ကချင်ပြည်နယ်တဝန်းရှိ အငြင်းပွားဖွယ်ရာ တစ်ရှူးငှက်ပျောစိုက်ခင်းများကို စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဒေသခံများ၏ ပူပန်မှုများအတွက် လုပ်ထုံးလုပ်နည်းမူဘောင်များ ချမှတ်ပြီး တင်းကျပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးကပြောကြားလိုက်သည်။
အထူးကော်မတီတရပ်ဖွဲ့စည်းရန်အတွက် အဆိုပြုချက်ကို မကြာမီ ပြည်နယ်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသစ် ဦးကျော်ကျော်ဝင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုကော်မတီ၏ အောက်တွင် တရားမဝင်စိုက်ခင်းများ စစ်ဆေးရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ အလုပ်သမားအခွင့်အရေး၊ တရုတ်နိုင်ငံမှ ငှက်ပျောစိုက်ပျိုးသည့် အလုပ်သမားများ တရားမဝင် လာရောက်မှုတို့အတွက် ကော်မတီခွဲများကိုလည်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းပြောသည်။
ငှက်ပျောစိုက်ခင်းများကြောင့်ဖြစ်ပေါ်သော လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို လျစ်လျူရှုသောကြောင့် ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြည်နယ်အစိုးရကို ဝေဖန်နေကြသည်။ လာအိုနှင့် ထိုင်းနိုင်ငံများတွင် ပိတ်ပင်ထားသော ထိုအငြင်းပွားဖွယ်ရာ တရုတ်ကျောထောက်နောက်ခံပြု ငှက်ပျောစိုက်ခင်းများသည် ပဋိပက္ခဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ၂၀၀၇ ခုနှစ်က စတင်ပေါ်ပေါက်လာသည်။
ဒေသခံများ၏ ဆန့်ကျင်မှုရှိသော်လည်း စိုက်ခင်းများကို အထူးသဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားအနီးရှိ ဝိုင်းမော်မြို့နယ်တွင် အလျင်အမြန်တိုးချဲ့လာကြသည်။ ထိုစိုက်ပျိုးလုပ်ကိုင်သူများသည် အာဏာပိုင်များက ယခင်က စစ်ဘေးရှောင် ဒေသခံများကို အငှားချထားသည်မြေကို မတရားသိမ်းယူသည်ဟုလည်း စွပ်စွဲခံထားရသည်။
ထိုစိုက်ခင်းများတိုးချဲ့လာသောကြောင့် တိုက်ပွဲကြောင့် စစ်ရှောင်ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူ များ (IDPs) အတွက် စခန်းများတွင် နေထိုင်နေကြသူများသည် ၎င်းတို့မြေများကျူးကျော်ခံရပြီး နေရပ်ပြန်သောအခါ စိုက်ပျိုးလုပ်ကိုင်ရန် မြေမရှိတော့မည်ကို ပိုမို စိုးရိမ်လာကြသည်။
ငှက်ပျောစိုက်မြေဧက ၆၃၀၀၀ ကျော်ခန့်ကို တရားဝင်မှတ်တမ်းတင်ထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးဌာနကတရားဝင်ကြေညာထားသော်လည်း ပြည်နယ် လူမှုအခြေပြု အဖွဲ့အစည်းများ၏အဆိုအရ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်နှင့် ဒေါ့ဖုန်းယန် စသည့် မြို့နယ်များတွင် ငှက်ပျောစိုက်ခင်း ဧက ၁၇၀၀၀၀ ကျော်ရှိသည်စု မှတ်တမ်းတင်ထားသည်။
“အစိုးရရဲ့ သတင်းအချက်အလက်တွေနဲ့ မြေပြင်ကသတင်းအချက်အလက်တွေကွဲပြားနေတာကို ကျနော်တို့စစ်ဆေးသွားပါမယ်” ဟု ဦးကျော်ကျော်ဝင်းပြောသည်။
ကန့်သတ် သစ်တောဧရိယာတွေထဲမှာဌက်ပျော်ခင်းများ ဝင် စိုက်နေတာကိုတွေ့ရှိထားပြီး ထိုသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော့်အိမ်နားက ကန့်သတ်သစ်တောနေရာမှာ ငှက်ပျောခင်းတွေတိုးချဲ့စိုက်ထားတာရှိတယ်” ဟု ဦးကျော်ကျော်ဝင်းပြောသည်။
” အရေးယူတဲ့အထဲမှာ သူတို့ကို သစ်တောပြန်ပြီး စိုက်ပျိုးခိုင်းမလားပါ စဉ်းစားထားတယ်။ သစ်တော သစ်ပင်တွေ ပြန်စိုက်ပျိုးဖို့ခိုင်းရမယ်။ ကျွန်း ပျဉ်းကတိုးတို့ စိုက်ဖို့ လုပ်ရမယ်” ဟု သူကပြောသည်။
ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အဆိုအရ ငှက်ပျောစိုက်ခင် းမှတ်ပုံတင်ထားသော ပြည်တွင်း ကုမ္မဏီ ၄၀ ရှိသည်ဟု သိရသည်။ သို့သော် ငှက်ပျောစိုက်ခင်းများ၏ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်လုပ်ငန်းအမည်ခံ တရုတ်ကုမ္မဏီများက လုပ်ကိုင်နေခြင်းဖြစ်ကြောင်း လူမှုအခြေပြုအဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများကပြောသည်။
“ကုမ္ပဏီအများစုက တရုတ်ကျောထောက်နောက်ခံပြု ကုမ္ပဏီတွေပါ။ ဒါကို လူတိုင်းသိပါတယ်။ သူတို့ဒီမှာ ငှက်ပျောစိုက်ချင်ရင် တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု လုပ်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ တရားဝင် တင်ပြီး လုပ်ဖို့်ညွှန်ကြားမယ်” ဟု ဦးကျော်ကျော်ဝင်းပြောသည်။
ထိုကုမ္ပဏီများတွင် ဒေသခံအလုပ်သမားများသည် အခွင့်အရေးချိုးဖေါက်မှုများ၊ အထူးသဖြင့် တရုတ်လုပ်သားများထက် လုပ်အားခ လျှော့ပေးခြင်းကို ခံနေကြရသည်ဟု လူမှုအခြေပြုအဖွဲ့အစည်း ၁၁ ခုပါဝင်သော မြေယာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထို့အပြင် တရုတ်လုပ်သားများ အများအပြား ဝင်ရောက်လာသောကြောင့် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုလည်း တိုးလာသည်ဟု ဒေသခံများကပြောသည်။
ကော်မတီသည် ငှက်ပျောစိုက်ခင်းများသို့ တရုတ်အလုပ်သမားများ ဝင်ရောက်မှုကို ထိန်းချုပ်ရန် မူဘောင်တခုလည်း ချမှတ်မည်ဟု စိုက်ပျိုးရေး ဝန်ကြီးပြောသည်။
“ငှက်ပျောစိုက်ခင်းတွေမှာ လုပ်ချင်တဲ့ တရုတ်အလုပ်သမားတွေအတွက် စည်းမျဉ်းတွေကိုလည်း ကျနော်တို့ ချမှတ်ဖို့စီစဉ်မယ်။ ဒီပြဿနာကို လူဝင်မှုကြီးကြပ်ရေးနဲ့အတူ လုပ်ဆောင်သွားမယ်” ဟုလည်း သူပြောသည်။
“ကျနော်တို့မှာ စိန်ခေါ်မှုတွေရှိတယ်။ တချို့နေရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နေရာတွေဖြစ်နေတာကြောင့် လုံခြုံရေးအရ သွားရောက် မစစ်ဆေးနိုင်တဲ့နေရာတွေ ရှိပါတယ်” ဟု သူရှင်းပြသည်။
အစိုးရ၏မဟာမိတ်ဖြစ်သော ဒီမိုကရေစီသစ် တပ်မတော် ကချင်ပြည်သူ့စစ် ထိန်းချုပ်မှုအောက်ရှိ ကချင်ပြည်နယ် အထူးဒေသ (၁) တွင် ငှက်ပျောအကြီးအကျယ် စိုက်ပျိုးနေသည်ဟု ကချင်ပြည်နယ်အခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းများက ပြောကြားကြသည်။ သို့သော် လုံခြုံရေးအခြေအနေကြောင့် ထိုဒေသမှ သတင်းအချက်အလက်များကို ရရှိရန် ခက်ခဲနေသည်။.
တရုတ်ကျောထောက်နောက်ခံပြု စိုက်ခင်းများသည် ဒေသရပ်ရွာအသိုင်းအဝန်းများကို ထိခိုက်စေသည်ဟု မြစ်ကြီးနားခရိုင် မြို့နယ် ၂ ခုမှ လယ်သမား ၅၀ ခန့်က မီဒီယာများကို လွန်ခဲ့သော အပါတ်ကပြောသည်။ ၎င်းတို့ရွာများအနီးမှ ငှက်ပျောစိုက်ခင်းများကို ဆန့်ကျင်ခြင်းကြောင့် တရုတ်ကုမ္ပဏီများ၏ ခြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်ရကြောင်း ထိုလယ်သမားများပြောသည်။
ဝိုင်းမော်မြိဲ့နယ်အတွင်းရှိ အငြင်းပွားဖွယ်ရာ တရုတ်ကျောထောက်နောက်ခံပြု တစ်ရှူးငှက်ပျောစိုက်ခင်းများ နှင့် ပတ်သက်သော ဒေသခံများ၏ ပူပန်မှုများကို သတင်းတင်ပြရေးသားသော သတင်းသမား ၂ ဦးကို မကြာသေးမီက သတ္တုတွင်းကုမ္ပဏီတခုက ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
ထိုဒေသမှ ကုမ္ပဏီများသည် ပိုးသတ်ဆေးများ၊ ပေါင်းသပ်ဆေးများ၊ ဓါတ်မြေသြဇာများအသုံးပြုပြီး သတိလက်လွတ် စွန့်ပစ်သည်ဟု လီဆူးလူမှု အခြေပြု အဖွဲ့အစည်း၏ ၂၀၁၇ ခုနှစ် သဘာဝပတ်ဝန်းကျင် လေ့လာမှုအရ သိရသည်။ ထို့ကြောင့် ဒေသတွင်း ရေပေးဝေစနစ်များကို ညစ်ညမ်းစေပြီး မြေပျက်ဆီးကာ ငါးများ၊ တိရစ္ဆာန်များကို သေကြေစေသည်။
( Nan Lwin ၏ Kachin Gov’t Vows to Crack Down on China-Backed Banana Plantations ကို ဘာသာပြန်သည်။)