ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာသတင်းများကြောင့် အနောက်တိုင်းမှ မြန်မာသို့ လာရောက်သည့် ခရီးသည် အရေအတွက် ကျဆင်းသည်ဟု ယုံကြည်ထားသဖြင့် မြန်မာ့ ကုန်သွယ်ရေး အနေဖြင့် ဥရောပဈေးကွက် အလားအလာ ကောင်းလာစေရေးကို ပိုမိုမျှော်လင့်နေသည်။
မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက် ဈေးကွက်မြှင့်တင်ရေးအသင်း (MTM) ၏ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ဥရောပ ဈေးကွက် ပြန်လည် ဦးမော့လာစေမည့် လက္ခဏာကို ရှုမြင်သုံးသပ်လျှက်ရှိ ကြောင်း ခရီးသွားလုပ်ငန်း သတင်းဝက်ဘ်ဆိုက် TTGAsia က ရေးသည်။
“၂၀၁၈ ခုနှစ်ဟာ စိန်ခေါ်မှု များပြားတဲ့ နှစ်တနှစ်ပါ။ ဒါပေမယ့် ဥရောပ ခရီးသည်ကျဆင်းနေတာ (အရင်နှစ် အလားတူကာလ) ၃၅ ရာခိုင်နှုန်း ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ၅ ရာခိုင်နှုန်းအထိ ပြန်တက် လာတဲ့အတွက် တိုးတက်မှုရှိတာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။
Khiri Travel Myanmar ၏ မန်နေဂျင်းဒါရိုက်တာ အက်ဒဝင်ဘရီးယဲစ် ကလည်း ယခုနှစ် ဇန်နဝါရီလ ကတည်းက စတင်၍ နယ်သာလန်နှင့် စကင်ဒီနေးဗီယန်း ကျွန်းဆွယ်နိုင်ငံများ ဈေးကွက် မြန်မာနိုင်ငံတွင် အကျိုးအမြတ် အနည်းငယ် တိုးပွားလာမှုကို စောင့်ကြည့် လေ့လာနေသည်။
“ဒါက ရှိရင်းစွဲဈေးကွက်တွေ ပိုလာတာပါ။ ဒါပေမယ့် ဒီနိုင်ငံတွေက မိသားစုတွေ မြန်မာနိုင်ငံအကြောင်း မေးမြန်း စုံစမ်းလာတာတောင် ရှိပါတယ်။ တကယ်လို့ မိသားစုခရီးစဉ်တွေက ပြန်လာကြမယ်ဆိုရင် အိမ်တိုင်း အိမ်တိုင်း လာကြမယ့်သဘော ရှိပါတယ်” ဟု သူက မှတ်ချက်ချသည်။
ယင်းသို့ အပြုသဘောဆောင်လာသည့် သဘောထားများက မြန်မာ့ခရီးသွား လုပ်ငန်းအတွက် ဘာလင် နိုင်ငံတကာ ခရီးသွားလုပ်ငန်း (Internationale Tourismus-Börse Berlin) သု့ိ ဂုဏ်သိက္ခာရှိစွာ ထိုးဖောက်နိုင်ရန် တွန်းအားပေးနေသည်။
မြန်မာ့ခရီးသွား လုပ်ငန်းဈေးကွက် ရှာဖွေရေး (MTM) က မြန်မာနိုင်ငံ၏ သာယာလှသော နေရာသစ်တွေ့ရှိမှု ၉ ခုကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ကျိုင်းတုံ၊ လွိုင်ကော်၊ မြိတ်ကျွန်းစု၊ မိုးကုတ်၊ ဝိတိုရိယတောင်၊ မြောက်ဦး၊ ပူတာအို၊ ဘားအံနှင့် သီပေါ စသည့်လူသိနည်းသော ခရီးသွားဦးတည်ရာ နေရာ ၉ ခုအပေါ် အဓိက အာရုံစိုက်၍ နိုင်ငံ၏ သဘာဝအလှနှင့် ဆွဲဆောင်မှုတမျိုးစီ ကောင်းပုံတို့ကို အလေးပေး ဖော်ပြခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က TTG Asia သို့ ပြောကြား ရာတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ခရီးသွားဆွဲဆောင်ရေး လှုပ်ရှားမှုမှာ ကွဲပြားခြားနားသော အုပ်စုများနှင့် အစိတ်အပိုင်းများကို ပစ်မှတ်ထားလျှက် ဒီဂျစ်တယ်မီဒီယာ အရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ခရီးသွားလာမှု အတွေ့အကြုံများအပေါ် ပိုမိုအားကောင်းစွာ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။
