စီးပွားရေး

မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်း အထိရှိလာမည်ဟု ADB ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၆ ဒဿမ ၆ ရာခိုင်နှုန်း အထိရှိလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဧပြီလ ၃ ရက်နေ့ ထုတ် Asian Development Outlook 2019 အစီအရင်ခံစာအသစ် အရ သိရသည်။

အဆိုပါ အစီအရင်ခံစာ အရ ယခုနှစ်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းနှင့် အစိုးရ၏ စီးပွားရေး ဆိုင်ရာ မူဝါဒပိုင်းများ ပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်လာမည်ဟု ဆိုခြင်းဖြစ်ကြောင်း သိရသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အဆိုပါ အစီအရင်ခံစာ ခန့်မှန်းချက်များ အရ ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ ကုန်ဆုံးမည့် ဘဏ္ဍာ နှစ်တွင် နိုင်ငံ၏ စီးပွားရေးသည် ၆ ဒဿမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာမည် ဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း ၆ ဒဿမ ၈ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကာလအတွင်းတွင်မူ မြန်မာနိုင်ငံ၏ ပြည်တွင်း အသား တင် ကုန်ထုတ်လုပ် မှု(GDP) မှာ ၆ ဒသမ ၂ ရာခိုင်နှုန်း နှေးကွေးခဲ့ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)ကဆိုသည်။

ကုန်သည်/စက်မှု အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက လက်ရှိ အချိန်တွင် အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံ၏ စီးပွားရေး တိုးတက်မည့် လမ်းကြောင်းပေါ် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရှေ့လာမည့်နှစ် များ၌ စီးပွားရေးသည် တိုးတက်လာမည့် အနေအထား များရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“လုပ်ငန်းရှင်ရော၊ ပြည်သူရောက ထောက်ပြနေတဲ့ အရာတွေကို အစိုးရက ပြောင်းလဲလာနေပြီ။ တချို့ ချက်ချင်း ပြင်လို့ ရတဲ့ အရာတွေလည်း လုပ်လာနေသလို အချိန်ယူပြီးမှ ပြောင်းလို့ရမယ့် အရာတွေ ကိုလည်း သူတို့လုပ်နေတာ မြင်နေ ရတယ်” ဟု ၎င်းက ပြောသည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်တချို့နှင့် စီးပွားရေး ပညာရှင်တချို့ကမူ NLD အစိုးရ၏ စီးပွားရေး နှင့်ပတ်သက်၍ လုပ်ဆောင် နိုင်စွမ်းများ ရှိသော်လည်း ကို အပြည့် အဝမလုပ် ဆောင်သေးကြောင်း၊ အခွန်ထမ်းဆောင်သူများအတွက် ဝန်ထုတ်ဝန်ပိုး ရှိနေသေးသည့် အခွန်စနစ်၊ တရားမဝင် ကုန်သွယ်မှု များကို ထိထိရောက်ရောက် မထိန်းချုပ် နိုင်သေးခြင်း၊ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ဘဏ်အတိုးနှုန်း ကြီးမြင့်နေမှု ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ထောက်ပြသည်။

စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ယင်း အစီရင်ခံစာ အရ မြန်မာအစိုးရအနေဖြင့် လက်ရှိ လုပ်ဆောင်နေ သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် လုပ်ဆောင်လာပါက စီးပွားရေး တိုးတက်မှုနှုန်းများ မြင့်တက်လာ မည် ဟု ဖော်ပြထားခြင်းမျိုး ဖြစ်ကြောင်း၊ အကောင် အထည် ဖော်မှုများ အားနည်းနေသေးပါက စီးပွားရေး တိုးတက်မှုနှုန်းမှာ ADB က ဖော်ပြသည့် ရာခိုင်နှုန်းများသို့ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ထောက်ပြသည်။

“သူက အခြေအနေတွေကို သုံးသပ်ပြီး ဒီလောက်အထိ တိုးတက်မယ်လို့ ပြောထားပေမယ့် အစိုးရက အရှိန်မြှင့်ပြီး လုပ်မှ ဒီလိုနှုန်းထားရောက်မှာ” ဟု ရှင်းပြသည်။

သို့သော် အစိုးရ၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုများ ပြောင်းလဲအောင် လုပ်ဆောင်လာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ငန်း ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း တို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း၊ လာမည့်နှစ် တွင် အကောင်အထည်ဖော်မည့် တရုတ်အစိုးရ စီးပွား ရေး စြင်္ကန် စီမံကိန်းကြောင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အများ အပြား ဝင်ရောက်မည့် အခြေအနေ ရှိနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ အမေရိကန် ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ နီးပါးအထိရှိပြီး ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ အထိ ဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

ဆက်စပ်ဖတ်ရှု့ရန် 

မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်နေသော်လည်း တိုးတက်မှု နှေးနေဟု အမေရိကန် သံအမတ်ပြော

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးမူဝါဒများ အခြေခိုင်လာ 

မြန်မာ့စီးပွားရေး တံခါးဖွင့်ထားကြောင်း ရင်းနှီးမြှုပ်နှံသူများကို အစိုးရ အသိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading