စီးပွားရေး

ဥရောပ တင်ပို့သော မြန်မာ့ကျွန်းသစ် တန်ပိုနေမှုကြောင့် တရားမဝင်သစ် ဟု စွပ်စွဲ

မြန်မာနိုင်ငံမှ သစ်တော ဦးစီးဌာန၏ တရားဝင် ထောက်ခံချက်နှင့် ဥရောပသို့ တင်ပို့လိုက်သော မြန်မာ့ ကျွန်းသစ်များ တန်ပိုနေမှုကြောင့် တရားမဝင်သစ်ဟု စွပ်စွဲခံနေရကာ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင် ဆိုင် ရာ ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (EIA) အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ တရားမဝင်သစ် ၂၀ ရာခိုင်နှုန်းခန့် အီတလီ သို့ ရောနှောပါလာကြောင်း ထုတ်ပြန်ခြင်းခဲ့သည့်အတွက် ယင်းမှာ သေချာ စိစစ်မှု မရှိဘဲ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ် ကြောင်း မြန်မာ့ သစ်လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးအေးကျော်က ပြောသည်။

၎င်းက ဆက်လက်၍ “စပြီး အမှုပေါ်ပေါက်တာနဲ့ EIA က ကြေညာချက် ထုတ်ထားတယ်။ တကယ့် ကုမ္ပဏီကို သေချာ မေးကြည့်တဲ့ အခါကျတော့ ကျနော်တို့ဘက်က စာရွက်စာတမ်းတွေ အတိအကျ အကုန်ပါတယ်။ Volume နဲ့ ရောင်း တာကို ဝိတ်ချိန်ပြီးတော့ ပိုတဲ့ ဝိတ်ကို တရားမဝင်လို့ စွပ်စွဲတယ်။ ပြီးတော့ သူတို့က ဦးအောင် ကြေညာချက် ထုတ်ချ လိုက်တယ်” ဟု ရှင်းပြသည်။

အဆိုပါ ကျွန်းသစ် အချောသားများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ကွန်တိန်နာ ၂၃ လုံးနှင့် ရေလမ်းကြောင်းမှ တဆင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အီတလီ နိုင်ငံသို့ မြန်မာနိုင်ငံမှ ကျွန်းသစ် တင်ပို့သည့် ကုမ္ပဏီမှာ Mr.Cheng Pui Chee ပိုင်ဆိုင်သည့် North Wood ကုမ္ပဏီမှ ဖြစ်ကြောင်း သိရသည်။

ဦးအေးကျော်က “မြန်မာပြည်မှာ ကုဗတန် (Volume) နဲ့ ရောင်းတယ်။ နိုင်ငံတကာ သင်္ဘောတင်ပို့တဲ့ အခါကျတော့ CBM ကျူဗစ်မီတာနဲ့ ပြန်ချိန်းတယ်။ ခုနက ၁၀ ရာခိုင်နှုန်း အကျော်က ဝိတ်ပိုတယ် ဆိုပြီး စွပ်စွဲတယ်။ ပြီးတော့ ဒီ စာရွက် စာတမ်းက တရားဝင် ဟုတ် မဟုတ် ဆိုတာလည်း စစ်တုန်းပဲ ရှိသေးတယ်” ဟု ပြောသည်။

မြန်မာမှ တင်ပို့သည့် ကျွန်းသစ်များသည် ကုဗတန် (Volume Ton) နှင့် တွက်ချက် တင်ပို့ခြင်း ဖြစ်ပြီး Weight Kg ဖြင့် ပြန်လည် တွက်ချက် သဖြင့် တန်ပို ဖြစ်ပေါ်လာမှု အပေါ် တရားမဝင်သစ်များ ရောနှော ပါဝင်သည်ဟု စွပ်စွဲခြင်း ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးခင်မောင်ကြည်က ဧပြီ ၄ ရက်က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုသည်။

“ဒီကိစ္စမှာ အီတလီနိုင်ငံ က သစ်ဝယ်ယူတဲ့ ဥရောပ သမဂ္ဂသို့ သစ်တင်သွင်းမှု ဆိုင်ရာ စည်းမျဉ်း (EUTR) ရဲ့ လိုအပ် ချက် ဖြစ်တဲ့ ကြိုတင် စုံစမ်း စိစစ်မှု လုပ်ငန်းစဉ် အတိုင်း မြန်မာ ဘက်ကနေ တရားဝင် ဖြေရှင်းပေးနိုင်တဲ့ အတွက် အီတလီ နိုင်ငံထဲကို ၈၇ ရာခိုင်နှုန်း သွင်းပြီးပါပြီ။ ကျန်တာတွေကိုလည်း ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဥရောပ သမဂ္ဂသို့ သစ်တရားဝင် တင်ပို့နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက၊ CSOs များ ပါဝင်သည့် ၃ ပွင့်ဆိုင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ သစ်ထောက်ခံချက် ကော်မတီနှင့်လည်း ဆောင်ရွက်ခြင်းတို့ ရှိ နေသော်လည်း ယခု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (EIA Report) ကြောင့် အကျိုး သက်ရောက်မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်တော အသင်း ဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးက ဧရာဝတီသို့ ပြောသည်။

“ပွင့်လင်း မြင်သာမှု ရှိလား ဆိုတော့ ကျနော်တို့ သယံဇာတ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (EITI) က ၂၀၁၄-၁၅ ခုနှစ်နဲ့ ၂၀၁၅-၁၆ အတွက် အစီရင်ခံစာ ပြုစုထားပြီးပြီ။ လွတ်လပ် သော စာရင်း တိုက်ဆိုင် စစ်ဆေးတဲ့ အဖွဲ့ကနေ စာရင်း ပြုစုထားပြီးပြီ။ အဲဒါကတော့ ဘယ်လောက် ထုတ်၊ ဘယ် လောက် ရောင်း၊ အခွန် ဘယ်လောက်ရလဲ ဆိုတာမျိုးတွေ ပါပါတယ်”ဟု ၎င်းက ရှင်းပြသည်။

