မြန်မာနိုင်ငံ ကျောက်စိမ်းနှင့်ကျောက်မျက် ထုတ်လုပ်ရာတွင် စည်းကမ်းထိန်းချုပ်မှု မကောင်းသောကြောင့် ထုတ်လုပ်မှု ၃ ပုံ ၂ ပုံ၏ အခွန်အကောက်များ ဆုံးရှုံးနေကြောင်း Natural Resource Governance Institute (NGRI) ၏ အစီရင်ခံစာသစ်အရ သိရသည်။
ထိုသို့ ဆုံးရှုံးမှုနှင့် တရားဝင်ကျောက်မျက်၊ ကျောက်စိမ်းများကို ကာလရှည်ကြားစွာ တန်ဖိုးလျှော့ပြ မှတ်ပုံတင် ခြင်းကြောင့် မြန်မာနိုင်ငံသည် အခွန် ဒေါ်လာပေါင်းများစွာ နစ်နာနေသည်ဟု ကျွမ်းကျင်သူများက ယုံကြည် ကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီး ပတ္တမြား၊ နီလာနှင့် အခြား ကျောက်မျက် အများအပြားကို ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်သည်။ ထိုကျောက်မျက်ကုန်သွယ်မှုမှ အကျိုးအများဆုံး ခံစားရသူမှာ တရုတ်နိုင်ငံဖြစ်နေပြီး ပြောမပြနိုင်သော ကျောက်စိမ်းနှင့် ကျောက်မျက်များကို တင်သွင်းခြင်းနှင့် နယ်စပ်မှ မှောင်ခိုသွင်းခြင်းတို့ဖြင့် တိုးပွားများပြားလာသော အထက်လွှာတို့၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနေသည်။
ဗြိတိန်ကိုလိုနီဟောင်း ဖြစ်သော မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေပြီး ထိုစဉ်အတွင်းက နိုင်ငံတကာနှင့် ပိုမိုအထီးကျန်လာကာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများအနက် တခုဖြစ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကို ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းလိုက်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံသည် ကြီးမားမြန်ဆန်သော တံခါးဖွင့်စနစ်ကို လုပ်ဆောင်နေသည်။ လွန်ခဲ့သော နှစ်များအတွင်း စုစုပေါင်း အမျိုးသားထုတ်လုပ်မှု (GDP) မှန်မှန် တိုးတက်လာပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၆၉.၃၂ ဘီလျံဖြင့် ခေတ်အဆက်ဆက် အမြင့်ဆုံး ဖြစ်လာသည်။
ထိုသို့ ထူးခြားသော တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံသားများ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု အောက်တွင် နေထိုင်ကြရပြီး နိုင်ငံ၏ အခြေခံ အဆောက်အအုံမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် အဆင့် ၁၄၆ သို့ရောက်နေသည်။
အဓိကအားဖြင့် ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံသည် အခွန်လုံလောက်စွာ မကောက်ခံနိုင်ခြင်းကြောင့် ဖြစ်သည်။ အေးရှားဖောင်ဒေးရှင်း၏ မကြာသေးမီက အစီရင်ခံစာတခုအရ ၂၀၁၆-၁၇ ခုနှစ်က မြန်မာနိုင်ငံ၏ အခွန် ရရှိမှုသည် GDP ၏ ၆ မှ ၇ ရာခိုင်နှုန်းသာရှိပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တွင် အနိမ့်ဆုံး ဖြစ်နေသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အခွန်ရရှိမှုသည် တကမ္ဘာလုံး အဆင့်တွင်လည်း အခြား အဆင့်တူ နိုင်ငံများထက် နည်းနေပြီး ထိုနိုင်ငံများသည် ၎င်းတို့ GDP ၏ ၁၀ မှ ၂၀ ရာခိုင်နှုန်းကို အခွန်မှ ရရှိကြသည်။ ကျောက်စိမ်းနှင့် ကျောက်မျက် ကဏ္ဍအတွက် အခွန်စနစ်သစ် စတင်မိတ်ဆက်ခြင်းနှင့် ထိုစနစ်ကို တန်းတူညီမျှစွာနှင့် ပွင့်လင်း မြင်သာစွာ ကျင့်သုံးခြင်းသည် အများပြည်သူအတွက် လွန်စွာလိုအပ်နေသော ကုန်စည်နှင့် ဝန်ဆောင်မှုများ အတွက် ကြီးမားသော ဝင်ငွေပေးနိုင်သည်ဟု NRGI က အကြံပြုသည်။
