အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်း ကုမ္ပဏီများ အပါအဝင် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၅ ခုကို ပြည်တွင်း၌ စတင် လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (စီမံ/ဘဏ္ဍာ)က ထုတ်ပြန်လိုက်သည်။
အဆိုပါ ကုမ္ပဏီ ၅ ခုမှာ အမေရိကန် ကုမ္ပဏီ Chubb Tempest Reinsurance၊ ဂျပန် ကုမ္ပဏီ Dai Ichi Life Insurance၊ ဟောင်ကောင် ကုမ္ပဏီ AIA ၊ အင်္ဂလန် ကုမ္ပဏီ Prudential၊ ကနေဒါ ကုမ္ပဏီ ManuFactures LifeInsurance တို့ ဖြစ် သည်။
ယခု ခွင့်ပြုလိုက်သော နိုင်ငံခြား အာမခံ ကုမ္ပဏီများသည် အသက်အာမခံ ဝန်ဆောင်မှု တခုတည်းကို ရာနှုန်းပြည့် လုပ် ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
အသက် အာမခံ လိုင်စင်နှင့် အထွေထွေ အာမခံ လိုင်စင် ရယူထားသော ပြည်တွင်း ကုမ္ပဏီများ အနေဖြင့်လည်း ပြည် တွင်း၌ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံခြား အာမခံ ကုမ္ပဏီများ ဖက်စပ် လုပ်ကိုင်ကာ ဈေးကွက်ကို ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် က ဧရာဝတီသို့ ပြောသည်။
၎င်းက“နိုင်ငံခြား အာမခံ ကုမ္ပဏီကို ခွင့်ပြုတယ် ဆိုတာက အာဆီယံ နိုင်ငံတွေထဲမှာ အနည်းဆုံး ဖြစ်နေတဲ့ ကျနော်တို့ နိုင်ငံရဲ့ အသက် အာမခံ ဈေးကွက်ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ ရည်ရွယ်တာပါ”ဟုလည်း ဆိုသည်။
ယင်းသို့ ခွင့်ပြုလိုက်ခြင်းကြောင့် အများ ပြည်သူများ အနေဖြင့်လည်း အာမခံကြေး (ပရီမီယံကြေး) နည်းနည်းနှင့် အသက် အာမခံ ဝန်ဆောင်မှုများကို ရွေးချယ် ဝယ်ယူနိုင်မ ည်ဖြစ်ပြီး ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကိုလည်း ဈေးကွက် အတွင်း နိုင်ငံခြား အာမခံ ကုမ္ပဏီများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရေး အတွက်လည်း ဝန်ကြီးဌာန အနေဖြင့် ထိန်းကျောင်း ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်နိုင်က ပြောသည်။
လက်ရှိ အချိန်တွင် အသက်အာမခံ ဝန်ဆောင်မှုကို သီးသန့် လုပ်ဆောင်သည့် ပြည်တွင်း ကုမ္ပဏီမှာ ၃ ခုသာ ရှိနေချိန်တွင် အသက်အာမခံ ဝန်ဆောင်မှု လုပ်ကိုင်မည့် နိုင်ငံခြား အာမခံ ကုမ္ပဏီကို ၅ ခုအထိ ခွင့်ပြုပေးလိုက်ခြင်းသည် ဈေးကွက် အတွင်း မမျှတသည့် ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေကြောင်း Global World Insurace ကုမ္ပဏီ၏ ဒါရိုက်တာ ဦးစိုးဝင်းသန့် က ပြောဆိုသည်။
၎င်းက“သူတို့က ဘဏ္ဍာရေး အခြေအနေရော နည်းပညာ အရရော အဖက်ဖက်က သာနေတဲ့ ဈေးကွက်ကို သူတို့ကပဲ ဆွဲဆောင်သွားမယ့် အခြေအနေ ရှိတယ်”ဟုလည်း ဆိုသည်။
လက်ရှိ အာမခံ ဈေးကွက်တွင် မြန်မာ့ အာမခံ လုပ်ငန်းနှင့် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီပေါင်း ၁၁ ခုက အာမခံ ဝန် ဆောင်မှုများ လုပ်ကိုင်လျက် ရှိပြီး အသက် အာမခံနှင့် အထွေထွေ အာမခံ ဝန်ဆောင်မှုများ လုပ်ကိုင်နိုင်သော အထွေ ထွေ အာမခံ လိုင်စင် ရယူထားသော ပုဂ္ဂလိက ကုမ္ပဏီ ၈ ခုရှိပြီး အသက်အာမခံ ဝန်ဆောင်မှုသာ လုပ်ကိုင်နိုင်သည့် အသက် အာမခံ လိုင်စင်ရ ကုမ္ပဏီမှာ ၃ ခု ရှိကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့်လည်း အာမခံ ဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်ရန် အတွက် နိုင်ငံခြား အာမခံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရန် ပြင်ဆင်လျက် ရှိကြပြီး နိုင်ငံခြား အာမခံ ကုမ္ပဏီများသည် ပြည်တွင်း ကုမ္ပဏီများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ဝင်ရောက် ရင်းနှီးမြှုပ်နှံ နိုင်မည် ဖြစ်သည်။
ယင်း ကုမ္ပဏီများသည် နိုင်ငံတကာ အာမခံ ဈေးကွက် အတွင်း၌ ထိပ်တန်း အဆင့်ရှိသော ကုမ္ပဏီများ ဖြစ်ခြင်းကြောင့် ပြည်တွင်း အာမခံ ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်သော်လည်း ပြည်တွင်း၌ ဝင်ရောက် လုပ်ကိုင်မည့် နိုင်ငံခြား အာမခံ ကုမ္ပဏီ အရေအတွက်များပြားခြင်းလာပါက ပြည်တွင်း ကုမ္ပဏီများ အတွက် ဈေးကွက် ယှဉ်ပြိုင်ရာတွင် စိန်ခေါ်မှု ပိုများနိုင်ကြောင်း CB Inusrance ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။
“အာမခံလုပ်ငန်းရဲ့ သဘော သဘာဝ အရ လုပ်ချင်တိုင်းတော့ လုပ်လို့ မရဘူး၊ ဝန်ကြီးဌာန ဘက်ကလည်း ကြပ်မတ်မယ် ဆိုတော့ ဈေးကွက်ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားမှာပါ။ နိုင်ငံခြားကဟာတွေ ဝင်လာတိုင်းလည်း ဝုန်းဒိုင်းကြီး တန်းဖြစ် သွားမှာတော့ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
ပြည်တွင်း အာမခံ ဈေးကွက်တွင် အသက်အာမခံ ဝန်ဆောင်မှုကို နိုင်ငံ လူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်သာ စိတ်ဝင်စားမှု ရှိပြီး ကားအာမခံ၊ မီးအာမခံ ဝန်ဆောင်မှုများကိုသာ အများပြည်သူများ အနေဖြင့် အများဆုံး အာမခံထားလေ့ ရှိကြောင်း ပုဂ္ဂလိ က အာမခံ ကုမ္ပဏီများထံမှ သိရသည်။