လူ ၁၅၇ ဦးသေဆုံးခဲ့ရသည့် Ethiopian လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျခဲ့ရခြင်းသည် အောက်တိုဘာလ အတွင်းက Lion Air လေကြောင်းမှ လေယာဉ်ပျက်ကျခြင်းနှင့် ထင်ထင်ရှားရှား တူညီမှုများရှိနေကြောင်း အီသီယိုပီးယားနိုင်ငံက မတ် လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ မတ်လ ၁၀ ရက်နေ့တွင် ပျက်ကျခဲ့သည့် လေယာဉ် အပျက်အစီးများထဲမှ ပြန်လည်ရရှိခဲ့သည့် black box များကို ကနဦး လေ့လာသုံးသပ်မှုများက ထိုသို့ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ရလဒ်များအရ ဘိုးအင်းကုမ္ပဏီအတွက် အကျိုးအမြတ်များခဲ့သော 737 လေယာဉ်၏ နောက်ဆုံးပေါ် မော်ဒယ်နှင့် အတူ အဆိုပါ လေယာဉ်ပျက်ကျမှုက နှစ်ပေါင်းများစွာအတွင်း ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်မှုအခံရဆုံးနှင့် အဆင့်မြင့်စုံစမ်း စစ်ဆေးမှုအများဆုံး ဖြစ်ရပ်များထဲမှ တခုဖြစ်ခဲ့သည်။
လေယာဉ် ၂ စင်းလုံးက MAX 8 များ ဖြစ်ကြသည်။ ၂ စင်းလုံးက ပျံတက်ပြီး မိနစ်အနည်းငယ် အကြာတွင် လေယာဉ်မှူး များက ထိန်းချုပ်ရေးပြဿနာရှိကြောင်း သတင်းပို့ပြီးနောက် ပျက်ကျခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်၏ ဘေးကင်းလုံခြုံမှု အပေါ် စိုးရိမ်မှုများ ရှိလာခြင်းကြောင့် လေကြောင်း အာဏာပိုင်များက အဆိုပါ မော်ဒယ်ကို ပျံသန်းခွင့် ပိတ်ပင်တားဆီး ရန် ဖြစ်လာစေခဲ့သည်။ ဘိုးအင်း၏ ဈေးကွက်တန်ဘိုးကိုလည်း ဘီလီယံနှင့် ချီ၍ ဆုံးရှုံးစေခဲ့သည်။
“အင်ဒိုနီးရှားနိုင်ငံက (Lion Air) လေယာဉ်နဲ့ အလားတူကိစ္စမျိုးပါ။ အခုချိန်အထိဆိုရင် ပျက်ကျမှု၂ ခုကြားမှာ ရှင်းလင်းတဲ့ တူညီမှုတွေ ရှိနေပါတယ်” ဟု အီသီယိုပီးယား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Muse Yiheyis ကပြော သည်။
“အချက်အလက်တွေကို အောင်အောင်မြင်မြင် ပြန်လည်ရယူခဲ့ပါတယ်။ အမေရိကန် အဖွဲ့ရော ကျနော်တို့ အီသီယိုပီးယား အဖွဲ့ပါ အတည်ပြုခဲ့ပြီးပါပြီ” ဟု သူက ရိုက်တာသို့ ပြောသည်။ ၃ ရက် သို့မဟုတ် ၄ ရက်အကြာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနက သတင်းအချက်အလက်များကိုမို ထုတ်ပြန်ပေးမည်ဟု သူက ထပ်ပြောသည်။
သို့သော်လည်း ဝါရှင်တန်တွင်မူ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) နှင့် အမေရိကန် အမျိုးသား ပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့(NTSB) တို့က အချက်အလက်များကို အတည်မပြူရသေးကြောင်း အမေရိကန် တာဝန်ရှိသူ များက ရိုက်တာသို့ ပြောသည်။
MAX ဂျက်လေယာဉ်များတွင် အသုံးပြုသည့် MCAS ခေါ် ပျံသန်းမှုထိန်းချုပ်ရေး စနစ်အား ဘိုးအင်း၏ ဘေးကင်းလုံခြုံမှု လေ့လာဆန်းစစ်မှုတွင် အရေးပါသည့် ပြစ်ချက်များစွာ ရှိနေကြောင်းနှင့် တခုမှာ စနစ်၏ အစွမ်းကို လျှော့တွက် ခဲ့ခြင်းဖြစ်ကြောင်း Seattle Times သတင်းစာက မတ်လ ၁၇ ရက်နေ့တွင် ရေးသားခဲ့သည်။
