နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ကာကွယ်ရေးဝန်ဆောင်မှုပေးရန် အမေရိကန် စစ်ရေးကန်ထရိုက်တာဟောင်း အီရစ်ခ်ပရင့်စ်နှင့် လုံခြုံရေးလုပ်ငန်းတခုတို့ မြန်မာတွင်လည်း ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း AFP သတင်းတပုဒ်က ဆိုသည်။
ဟောင်ကောင်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော Frontier Services Group မှ ကျွမ်းကျင်သူများက အန္တရာယ်များပြားပြီး ပဋိပက္ခပြည့်နှက်နေသောဒေသများတွင် လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ စွန့်စားလုပ်ကိုင်ရခြင်းအတွက် ပံပိုးပေးသွားမည်ဟု သိရသည်။
ကုမ္ပဏီဘုတ်အဖွဲ့ဝင်နှင့် ၎င်းကုမ္ပဏီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပရင့်စ်သည် အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ (Navy SEAL) တွင် တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော Blakwater ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းပူးတွဲတည်ထောင်သူ ဖြစ်သည်။ ၎င်းသည် အမေရိကန်ပညာရေးအတွင်းဝန် ဘက်ဆီဒဗာ့စ်နှင့်လည်း ညီအစ်ကိုတော်စပ်သည်။
နောက်ပိုင်း အမည်ပြောင်းလဲခဲ့သော Blackwater ၏ ဝန်ထမ်းများသည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့၌ အမေရိကန်က ဆင်နွှဲခဲ့သောစစ်ပွဲများအတွင်း လက်နက်မဲ့အီရတ်အရပ်သား ၁၄ ဦးကို ၂၀၀၇ ခုနှစ်က သတ်ဖြတ်မှုအပါအဝင် အငြင်းပွားဖွယ်ရာ အခန်းကဏ္ဍမှ လှုပ်ရှားဆောင်ရွက်ခဲ့သူများ ဖြစ်ကြသည်။
Frontier Services Group(FSG) သည် စင်ကျန်းဒေသတွင် လေ့ကျင့်ရေးဌာနတခု တည်ထောင်ရန် တရုတ်နှင့် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း AFP က ပြီးခဲ့သည့်ဖေဖော်ဝါရီလ၌ သတင်းဖော်ပြခဲ့သည်။ စင်ကျန်းသည် ဝီဂါမွတ်ဆလင်များကို ပစ်မှတ်ထား မကြုံစဖူးနှိမ်နင်းပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်မှုများလည်း ပါဝင်ကြောင်း သတင်းထွက်နေသော ဒေသဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်း ကုမ္ပဏီပြောခွင့်ရသူတဦးက အတည်ပြုကြောင်း သတင်းက ဆိုသည်။
“FSG ကို မြန်မာနိုင်ငံမှာ ဖက်စပ်လုံခြုံရေးကုမ္ပဏီအနေနဲ့ ဖွင့်လှစ်ထားပါတယ်။ မြန်မာက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက် နိုင်ငံတကာအဆင့်လုံခြုံရေးဝန်ဆောင်မှုပေးဖို့အတွက် လုံခြုံရေးလိုင်စင် ရရှိထားပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံသူတွေထဲမှာ တရုတ်၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ကလည်း အပါအဝင်ဖြစ်ပါတယ်” ဟု ၎င်းက AFP သို့ ပြောသည်။
အသေးစိတ်ဖြည့်စွက်ပြောကြားရန် ၎င်းက ငြင်းဆန်ခဲ့ပြီး FSG ကုမ္ပဏီအနေဖြင့် မည်သည့်နေရာတွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အဆိုပါလုပ်ငန်းကို ယမန်နှစ် ဇွန်လအလယ်ပိုင်းမှစ၍ လုပ်ကိုင်နေခဲ့သည်။
