ဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရာ၌ ၅ ရာခိုင်နှုန်း အခွန်ကောက်မည်
လက်ကိုင်ဖုန်း ဟန်းဆက်(Handset) နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရာတွင် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ဝယ်သူများဘက် မှ ပေးဆောင်ရမည် ဖြစ်ကြောင်း ဧပြီလ ၁ ရက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံမှုကို လောလောဆယ် ရောင်းချသည့် ပြေစာတွင်သာ ဖော်ပြလျက် ရှိရာမှ လာမည့် ဇွန်လမှ စတင်ကာ ရောင်းချမှု ပြေစာတွင် အခွန်တံဆိပ်ခေါင်း ကပ်နှိပ်သည့် စနစ်ဖြင့် အခွန်ကောက်ခံသွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ကြောင့် လက်ကိုင်ဖုန်း ဟန်းဆက်နှင့် ဆပ်စပ် ပစ္စည်းများ ဝယ်ယူသူများ အနေဖြင့် အဆိုပါ ပစ္စည်းများ ဝယ်ယူခြင်း အတွက် စုစုပေါင်း တန်ဖိုး အပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်သည်။
ယင်းသို့ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရာတွင် ကုန်သွယ် လုပ်ငန်း ကောက်ခံမှုကို ရောင်းချသူနှင့် ဝယ်ယူသူ တို့ကြား ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဧရာဝတီ သို့ ပြောသည်။
“ဒါက အခွန်သစ်လည်း ထပ်ကောက်တာ မဟုတ်ဘူး။ ဒီပစ္စည်းတွေကို လက်ရှိလည်း ကုန်သွယ် လုပ်ငန်းခွန် ကောက်နေ ပါတယ်။ အခုက အခွန်တံဆိပ်ခေါင်း ကပ်တဲ့ စနစ်ကို ပြောင်းလိုက်တာပါ” ဟု ၎င်းက ရှင်းပြသည်။
ဖုန်းဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းများတွင် ကပ်နှိပ်မည့် အခွန် တံဆိပ်ခေါင်းများကို ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ် ဟူ၍ အခွန် တံဆိပ်ခေါင်း ၇ မျိုး ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း အခွန်များ ဦးစီး ဌာန အနေဖြင့် ကုန်သွယ် လုပ်ငန်းခွန်ကို အခွန် တံဆိပ်ခေါင်းကပ်ပြီး ကောက်ခံသည့် စနစ်ကို စားသောက်ဆိုင်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ၊ ရုပ်သံ ဝန်ဆောင် မှုများ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ရောင်းချမှုများတွင် လုပ်ဆောင်လျက် ရှိကာ ယခုတွင် ဖုန်းဟန်းဆက်နှင့် ဆက်စပ် ပစ္စည်း ရောင်းချမှုကိုလည်း ယင်းစနစ် ဖြင့် ကောက်ခံတော့မည် ဖြစ်သည်။
လက်ရှိ အချိန်တွင် ပြည်ပ နိုင်ငံများမှ တရားဝင် တင်သွင်းလာသော ဖုန်းဟန်းဆက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် ပတ် သက်၍ ကုန်သွယ် လုပ်ငန်းခွန်ကို ပေးဆောင်ထားပြီး ဖြစ်ကာ လုပ်ငန်းရှင် အနေ ဖြင့် မရောင်းချသေးသည့် ပစ္စည်းများ အတွက် အခွန်တံဆိပ်များ ကြိုတင် ဝယ်ယူထားရပါက ဝန်ထုပ် ဝန်ပိုး ဖြစ်ပေါ်စေနိုင်ကြောင်း Unique အိုင်တီ၊ မိုဘိုင်းလ်နှင့် အီလက်ထရွန်နစ် စင်တာ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဆန်းဦး က ပြောသည်။
“အဓိက အခွန်ဆောင်တဲ့သူက ဆောင်နေမှာပဲ။ ရှောင်တဲ့သူတွေက ရှောင်နေမှာပဲ။ ဒါပေမယ့် တကယ် ဆောင်နေတဲ့ သူတွေကိုတော့ ပိုမို လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အခွန်ကောက်ဖို့ လိုတယ် ” ဟု ၎င်းက ဆိုသည်။
လက်ရှိ အချိန်တွင် မိုဘိုင်းလ် ဖုန်းဆိုင်များ အနေဖြင့် ရောင်းချထားပြီးသော ကုန်ပစ္စည်း အတွက် ဝယ်ယူသူများ ထံမှ ကောက်ယူထားသော ကုန်သွယ် လုပ်ငန်းခွန်ကို နှစ်ကုန်ပိုင်းတွင် အခွန်ရုံးများတွင် အခွန်ထမ်းဆောင်သည့် စနစ်ဖြင့် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်လျက် ရှိသည်။
ဧပြီလနှင့် မေလ ကို ယင်းစနစ် အတွက် လုပ်ငန်းရှင်များနှင့် အများပြည်သူများကို ကြိုတင် အသိပေး ခြင်း ကာလ အနေ ဖြင့် သတ်မှတ်ထားကြောင်း၊ ယင်းကာလ ကျော်လွန်ပါက ကျသင့် အခွန်နှင့် ညီမျှသော အခွန် အမှတ်တံဆိပ်ကပ် နှိပ်ခြင်း မရှိသော ပြေစာများကို ထုတ်ပေးသော အရောင်းဆိုင် များအား အများပြည်သူများ အနေဖြင့် နီးစပ်ရာ အခွန်ရုံးများကို တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ အရောင်းဆိုင်များကို အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန် အထိ ကုန်သွယ် လုပ်ငန်းခွန်မှ အခွန် ကောက်ခံထား ရှိမှုသည် ကျပ် ၇၈၃ ဒသမ ၄၄၅ ဘီလီယံ အထိ ရှိကြောင်း အဆိုပါ ဦးစီး ဌာန၏ စာရင်းများ အရ သိရသည်။