ထိုကဲ့သို့သော အစီအစဉ်များကို လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အပြုသဘောဆောင်သည့် ခြေလှမ်း များကို လှမ်းလာခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပြန်လည်ပေါင်းစည်းရန်နှင့် တွင်းထွက် ကဏ္ဍတွင် အကျင့်ပျက်ခြစားမှု လျှော့ချရန် အစိုးရ၏ အားထုတ်မှု တစိတ်တပိုင်းအနေဖြင့် မြန်မာနိုင်ငံသည် သယံဇာတ လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အစီအစဉ် (EITI) သို့ အဖွဲ့ဝင်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။
EITI အဖွဲ့ဝင်ဖြစ်ရေးအတွက် ကုမ္ပဏီများနှင့် အစိုးရတို့သည် သယံဇာတများမှ ရရှိသော ဝင်ငွေကို လူသိရှင်ကြား ထုတ်ပြန်ကြေညာရန် လိုသည်။ ရိုးရှင်းစွာဆိုရပါက ထိုအစီရင်ခံစာများပါ ကိန်းဂဏန်းများသည် ကိုက်ညီမှု ရှိရမည်ဖြစ်ပြီး မကိုက်ညီပါက ငွေများ မည်သည့်နေရာတွင် ပျောက်ဆုံးသွားသည်ကို အများပြည်သူ သိနိုင်မည်ဖြစ်သည်။
၂၀၁၈ ခုနှစ် မတ်လက မြန်မာနိုင်ငံသည် ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ခုနှစ်များအတွက် EITI အစီရင်ခံစာများ တင်သွင်းခဲ့သည်။ သိသာသော တိုးတက်မှုများ ရှိနေသော်လည်း ထိုသို့ ထုတ်ဖော်ကြေညာမှုများသည် ကျယ်ပြန့်မှုနှင့် တိကျမှု အကန့်အသတ်များ ရှိနေကြောင်း NRGI က ရေးသားသည်။ ထိုအစီရင်ခံစာများအရ ကျောက်မျက်နှင့် ကျောက်စိမ်း ကုမ္ပဏီ ထက်ဝက်ခန့် ပျောက်ဆုံးနေသည်၊ မပြည့်မစုံဖြစ်နေသည် သို့မဟုတ် အစိုးရ၏ အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိဘဲ ဖြစ်နေသည်။ NRGI သည် ကျောက်မျက်လုပ်ငန်းနှင့် ပတ်သက်သူများကို တွေ့ဆုံမေးမြန်းပြီးနောက် မြန်မာအစိုးရသည် ထုတ်လုပ်မှု တန်ဖိုး၏ ၂ မှ ၅ ရာခိုင်နှုန်း အထိသာ အခွန်ကောက်ခံနေသည်ဟု ယုံကြည်သည်။
ပြဿနာ၏ တစိတ်တပိုင်းမှာ မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်ဖြစ်သည်ဟု NRGI အစီရင်ခံစာက ဆိုသည်။
“အခွန်ကို တရားဝင်နှုန်းအတိုင်း ကောက်ခံပါက မြန်မာနိုင်ငံတွင် မည်သူမျှ ကျောက်တူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်တော့မည် မဟုတ်ပေ” ဟု အထက်ပါ အစီရင်ခံစာကို ရေးသားသူ ပေါလ်ရှော့တဲလ်က ဖော်ပြသည်။ တရားဝင် အခွန်ကောက်ခံနှုန်းအရ ကျောက်မျက် ကျောက်စိမ်းများကို အခွန် ၂ ဆမှ ၃ ဆ အထိ ကောက်ခံသဖြင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုနှင့်တန်ဖိုးကို လျှော့ပေါ့ဖော်ပြကြသည်။
စည်းကမ်းကြီးကြပ်သူများကို လာဘ်ငွေ လျှို့ဝှက်ပေးကြပြီး ပွဲစားများက ထိုသို့နှင့် အခြားသော အခွန် ရှောင်မှုများကို အားပေးနေကြသည်။ ပိုမိုဆိုးရွားသည်မှာ ကုမ္ပဏီအများအပြားသည် ကျောက်မျက်နှင့် ကျောက်စိမ်းကို ဈေးကောင်းရသော တရုတ်နိုင်ငံသို့ မှောင်ခိုပို့ကြသည်။
