ဈေးကွက် အတွင်း မီးဖိုချောင်သုံး ဓာတ်ငွေ့ ဟူ၍ လူသိများသော ရေနံ ဓာတ်ငွေ့ရည် (LPG) အသုံးပြုမှုများ များပြားလာ စေရန် အစိုးရ အနေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ LPG အဖွဲ့အစည်းကြီး၏ ဦးဆောင်မှုနှင့် မြန်မာနိုင်ငံတွင် LPG ဓာတ်ငွေ့ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးနှင့် ပတ်သက် ပြီး Myanmar LPG Summit 2019 ဆွေးနွေးပွဲကို ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ကျင်းပ လျက် ရှိသည်။
LPG သည် တခြားသော စွမ်းအင် အရင်းအမြစ်များနှင့် နှိုင်းယှဉ်ပါက သဘာဝ ပတ်ဝန်းကျင်ကို များစွာ အထောက်အကူ ပြုနိုင်သည့် စွမ်းအင် အရင်းအမြစ် တခု ဖြစ်ခြင်းကြောင့် LPG ဓာတ်ငွေ့များ အသုံးပြုမှု များပြားလာပါက မြန်မာနိုင်ငံတွင် သစ်တော ပြုန်းတီးရခြင်း အကြောင်းအရင်း တခုဖြစ်သည့် ထင်း အသုံးပြုမှုကို များစွာ လျှော့ချနိုင်မည် ဖြစ်ကြောင်း ဦးလှ မောင်သိန်း က ဆိုသည်။
၎င်းက“ဒီ ထင်းမီးသွေး အစား LPG ကို အသုံးပြုမယ် ဆိုရင် တဖက်က ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူ ပြု နိုင်သလို တဖက်ကလည်း သစ်တော ထိန်းသိမ်းမှုကို အထောက်အကူ ပြုနိုင်တယ်”ဟု ဆက်လက် ပြောဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု LPG ဆိုင်ရာ အဖွဲ့ တခုကိုလည်း ဖွဲ့စည်း သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ယင်း ဆွေးနွေးပွဲတွင် ပြည်တွင်း ဈေးကွက် အတွင်း LPG ဓာတ်ငွေ့များ တင်သွင်း ရောင်းချ ဖြန့်ဖြူးလျက် ရှိသော လုပ်ငန်း ရှင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အပါအဝင် LPG ဓာတ်ငွေ့ လုပ်ငန်း လုပ်ကိုင်လျက် ရှိသော နိုင်ငံခြား ကုမ္ပဏီ ၂၂ ၏ ထုတ်ကုန်များကို ပြသမည် ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ ပညာရှင်တဦး ဖြစ်သည့် ဦးကျော်ကျော်လှိုင်က“ဈေးကွက် အရက LPG အလား အလာက အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာက LPG ဈေးထက် လျှပ်စစ်ခက အလွန် သက်သာ နေ တယ်။ နိုင်ငံခြားမှာ ကျတော့ အဲဒီအချက်က ပြောင်းပြန် ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အစိုးရ အနေဖြင့် အများပြည်သူများ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ရန် အတွက် နှစ်စဉ် အရှုံးခံပြီး လုပ်ဆောင် ပေးလျက် ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲခသည် ရှိသင့်ရှိထိုက်သည့် ဈေးနှုန်းသို့ ရောက်ရှိလာပါက LPG ဈေးကွက် တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လတ်တလော အခြေအနေတွင် အစိုးရ အနေနှင့် LPG ဈေးကွက် အတွက် လိုအပ်သည့် လုပ်ငန်း လိုင်စင် ကိစ္စများ၊ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင် ဆောင်ရွက်ထားမှုများသည် လုံလောက်မှု ရှိနေပြီ ဖြစ်ကြောင်း ဦးကျော်ကျော်လှိုင်က ရှင်းပြသည်။
ပါရမီ စွမ်းအင် ကုမ္ပဏီ အုပ်စု၏ အမှုဆောင် အရာရှိချုပ် ဦးကံထွန်း က“ကျနော်တို့ လုပ်ငန်းရှင်တွေ ဘက်ကတော့ ဈေး ကွက်ထဲမှာ လုံလုံလောက်လောက် သုံးနိုင်ဖို့ရယ်၊ သက်သက်သာသာနဲ့ ရတဲ့ ဈေးဖြစ်အောင် လုပ်ပေးရမှာပေါ့။ ဒါပေမယ့် တခု ရှိတာက တခုခုဆို ဈေးပဲ ပြောနေလို့ မရဘူး။ LPG ကတော့ လျှပ်စစ်ထက် သုံးရတာ ပိုပြီး အဆင်ပြေ လွယ်ကူပါ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ သုံးစွဲသူများ အနေဖြင့် LPG ဓာတ်ငွေ့ အိုးများနှင့် ပတ်သက်ပြီး ဘေးကင်း လုံခြုံမှု အတွက်များစွာ ကြောက်ရွံ့ မှုများ ရှိနေသေးပြီး ယင်းအချက်ကို အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ပါက LPG သုံးစွဲမှု တိုးတက်လာ မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများသည် LPG ဓာတ်ငွေ့ တနှစ်လျှင် တန် ချိန် ၁ သန်းမှ ၄ သန်းကျော် အထိ အသုံးပြုလျက် ရှိပြီး မြန်မာနိုင်ငံတွင် တနှစ်လျှင် တန်ချိန် တသိန်းခန့်သာ အသုံး ပြု လျက် ရှိကြောင်း သိရသည်။
လက်ရှိ အချိန်တွင် မိသားစု ၅ ဦးရှိ အိမ်ထောင်စု တစုလျှင် ၁ လ အသုံးပြုနိုင်သော 15 kg LPG ဂက်စ်အိုး တလုံးသည် ကျပ် နှစ်သောင်း ဝန်းကျင် ရှိပြီး ယခင်က ထိုင်းနိုင်ငံမှ တဆင့် နယ်စပ်မှ အဓိက တင်သွင်းလျက် ရှိပြီး ယခု နှစ်ပိုင်းတွင် ပါရမီ စွမ်းအင် အုပ်စုနှင့် Elite ကုမ္ပဏီ တို့က ပင်လယ်ရေကြောင်းမှ တင်သွင်းပြီး ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိလျက် ရှိ သည်။