ဗီယက်နမ်နိုင်ငံရှိ စူပါမားကတ် အများအပြားတွင် ပလတ်စတစ်အိတ် သုံးစွဲမှု လျှော့ချသည့် ကြိုးပမ်းမှုအနေဖြင့် ဟင်းသီးဟင်းရွက် ထုပ်ပိုးရာတွင် ငှက်ပျောရွက်များကို ပြန်လည် စတင်သုံးစွဲနေပြီဖြစ်သည်။
ဟိုချီမင်းမြို့၊ ခရိုင် ၇ ရှိ Lotte Mart အရောင်းဆိုင်သို့ လာရောက်သည့် ဈေးဝယ်သူများမှာ ကြက်သွန်မြိတ်၊ ရုံးပတီသီးနှင့် အခြား ဟင်းသီးဟင်းရွက်များကို ငှက်ပျောဖက်ဖြင့် ထုပ်ပိုး ရောင်းချနေသဖြင့် မကြာသေးမီက တအံ့တသြ ဖြစ်ခဲ့ကြရသည်။
အဆိုပါ စူပါမားကတ်၏ အရောင်းကိုယ်စားလှယ် တဦးက ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် ဟင်းသီး ဟင်းရွက်များ ထုပ်ပိုးရာတွင် ဖက်များကို စမ်းသပ်သုံးစွဲနေပြီး နောက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံတဝန်း စားသောက်ကုန် ဖြန့်ချိရေး တခုလုံးအတွက် ဖက်ဖြင့်ထုပ်ပိုးခြင်း ချဲ့ထွင်ရန် စီစဉ်နေကြောင်း ဆိုသည်။
ယခုထုပ်ပိုးမှုပုံစံသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ကုန်စည်များ သုံးစွဲခြင်း တိုးတက်လာစေရန် အစီအစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ဟင်းသီးဟင်းရွက် အတွက်သာ မဟုတ်ဘဲ၊ အသားစိမ်း၊ ငါးစိမ်းများအတွက်ပါ ထုပ်ပိုးအသုံးပြု သွားမည်ဖြစ်ကြောင်း အဆိုပါ အရောင်းကိုယ်စားလှယ်က ထပ်လောင်း ပြောကြားသည်။
ယခုအရွေ့ကို ပြည်တွင်း ဈေးဝယ်သူများကလည်း အားပေး ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားကြသည်။ “ဒီလို ငှက်ပျောဖက်လေးနဲ့ သေသေသပ်သပ် ထုပ်ပိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ မြင်ရတော့ ကျမလည်း အများကြီး ဝယ်ချင်စိတ် ပေါက်သွားတယ်။ ဒေသခံတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသိပညာ ပိုပေးပြီး ဒါ အစပျိုးလိုက်တာပဲလို့ ထင်ပါတယ်” ဟု ခရိုင် ၇ တွင် နေထိုင်သူ ဟွာက ပြောသည်။
ဆိုင်ဂုံ သမဝါယမ လုပ်ငန်းကလည်း ဟိုချီမင်းမြို့နှင့် ဗီယက်နမ်တောင်းပိုင်း ဖန်သီယက်၊ တေနင်း၊ ကွေညွမ်းနှင့် တမ်ကေမြို့တို့ ရှိ ၎င်း၏ ဆိုင်ခွဲအချို့တွင် ဆွေးမြေ့ပျက်စီးလွယ်သည့် ထုပ်ပိုးမှုများ ပြန်လည်စတင်ရန် ဟင်းသီးဟင်းရွက် ထုပ်ပိုးရာ၌ ငှက်ပျောဖက်များကို အသုံးပြုနေပြီဖြစ်သည်။
ဟနွိုင်းမြို့ရှိ Big C စူပါမားကက်တွင် တနင်္လာနေ့က စတင်၍ ဟင်းသီးဟင်းရွက် များကို ငှက်ပျောဖက်ဖြင့် စတင် ထုပ်ပိုးရောင်းချနေပြီး နောက်ရက် အနည်းငယ်အတွင်း ဗီယက်နမ် အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ၎င်းဆိုင်ခွဲများတွင် ယင်းကဲ့သို့ ငှက်ပျောဖက် သုံးရန် စီစဉ်လျက်ရှိသည်။
ဖြန့်ဖြူးရေးတွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မည့် ကုန်စည်များကို စားသုံးသူများထံ ပို့ဆောင်နေသည်။ ကြံဖတ် အလေအလွင့်များဖြင့် ပြုလုပ်ထားသော အစားအသောက် ဘူးများနှင့် စက္ကူလိပ် များကိုလည်း ရောင်းချပေးနေကြောင်း Lotte Mart က ပြောသည်။ ကြက်ဥ၊ ဘဲဥများကိုလည်း ပလတ်စတစ် သေတ္တာများအစား စက္ကူများဖြင့် ပြောင်းလဲ ထုပ်ပိုးပေးနေသည်။
ပြောင်းဖူးအမှုန့်ဖြင့် ပြုလုပ်ထားသော အိတ်များဖြင့် Big C က ဈေးဝယ်သူများကို ထုပ်ပိုးရောင်းချနေပြီး ယင်းအမျိုးအစား အိတ်မှာ လုံးဝဆွေးမြေ့ပျက်စီးလွယ်ကြောင်း သိရသည်။
ဗီယက်နမ်ပြည်သူများထံမှ ထွက်လာသော ပလတ်စတစ် အမှိုက် မြောက်မြားစွာ ရှိနေကြောင်း သတင်းကို အသားပေး ထုတ်ပြန်ပြီးနောက် ယင်း ပြောင်းလဲသုံးစွဲမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် တနေ့လျှင် ပလတ်စတစ်အမှိုက် တန်ချိန် ၂၅၀၀ စွန့်ပစ်နေကြောင်း တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများ အရ သိရသည်။
ဗီယက်နမ်နိုင်ငံသည် သမုဒ္ဒရာထဲသို့ ပလတ်စတစ်အမှိုက် စွန့်ပစ်မှုနှုန်းမှာ တကမ္ဘာလုံး အတိုင်းအတာဖြင့် စတုတ္ထ နေရာတွင် ရှိနေကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗီယက်နမ်ရှိ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်တချို့ တို့တွင်လည်း ပလတ်စတစ်သုံးစွဲခြင်း လျော့ကျစေရန် ကြိုးပမ်းမှု အနေဖြင့် ပြန်လည် သုံးစွဲနိုင်သော (သို့မဟုတ်) ဆွေးမြေ့ ပျက်စီးလွယ်သော ပစ္စည်းများ အစားထိုး သုံးနေကြပြီဟု ဆိုသည်။
ကိုးကား ။ ။ vnexpress.n