“မြန်မာနိုင်ငံဟာ ယဉ်ကျေးမှု အမွေအနှစ်ပိုင်း အနေနဲ့တင် ဦးတည်ရာ နိုင်ငံတနိုင်ငံမဟုတ်ပါဘူး။ ဒီထက်ပိုပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စတဲ့ ဂန္ထဝင်နေရာ ၄ နေရာထက် ပိုပြီး တခြားနေရာတွေလည်း ရှိပါသေးတယ်” ဟု သူက အလေးပေး ပြောကြားခဲ့သည်။
လွန်ခဲ့သော ၁၅ နှစ်ကျော်က ဈေးကွက် ထိုးဖောက်မှု အရှိန်မြှင့်ခဲ့သည့်အကျိုးကြောင့် မြန်မာနိုင်ငံအကြောင်း ဈေးကွက် ဗဟုသုတ ပိုမိုရရှိခဲ့ဖူးသည့် သြစတြီးယား နိုင်ငံသည် မြန်မာ့ခရီးသွား ဈေးကွက်အတွက် အခွင့်အလမ်း တရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် တောင်တက်ခြင်းနှင့်ရေငုပ်ခြင်းအပိုင်းတို့ ဖြစ်ကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။
ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပိုလန်နိုင်ငံတို့အပါအဝင် ဥရောပအစိုးရများ ထံသို့ ၎င်းတို့နိုင်ငံသား အသီးသီးအတွက် မြန်မာနိုင်ငံတွင် ဆိုက်ရောက်ဗီဇာ စနစ်တကျ လျှောက်ထားနိုင်ကြောင်း ကမ်းလှမ်းချက်ကို ပေးပို့ထားသည် ဟုလည်း ဦးအုန်းမောင်က ရှင်းပြသည်။
ယင်း၏ တုံ့ပြန်မှုအနေဖြင့် မြန်မာအစိုးရသည် လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေရေး ရည်ရွယ်လျက် ရွေးချယ် ထားသော ဥရောပ ဈေးကွက်အတွက် အပန်းဖြေဗီဇာ ထုတ်ပေးနိုင်ရန် စီစဉ်လျှက်ရှိသည်။
တချိန်တည်းမှာပင် စကင်ဒီနေးဗီယန်း လေကြောင်းလိုင်းများ မှာလည်း ငပလီကမ်းခြေသို့ ပျံသန်း ပြေးဆွဲ ခြင်းဖြင့် ၎င်းတို့ အကျိုးစီးပွားရှာရန် ဖြစ်လာခဲ့သဖြင့် မြန်မာအစိုးရသည် ယခုအခါ ငပလီရှိ ပြည်တွင်း လေဆိပ်ကို အဆင့်မြှင့်တင် မွမ်းမံနေပြီး တဆက်တည်းမှာပင် ကော့သောင်း၊ ထားဝယ်၊ ဟဲဟိုးနှင့်ပခုက္ကူတို့ရှိ လေဆိပ် ၄ ခုကိုလည်း နိုင်ငံတကာ အဆင့်မီအောင် ပြင်ဆင်နေသည်။
ထို့ထက်ပို၍ အီတလီနိုင်ငံမှ Neos လေကြောင်းလိုင်း ကလည်း မီလန်မြို့မှ ရန်ကုန်မြို့အထိ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက တိုက်ရိုက် ပျံသန်းမှု စတင်ခဲ့ပြီး အီတလီ ခရီးသွား ဈေးကွက်အတွက် လျင်မြန်စွာ ပြန်လည် ဦးမော့လာစေရေး အရှိန်အဟုန် မြှင့်တင်ပေးနေကြောင်း မေမြတ်မွန်ဝင်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