FAA ကလည်း MAX လေယာဉ်များနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများနှင့် စံသတ်မှတ်ချက် အသိအမှတ်ပြု လုပ်ငန်းစဉ်ကို စေ့စေ့စပ်စပ် မပြုလုပ်ခဲ့ကြောင်း Seattle Times က FAA ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကား၍ ရေးသည်။
သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် FAA က ငြင်းပယ်ခဲ့သော်လည်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး လုပ်ငန်း စဉ်နှင့် ပတ်သက်၍ ယခင် ကြေညာချက်များကို ပြန်လည်ရည်ညွှန်းခဲ့သည်။ FAA ၏ စံသတ်မှတ်ချက်လုပ်ငန်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အကျွမ်းတဝင် ရှိသူများကို ကိုးကား၍ Wall Street Journal က ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများသည် MAX ဂျက်လေယာဉ်များကို FAA ၏ ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်းနှင့် ဝါရှင်တန်မှ ဂျူရီအဖွဲ့တခုက MAX လေယာဉ်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သူ အနည်းဆုံး ၁ ဦးကို ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့ကြောင်း ပြောသည်။
မတ်လ ၁၁ နေ့ (Ethiopian လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျပြီးနောက်တရက်) ရက်စွဲဖြင့် ဆင့်ခေါ်စာက တရားရေး ဌာန(DoJ)၊ ရာဇဝတ်မှုဌာနခွဲမှ အစိုးရ ရှေ့နေတဦးမှ ဆက်သွယ်ခြင်းအဖြစ် ဖော်ပြထားပြီး စာရွက်စာတမ်းများကို ယခုလ နှောင်းပိုင်းတွင် လွှဲပြောင်းပေးရန် တောင်းခံထားသည်ဟု သတင်းစာက ဆိုသည်။
လ ူ၁၈၉ ဦးသေဆုံးခဲ့ရသည့် Lion Air လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်နေသော ထိန်းချုပ်ရေး စနစ်(MCAS ) ကို အလေးပေးသည့် ပို့ဆောင်ရေးဌာန၏ စုံစမ်းစစ်ဆေးမှုနှင့် တရားရေးဌာန၏ ယခုဆင့်ခေါ်စာက သက်ဆိုင်ခြင်း ရှိ/မရှိ မသဲ ကွဲသေးကြောင်း Wall Street က ထပ်မံ၍ ပြောသည်။
Wall Street ၏ သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် FAA နှင့် ဘိုးအင်းကုမ္ပဏီတို့က ငြင်းဆန်ခဲ့ကြသည်။
လေယာဉ်ကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သော အစိုးရ အရာရှိ ၂ ဦးက အရေးပါသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စတခုကို ပို့ဆောင်ရေး ဌာနက စုံစမ်းစစ်ဆေးခြင်းက အံ့သြစရာ မဟုတ်ကြောင်း သို့သော် သတင်းကို ချက်ချင်း အတည်မပြုနိုင် ကြောင်း ရိုက်တာသို့ ပြောသည်။
လုံခြုံမှုဆိုင်ရာ သုံးသပ်ချက်
ပျက်ကျခဲ့သည့် Ethiopian လေကြောင်းလိုင်းလေယာဉ်၏ black box မှ အချက်အလက်များကို သုံးသပ်ပြီးနောက် စုံစမ်းစစ်ဆေးသူများသည် အဓိပ္ပါယ်ဖော်သည့် လုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ပြီး NTSB နှင့် FAA တို့က အချက်အလက်များကို စိစစ်ခြင်းနှင့် အတည်ပြုခြင်းများတွင် ကူညီပေးလိမ့်မည်ဟု တာဝန်ရှိသူတဦးက ရိုက် တာသို့ ပြောသည်။
