စီးပွားရေး

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၄ သန်းဖိုး ရရှိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တွင် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကျင်းပသော ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် ချင်းပြည်နယ် အစိုးရသည် စုစုပေါင်း ဒေါ်လာ ၅၄ သန်းတန်ကြေးရှိသော စီမံကိန်းများအတွက် နားလည်မှု စာချွန်လွှာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ထို ရင်းနှီးမြှုပ်နှံမှု ပွဲတော်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်များအနက် တခုဖြစ်သော ချင်းပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ထိုကုမ္ပဏီ ၄ ခု၏ စီမံကိန်းများအနက် အကြီးမားဆုံးမှာ Norway Power Co. Ltd. ဓာတ်အားပေး စက်ရုံ တရုံအတွက် ဒေါ်လာ သန်း ၅၀ တန်သော စီမံကိန်းဖြစ်ပြီး ထိုရင်းနှီးမြှုပ်နှံမှုသည် ချင်းပြည်နယ်တွင် ပထမဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

ပြည်နယ်အစိုးရသည် ဒေါ်လာ ၁ သန်းတန် စိုက်ပျိုးရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအတွက် ချင်းတောင် ရတနာ ကုမ္ပဏီနှင့်လည်းကောင်း၊ ကျပ် ၃ ဘီလျံ (ဒေါ်လာ ၂ သန်း နီးပါး) တန် အိမ်ယာ စီမံကိန်းအတွက် Khumi Institute နှင့်လည်းကောင်း၊ ကျပ် ၂.၄ ဘီလျံ ( ဒေါ်လာ ၁.၆ သန်းနီးပါး) တန် ဟိုတယ် စီမံကိန်း အတွက် KL Amazing Co. Ltd နှင့် လည်းကောင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်ဟု ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး၏ အဆိုအရ သိရသည်။

“ဒီစီမံကိန်းတွေကို ဦးစားပေးအနေနဲ့ သတ်မှတ်ထားပြီး အခွန် ကင်းလွတ်ခွင့် ခုနစ်နှစ် ခံစားရမှာ ဖြစ်ပါတယ်” ဟု ဦးမင်းဇော်ဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းနေခြင်းကို ဖြေရှင်းရန် အစိုးရ၏ အားထုတ်မှုအနေဖြင့် ထိုနှစ်ရက်ကြာ ပွဲတော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ UK Aid ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အားပေးထောက်ခံမှုဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်တွင် တည်ရှိသော ချင်းပြည်နယ်သည် တောင်တန်း ထူထပ်သော ဒေသဖြစ်ပြီး ထိုအခြေအနေကြောင့် အခြေခံအဆောက်အအုံ တိုးတက်မှုကို အဟန့်အတား ဖြစ်နေစေသည်။ ပြည်နယ်၏ အဓိက အစိတ်အပိုင်းများတွင် အခြေခံ အဆောက်အအုံနှင့် လျှပ်စစ် ဓာတ်အားမရှိပေ။ အစိုးရ၏ ဦးစားပေးကဏ္ဍများမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရေး၊ အခြေခံအဆောက်အအုံ၊ ရေအားလျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍများဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။

စနေနေ့က ကျင်းပသော ပွဲတော်ဖွင့်ပွဲသို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့သည်။

ချင်းပြည်နယ်သည် အိန္ဒိယနှင့် မြန်မာတို့အကြား သေနင်္ဂဗျူဟာ ကျသော စီးပွားရေး စြင်္ကန်တွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာသောကြောင့် ခိုင်မာသော အခွင့်အလမ်းများ ပေါ်ပေါက်လာကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် အခွင့်အလမ်းများကိုလည်း ပွဲတော်တွင် ပြသခဲ့သည်။

ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝနှင့် မင်းတပ်မြို့နယ်များမှ အခြေခံ အဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ၊ ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များမှ စိုက်ပျိုးရေး၊ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် ရိုးရာ အထည်ရက်လုပ်ငန်းများ၊ ခိုနမ်ဆမ် အမျိုးသားဥယျာဉ်၊ ရိဒ်ရေကန်၊ ကီမို သဘာ၀ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စိန်မူအမျိုးသားဥယျာဉ်တို့မှ ခရီးသွားလုပ်ငန်းများနှင့် ခွာဒို ပွဲတော်၊ မဏိပူရ်၊ လေးမြို့မြစ်၊ တီးတိန်မြို့နယ် ဘဝင်နုမှ ရေအား၊ လေအား လျှပ်စစ်လုပ်ငန်းများကို ပွဲတော်တွင် ပြသခဲ့သည်။

အစိုးရသည် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း တိုးတက်ရန်အတွက် ပြည်နယ်၏ ပထမဆုံး လေဆိပ်တခု ဖြစ်သည့် ဆာဘန် လေဆိပ်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်အနီး ဖလမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်က တည်ဆောက်ရန် စီစဉ်နေကြောင်း နိုင်ငံပိုင် သတင်းစာများ၏ အဆိုအရ သိရသည်။

အမေရိကန်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ သြစသြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ ဘယ်လ်ဂျီယမ်၊ အစ္စရေး၊ ဘရူနိုင်းနှင့် ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် ၈၀၀ ခန့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်တက်ရောက်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီဌာန၏ အဆိုအရ သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိစီမံကိန်း အကောင်အထည် ဖော်နေသော နိုင်ငံများတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တက်ရောက်သူ အများဆုံး ဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလက နေပြည်တော်တွင် ကျင်းပသော ပထမဆုံး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ချင်းပြည်နယ်အတွက် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွေးနွေးခဲ့သည်။ ထိုပွဲတော်အတွင်း ခရီးသွားလုပ်ငန်း စီမံကိန်း ၁၀ ခုနှင့် စွမ်းအင်ကဏ္ဍမှ စီမံကိန်း ၂၈ ခုအပါအဝင် မြန်မာနိုင်ငံတဝန်းမှ အခွန်ကင်းလွတ်ခွင့်ရ စီမံကိန်း ၃၈ ခုကို ပြသခဲ့သည်။

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်သည် လွန်ခဲ့သော နှစ်က စတင်ခဲ့သည့် အစိုးရ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (MIPP) ၏ အစိတ်အပိုင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် လွန်ခဲ့သော ၂ နှစ်အတွင်း သိသိသာသာ ကျဆင်းခဲ့ပြီးနောက် အစိုးရသည် MIPP အရ လာမည့် နှစ် ၂၀ အတွင်း တာဝန်သိပြီး အရည်အသွေး မီသော စီးပွားရေးလုပ်ငန်းများမှ တဆင့် ဒေါ်လာ ဘီလျံ ၂၀ အထိ ရရှိမည်ဟု ခန့်မှန်းထားသည်။

ဖေဖော်ဝါရီလအတွင်းက အစိုးရသည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို အပမ်းဖြေ ကမ်းခြေမြို့ဖြစ်သော ငပလီတွင် ကျင်းပခဲ့ပြီး ဦးစားပေး စီမံကိန်း ၆ ခုကို ပြသခဲ့သည်။ ထိုပွဲတော်တွင် ခရီးသွားလုပ်ငန်းမှ ဒေါ်လာ ၄.၉ ဘီလျံ တန်ကြေးရှိ စီမံကိန်းများအတွက် စိတ်ပါဝင်စားမှု အဆိုပြုလွှာ (EOIs) ကို ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံသူများက လက်မှတ်ရေးထိုးခဲ့သည်။

(Nan Lwin ၏ Private Investments Worth $54M for Chin State ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading