထမ်း အငြိမ်းစားဖြစ်သူ ဦးလှမောင်က “ ပင်စင်စားတွေက ပင်စင်ထုတ်တဲ့ အချိန်ပဲ ဘဏ်မှာ ပြန်တွေ့ကြတာ။ ဘဏ်မှာ သွားထုတ်ရတာပဲ ကြိုက်တယ်။ ကိုယ်လည်း ကျန်းမာရေးကောင်းနေတာပဲကို။ ကျန်းမာရေး မကောင်းတဲ့ သူတွေ အတွက် တော့ မဆိုးပါဘူး” ဟု မှတ်ချက်ပြု သည်။
ပင်စင်စား ဝန်ထမ်းတိုင်း Wave Money စနစ်ဖြင့်သာ ထုတ်ယူရမည် မဟုတ်ဘဲ ကိုယ်ကြိုက်နှစ်သလို ထုတ်ယူနိုင်ကြောင်း၊ Wave Money အသုံးပြုခအဖြစ် တလလ ျှင် မြန်မာ့စီးပွားရေး ဘဏ်က ကျပ်၂၀၀၊ Wave Money က ကျပ ်၁၀၀၊ စုစုပေါင်း ကျပ် ၃၀၀ ကို ပင်စင်စားများထံမှ ကောက်ခံမည်ဟု ဦးမောင်ဝင်းက ဆိုသည်။
မြန်မာ တနိုင်ငံလုံးတွင် Wave Money ဆိုင်ခွဲပေါင်း ၄၁၀၀၀ ( လေးသောင်း တထောင်) ခန့် ရှိပြီး ၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲပေါင်းက ၃၃၄ ဘဏ်ရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။
ရန်ကုန်တိုင်းသည် ပင်စင်စားဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်သောကြောင့် ပထမအများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး၊ တတိယအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ပင်စင်စားထုတ်ယူသူဦးရေ အများဆုံး မြို့နယ်များကို ဦးစားပေးရွေးချယ်၍ လုပ်ငန်းများတိုးချဲ့သွားမည်ဖြစ်ကြောင်းသိရသည်။