အချက်အလက်များနှင့် အသံသွင်းမှတ်တမ်းများနှင့် ပတ်သက်၍ (သက်ဆိုင်ရာ) အဖွဲ့များကြားတွင် သတင်းအချက် အလက် အနည်းငယ်မျှသာ ဖြန့်ဝေထားသည်ဟု ဒုတိယ သတင်းရင်းမြစ်တခုက ပြောသည်။
အကြမ်းဖျင်းအားဖြင့် အုပ်စု ၁၈၀၀ ခန့်ရှိမည့် ပျံသန်းရေး အချက်အလက်များ၊ လေယာဉ်မောင်းခန်းမှ ၂ နာရီစာ မှတ် တမ်းများ၊ ပျက်ကျခဲ့ရသည့် ၆ မိနစ်ကြာခရီးစဉ်အတွင်း နှင့် အစောပိုင်းခရီးစဉ်များတွင် ဖြစ်ပျက်ခဲ့သည်များထဲမှ မည်မျှက အီသီယိုပီးယား၏ ကနဦးလေ့လာသုံးသပ်မှုတွင် ပါဝင်ခဲ့ကြောင်းကို ရှင်းလင်းစွာ မသိရပါ။
နိုင်ငံတကာ ဥပဒေများအရ ကနဦး အစီရင်ခံစာကို ပျက်ကျပြီး ရက် ၃၀ အတွင်းတွင် ထုတ်ပြန်ပေးရန် လိုအပ်သည်။
ထိုကဲ့သို့ လူသိများသော ကိစ္စများတွင် စုံစမ်းကိုင်တွယ်ရသည့် အဖွဲ့အစည်းများကြား ပျက်ကျရခြင်း အကြောင်းရင်း နှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနိုင်ကြောင်း ယခင်လေယာဉ်ပျက်ကျမှု အစီရင်ခံစာများက ဖော်ပြနေသည်။
ပါရီတွင် ပြင်သစ်နိုင်ငံမှ BEA လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဂျက်လေယာဉ်၏ လေယာဉ် မောင်းခန်းမှ အသံမှတ်တမ်းများကို အောင်မြင်စွာ download ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟုပြောသည်။ အသံဖိုင်များကို နားမထောင်ရသေးကြောင်းနှင့် အချက်အလက်များကို အီသီယိုပီယား စုံစမ်းစစ်ဆေးသူများထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း BEA က Twitter တွင် ပြောကြားခဲ့သည်။
Addis Ababa တွင် လေကြောင်းထိန်းသိမ်းရေးမှ လေယာဉ်၏ ဆက်သွယ်မှု အသံမှတ်တမ်းများကို နားထောင်ပြီးဖြစ်သော သတင်းရင်းမြစ်တခုက လေယာဉ်ခရီးစဉ် ၃၀၂ သည် ပျံတက်ပြီးနောက်တွင် ပုံမှန်မဟုတ်သည့် အရှိန်မြင့်တက်မှု ဖြစ်ခဲ့ပြီး နောက် ပြဿနာကို သတင်းပေးပို့ခဲ့ပြီး လျှင်လျှင်မြန်မြန ပြန်ဆင်းရန် ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း ပြောသည်။
လေယာဉ်ပျက်ကျခဲ့ပြီးသည့် အချိန်မှစ၍ ရက်သတ္တတပတ်အတွင်း အစုရှယ်ယာတန်ဖိုး ၁၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့ရ သည့် ဘိုးအင်းကုမ္ပဏီက ၇၃၇ MAX8 လေယာဉ်တွင် ဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှုတခု ပြုလုပ်သွားမည်ဟု ပြောသည်။ MAX8 လေယာဉ်ကို ဧပြီလမတိုင်မီ ဒီဇိုင်း အပြောင်းအလဲများပြုလုပ်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း FAA က ပြော ကြားခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် ဘိုးအင်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုးကား ။ ။ Reuters