သို့သော် ယခုလို ပြဿနာမျိုး ပေါ်ပေါက်နေရခြင်းသည် ခေတ် အဆက်ဆက်က ပွင့်လင်း မြင်သာမှု မရှိခဲ့ခြင်းနှင့် ယနေ့ အချိန်တွင်လည်း ပြည်သူ လူထု သုံးစွဲရန် သစ် လိုအပ်ချက်၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် သစ်လိုအပ် ချက် တို့ကို စဉ်းစား တွက်ချက်သည့် (Timber Supply Study) မရှိခြင်းနှင့်လည်း သက်ဆိုင်မှု ရှိကြောင်း၊ သစ်တော စီမံ အုပ်ချုပ်မှုကို အဖွဲ့အစည်း တခုတည်းနှင့် ဆောင်ရွက်ခြင်းထက် ပိုမို ကျယ်ပြန့်သည့် အုပ်ချုပ်မှုမျိုး ဖြစ်သင့် ကြောင်းလည်း ဦးထွန်းပေါ်ဦးက အကြံပြုသည်။

EITI အဖွဲ့၏ မြန်မာနိုင်ငံ ညှိနှိုင်းရေးမှူးရုံး၏ Technical Specialist လည်း ဖြစ်သူ ဦးထွန်းပေါ်ဦးက ဆက်၍ “အရင်က ဦးသိန်းစိန် အစိုးရ မတိုင်ခင်က ဒါမျိုးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆိုတာ ခက်ခဲပါတယ်။ ဦးသိန်းစိန် လက် ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေတော့ စလာတယ်။ ကြိုးစားနေတယ်ပေါ့။ အားနည်းချက်တွေတော့ ရှိနေတာပဲလေ” ဟု ပြောသည်။

ထို့ပြင် EITI ၏ အစီရင်ခံစာ တခု အရ ၂၀၁၈ ခုနှစ် မေလ အတွင်းက သစ်တန်ချိန် ၁ သိန်းကျော် ဥရောပ သမဂ္ဂသို့ တင်ပို့ကြောင်း ဖော်ပြခဲ့သဖြင့် သစ်တော အရာရှိများက သစ်တင်ပို့နေသော ကုမ္ပဏီသို့ သွားရောက်ပြီး သစ်လုံး၊ သစ် ကျန်များကို စစ်ဆေးကြည့်သည့် အခါ တန်ချိန် ၅၅၀၀ ခန့်သာ စစ်ဆေးတွေ့ရှိရ၍ လက်တွေ့ မမှန်ကန်ကြောင်း မြန်မာ သစ်တော အရာရှိ ဦးအေးကျော်က ရှင်းပြသည်။

မြန်မာ့ သစ်များသည် ဥရောပ သမဂ္ဂသို့ တင်ပို့ရာတွင် ပြဿနာ ရှိနေသော်လည်း အခြားနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရာတွင် မည်သည့် ပြဿနာမျှ မရှိကြောင်း၊ တရုတ်သို့ တရားမဝင် သစ် အများဆုံး ထွက်ရှိနေသော်လည်း မြန်မာ-တရုတ် တရားမဝင်သစ် ပူးပေါင်း တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်းလည်း သိရ သည်။

သစ်တော အရာရှိ တဦး ဖြစ်သူ ဦးခင်မောင်ကြည်က “ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ကုမ္ပဏီတွေ ကို သစ်ထုတ်ခွင့် ပေးတဲ့ ကိစ္စ၊ ဒါတွေက ဝန်ကြီးဌာန နိုင်ငံတော် အစိုးရဲ့ ခွင့်ပြုချက်နဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာလည်း တချက်တော့ ပါဝင်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် သို့ လော သို့လောပေါ့လေ” ဟု ပြောသည်။

သို့သော် EIA အစီရင်ခံစာတွင် ပါဝင်သည့် ကိစ္စ ရပ်များမှာ ၂၀၁၂-၁၃ အရှေ့ပိုင်း ကိစ္စရပ်များ ဖြစ်ပြီး EIA အနေဖြင့် သစ်တော ကဏ္ဍတွင် အဂတိ လိုက်စာမှုများ ရှိသည် ဆိုပါက အချက်အလက် တိတိကျကျနှင့် ဖော်ပြသင့်ကြောင်း ၎င်းက တောင်းဆိုသည်။

သို့သော် လက်ရှိ အချိန်တွင်မူ သစ်ထုတ်လုပ်သည့် ကဏ္ဍ၊ သစ်ရောင်းချသည့် ကဏ္ဍများတွင် အဂတိ လိုက်စားမှု မရှိ သည်ကို ရဲရဲကြီး အာမခံကြောင်း၊ ပွင့်လင်း မြင်သာမှု ရှိအောင် ဆောင်ရွက်နေပြီး ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် သမ္မတရုံးသို့ တင်ပြပြီး လုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အထက်ပါ သစ်တော အရာရှိများက ပြောဆိုကြသည်။

တရားမဝင် သစ်ခုတ်မှုနှင့် တရုတ် နိုင်ငံသို့ တရားမဝင် သစ်ဝင်ရောက်မှုကို ဟန့်တားရန် မြန်မာနိုင်ငံက၂၀၁၄ ခုနှစ် တွင် သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့တွင် နိုင်ငံတဝှမ်း သစ်ခုတ်ခွင့်ကို တားမြစ်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Loading