မြန်မာရှိ အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်း အများအပြားသည် မတည်မငြိမ်ဖြစ်နေသော နယ်စပ်ဒေသများတွင် တည်ရှိပြီး ထိုဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်မှုများ ရှိနေကြသည်။
ယင်းဒေသများထဲ ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးကို တပ်မတော်က ဆင်နွှဲခဲ့ရာခဲ့ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ မွတ်ဆလင် ၇၄၀,၀၀၀ ထွက်ပြေးသွားခဲ့သည်။ လတ်တလောတွင်လည်း ရက္ခိုင့်တပ်မတော် လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်နေရာ ဒေသခံတသောင်းခန့် စစ်ဘေးရှောင်နေသည်။ ထိခိုက် သေကြေမှုများ မြင့်တက်လာနေသည်။
FSG က ညွှန်းဆိုသည့် နိုင်ငံ ၃ နိုင်ငံစလုံးသည် နယ်စပ်ဈေးကွက်ထဲသို့ ငွေကြေးပုံအော သုံးစွဲနေကြပြီး အကြီးဆုံ းရင်းနှီးမြှုပ်နှံသူမှာ တရုတ်ဖြစ်ကြောင်း သိရသည်။
ဘေဂျင်းသည် ဆိပ်ကမ်းများ၊ ဆည်တမံများ၊ ပိုက်လိုင်းများနှင့် သတ္တုတွင်းများကို မြန်မာနိုင်ငံအနှံ့အပြား၌ ငွေကြေးစိုက်ထုတ်ပေးထားပြီး ထိုမျှနှင့်မနားသေးဘဲ ခေတ်သစ်ပိုးလမ်းမ၏ ကမ္ဘာ့အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းအောက်၌ ငွေအလုံးအရင်း ထပ်မံလှိမ့်ဝင်လာဦးမည်ဟု မျှော်လင့်ရသည်။
တရုတ်အစိုးရပိုင် CITIC အုပ်စု၏ လုပ်ငန်းခွဲဖြစ်သော CITIC အုပ်စု(မြန်မာ)သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ယင်းစီမံကိန်းကို နိုဝင်ဘာလက ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ၃ ဘီလီယံဖြင့် လက်မှတ်ရေးထိုးထားသည်။
CITIC အုပ်စုဥက္ကဋ္ဌ ချန်ကျင်မင်းသည် FSG ကုမ္ပဏီဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည်။
သို့သော် FSG အနေဖြင့် ကျောက်ဖြူစီမံကိန်းအပေါ် ဝန်ဆောင်မှုပေးမည် (သို့မဟုတ်) ပေးနေပြီ ဟုတ်/မဟုတ် CITIC (မြန်မာ) က သဘောထားမှတ်ချက် လတ်တလော ပေးနိုင်ခြင်း မရှိသေးပေ။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင် အဆင်းရဲပြည်နယ်တခုဖြစ်သော ရခိုင်ပြည်နယ်သို့ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် လိုလားနေသည်။
သို့သော် ဘင်္ဂ ါလီများပြန်ပို့ရေးကိစ္စ၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေဆဲ ပဋိပက္ခတို့၏ အနာဂတ်မှာ မရေမရာဖြစ်နေပြီး မည်သည့် အသွင်ကူးပြောင်းရေးကိုမျှ မမြင်ရသေးပေ။
အဆိုပါ မတည်မငြိမ်မှုများက လုံခြုံရေးကုမ္ပဏီများအတွက် အခြေအနေကောင်းတရပ် ဖန်တီးပေးသကဲ့သို့ ရှိသည်။ လူ့အခွင့်အရေးအုပ်စုများကမူ ဈေးကွက်ထဲသို့ FSG ဝင်ရောက်လာခြင်း၏ အဓိပ္ပါယ်ကို စိုးရိမ်ပူပန်နေကြသည်။
“လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အသားကျနေတဲ့ မြန်မာလို တိုင်းပြည်မျိုးမှာ အီရစ်ပရင့်စ်နှင့် FSG တို့ အံကိုက်ကျသွားတာက ဝမ်းနည်းစရာပါ” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဖီရောဘတ်ဆင်က ပြောကြားလိုက်ပြီး ယင်းလုပ်ငန်း၏လှုပ်ရှားမှုများကို စိစစ်အကဲဖြတ်သွားရန် သတင်းမီဒီယာများနှင့်လူမှုအဖွဲ့များအား တိုက်တွန်းထားသည်။
ကိုးကား ။ ။ AFP