ကုမ္ပဏီများသည် ကျောက်စိမ်းအတွက် အစိုးရကို အခွန်မဆောင်သောကြောင့် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် ကုန်ကျစရိတ်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်သည် အမြဲလိုလို ဖြစ်ပွားနေပြီး ကျောက်မျက်နှင့် ကျောက်စိမ်းသည် တိုင်းရင်းသားများ၏ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာများကို ပိုမိုဆိုးရွားစေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အစိုးရ ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ၊ မှောင်ခို လမ်းကြောင်းများကို ထိန်းချုပ်ပြီး အခကြေးငွေ ကောက်ခံကြကာ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များလည်း ထိုအဂတိလိုက်စားမှု၏ ကျယ်ပြန့်သော ကွင်းဆက်များတွင် ပါဝင်ကြသည်ဟု Global Witness မှ ပေါလ်ဒိုနိုဝဇ်က ပြောသည်။
ထိုငွေများဖြင့် လက်နက်ကိုင် ပဋိပက္ခအတွက် ဘဏ္ဍာငွေစိုက်ထုတ်ကြသည်။ ထိုပဋိပက္ခများကြောင့် အသက်များ ဆုံးရှုံးခြင်း၊ ကလေးစစ်သားများ အသုံးပြုခြင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူတသိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများကို ဖြစ်စေခဲ့သည်။ Global Wonks မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဟန်တာ မာစတန်က “ကျောက်စိမ်းလုပ်ငန်းသည် လက်နက်ကိုင်တိုက်ခိုက်မှုကို မီးထိုးပေးပြီး ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်း အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဖြစ်ပွားစေသည်” ဟု ဖော်ပြသည်။
တရုတ်နိုင်ငံသည် မြန်မာ့ကျောက်စိမ်း အများစုကို ဝယ်ယူသည်။ NRGI ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာအစိုးရသည် တရားဝင် ကျောက်မျက်ရတနာပြပွဲမှတဆင့် တနှစ် ပျမ်းမျှ ဒေါ်လာ ၁.၂ ဘီလျံဖိုး ရောင်းသည်ဟု မှတ်တမ်းတင်ထားသည်။ သို့သော် တရုတ်နိုင်ငံကမူ ထိုကာလအတွင်းတွင် ထိုပမာဏ၏ ၂ ဆကျော် ဖြစ်သော ဒေါ်လာ ၂.၆ ဘီလျံဖိုး တင်သွင်းနေသည်ဟု ဆိုသည်။
ထိုကိန်းဂဏန်းများသည် တခုနှင့် တခု ကိုက်ညီခြင်းမရှိကြောင်း ထင်ရှားသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တခုတည်းမှ မြန်မာ့ ကျောက်စိမ်း ထုတ်လုပ်မှု တန်ဖိုးမှာ ဒေါ်လာ ၃.၇ ဘီလျံနှင့် ၄၃.၁ ဘီလျံအကြား ရှိသည်ဟု NRGI ကခန့်မှန်းပြီး မြန်မာနှင့်တရုတ်နိုင်ငံတို့က ဖော်ပြသော ပမာဏထက် လွန်စွာများနေသည်။
နိုင်ငံ ပိုမိုကြွယ်၀ ချမ်းသာလာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ ကျောက်စိမ်းနှင့် ကျောက်မျက် ဝယ်လိုအား မြင့်မားနေပြီး အဆင့်မြင့် ကျောက်စိမ်းများ၏ ဈေးသည် ရွှေဈေးထက်ပင် ပိုမိုမြင့်မားနေသည်။ သို့သော် တရုတ်နိုင်ငံ၏ မြန်မာ့ကျောက်စိမ်း ဝယ်လိုအားသည် နှေးကွေးနေကောင်း နှေးကွေးနေနိုင်သည်။ ၂၀၁၂ ခုနှစ်တွင် စတင်တာဝန်ယူချိန်မှ စတင်ပြီး သမ္မတရှီကျင့်ဖျင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အပြင်းအထန် လုပ်ဆောင်နေသည်။ ကျောက်မျက်နှင့်ကျောက်စိမ်း မှောင်ခိုများက လာဘ်ငွေ အကြီးအကျယ် ပေးသော တရုတ်နယ်စပ် နေရာများတွင် လွန်စွာ သတိထား လုပ်ကိုင်နေကြရသည်။
မြန်မာ့ကျောက်စိမ်းလုပ်ငန်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့်အပြင် တရုတ် -မြန်မာ နယ်စပ် တည်ငြိမ်းရေးကို အားပေးရန် တရုတ်နိုင်ငံတွင် အကြောင်းရင်းများ ရှိနေသည်။ Seattle Pacific University မှ အရှေ့တောင်အာရှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘရက်ဒလေ ဂျင်ဆန် မာ့ဂ်က မြန်မာနိုင်ငံ တည်ငြိမ်ရေးသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်၏ ယူနန်မှ ဘင်္ဂလားပင်လယ်အော်သို့ ဆက်သွယ်သည့် စြင်္ကန်တည်ဆောက်ရေး အတွက် လွန်စွာအရေးပါသည်ဟု ဆိုသည်။
“မြန်မာစြင်္ကန်ရဲ့ အရေးပါမှုကို လျှော့တွက်လို့မရဘူး။ ဒီနေရာတွေမှ မတည်ငြိမ်ရင် ဒါမှမဟုတ် အခြေအနေ ဆိုးနေရင် စြင်္ကန်ဟာ မရေရာဖြစ်ပြီး တရုတ်နိုင်ငံ အတွက် အဓိကကျတဲ့ ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် မအောင်မမြင် ဖြစ်မယ်။ အနည်းဆုံး အကြီးအကျယ် နှောင့်နှေးမယ်” ဟု သူကပြောသည်။ ထို့ကြောင့်ပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင် နေခြင်းဖြစ်သည်။
လွန်ခဲ့သော နွေရာသီက တရုတ်အစိုးရသည် KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်စေရန် နောက်ကွယ်မှ ပါဝင် လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံ ပါဝင် လုပ်ဆောင်သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျာသည် တိုးတက်မှု မရှိသလောက် ဖြစ်နေပြီး အထူးသဖြင့် သယံဇာတ ပိုင်ဆိုင်မှုြုပဿနာကြောင့် ဖြစ်သည်။
ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ဥပဒေသစ်သည် လတ်တလော ဥပဒေပြုရေး လုပ်ငန်းစဉ် အတွင်း တွင်သာ ရှိနေသော်လည်း ပြုပြင်ပြောင်းလဲ လိုသူများက ထိုဥပဒေကို ရေဆွဲရာတွင် ပွင့်လင်းမှုမရှိဘဲ ပါဝင်သင့်သူများ ပါဝင်ခြင်းမရှိသောကြောင့် ထို ဥပဒေပါအချက်များနှင့် ပတ်သက်ပြီး အကောင်းမမြင်ကြပေ။ ထိုဥပဒေကြမ်းသည် ယခင် လုပ်ရိုးလုပ်စဉ်များမှ သိသိသာသာပြောင်းလဲခြင်းမရှိကြောင်း NRGI ၏ မြန်မာနိုင်ငံဆိုင်ရာ အရာရှိ ဦးမော်ထွန်းအောင် ပြောသည်။ အခွန် ကောက်ခံမှု တိုးတက်ရေးအတွက် အခွန်ကောက်ခံမှု စနစ်ကို သိသိသာသာ ပြုပြင်ရန်နှင့် ကြီးကြပ် စောင့်ကြည့်မှုများ လုပ်ရန်လိုကြောင်း NRGI အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခွန်စနစ်ကို ပြုပြင်ခြင်းသည် ကျောက်စိမ်းနှင့် ကျောက်မျက် လောကကိုသာမက တခြား နယ်ပယ်များကိုပါ ရိုက်ခတ်နိုင်ပြီး မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးကြီးသည်ဟု မြန်မာနိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သော Spectrum Sustainable Development Knowledge Network မှ ဦးသက်ဇော်ထွေးက ပြောသည်။
“သယံဇာတ ထုတ်လုပ်တဲ့ ကုမ္မဏီတွေ အခွန်ရှောင်တဲ့နေရမှာ မဟုတ်တာ လုပ်တဲ့နေရာမှာ မကောင်းတဲ့ ဥပမာတွေ ဖြစ်နေတယ်။ ဒီသယံဇာတတွေ ကုန်သွားတဲ့အခါ ကျန်ခဲ့မှာက အမြစ်တွယ်နေတဲ့ အခွန်ရှောင် ယဉ်ကျေးမှုပဲ။ သယံဇာတသာမက ဘယ်လို အခွန်ရှောင်မှုမျိုးကိုမဆို အရေးယူရမယ်။ ဒီလိုမလုပ်ရင် အနာဂတ် အတွက် မကောင်းတဲ့ ဥပမာဖြစ်နေမယ်” ဟု သူက ပြောသည်။
(စာရေးသူသည် NRGI အစီရင်ခံစာဖြစ်သော “Losing Luster: Addressing Tax Evasion in Myanmar’s Jade and Gemstone Industry.” မူကြမ်းကို သုံးသပ်ရာတွင် ပါဝင်ခဲ့သည်။ The Diplomat တွင် ၎င်းရေးသားသော Jade and Gem Smuggling Costs Myanmar Billions ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
သယံဇာတထုတ်လုပ်ရေး အမှောင်လောကကို အလင်းရောင်ထွန်းညှိခြင်း