ဆန်၊ ပြောင်း အပါအဝင် လယ်ယာ ထွက်ကုန် တချို့နှင့် ကျွဲ၊ နွား များ တရားဝင် တင်ပို့နိုင်ရေး အတွက် တရုတ်နိုင်ငံနှင့် သဘောတူ လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူး သန်း) က သိရသည်။
အဆိုပါ နှစ်နိုင်ငံကြား ပို့ကုန်များ တရားဝင် တင်ပို့ရန် အတွက် သဘောတူ လက်မှတ် ရေးထိုးခြင်းကို ယခုလ အတွင်းတွင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်း လက်မှတ်ထိုးပြီးပါက ဖရဲ၊ သခွား ပို့ကုန်များကဲ့သို့ တရားဝင် တင်ပို့နိုင်မည်ဟု စီး ပွား/ကူးသန်းမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် က ဧရာဝတီသို့ ပြောသည်။
“ဒီဘက် ပို့ကုန်တွေကတော့ သူတို့ သတ်မှတ်ထားတဲ့ အရည်အသွေးတွေနဲ့ ပြည့်မီဖို့တော့ လိုမယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရော၊ လုပ်ငန်းရှင်တွေနဲ့ရော ဆွေးနွေးနေတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကုန်စည်များမှာ မြန်မာနိုင်ငံမှ တရားဝင် တင်ပို့လျက် ရှိသော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်စည်များ အဖြစ် သတ်မှတ်ထားသောကြောင့် အခက်အခဲများ ကြုံတွေ့ရလျက် ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ယင်းသို့ သဘောတူ လက်မှတ် ရေးထိုးမှုများသည် နှစ်ဖက် အကျိုးဖြစ်ထွန်းမည့် သဘောတူညီမှုများ ဖြစ်ရန် လိုအပ်ပြီး တရုတ် နိုင်ငံဘက်ကို အသာစီး ရရှိနေမည့် စာချုပ်မျိုး မဖြစ်ရန်လိုကြောင်း အရှေ့မြောက် တံခါး အများပိုင် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်မိုးက ပြောဆိုသည်။
“အဓိက နှောင်ကြိုးတွေ မပါဖို့ လိုအပ်တယ်။ သူတို့က ဒီဘက် လယ်ယာ ထွက်ကုန် ပစ္စည်းကို ဒေါ်လာ ငါးသိန်းဖိုး ဝယ်မယ် ဆိုရင် သူတို့ဆီက လယ်ယာသုံး ပစ္စည်းကို အဲဒီ ပမာဏ အတိုင်း ပြန်ဝယ်ရမယ် ဆိုပြီး ချုပ်ချင်တာ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ပို့ကုန်ထက် သွင်းကုန်သည် ပိုများနေသည့် အပြင် တရားမဝင် ကုန်သွယ်မှု ပြဿနာများ လည်းရှိနေသေးခြင်းကြောင့် ယင်းသို့ တရားဝင် ပို့ကုန် တင်ပို့နိုင်ရေး ကိစ္စများတွင် တရားမျှတမှု ရှိသည့် ကုန်သွယ်မှု ဖြစ်ရန် လိုအပ်ကြောင်း ဦးအောင်ကျော်မိုးက ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံဘက်က ဆန်နှင့် လယ်ယာထွက်ကုန် တချို့နှင့် ကျွဲ၊ နွားများကို တရားဝင် တင်ပို့လျက် ရှိသော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ဟု သတ်မှတ်ထားပြီး ၎င်းတို့၏ တရားမဝင် ကုန်စည် ထိန်းချုပ်မှု မူဝါဒ အပြောင်းအလဲ ရှိချိန်တွင် ပြည်တွင်း ကုန်စည်များသည် တရုတ် နယ်စပ်များတွင် ပိတ်မိနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
လတ်တလောတွင် တရုတ်-မြန်မာ နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်များတွင် ဆန်တန်ချိန် သိန်းနှင့်ချီ ပိတ်မိလျက် ရှိပြီး ကျွဲ၊ နွားများကို တရုတ် ကုန်သည်များက ပေါက်ဈေးထက် နည်းပါးသော ဈေးနှုန်းဖြင့် ဈေးနှိမ်ဝယ်ယူခံနေရကြောင်း မူဆယ် ကုန်သည်များထံမှ စုံစမ်း သိရှိရသည်။
မူဆယ် ကုန်စည်ဒိုင်များ အသင်း အတွင်းရေးမှူး ဦးချမ်းသာဦးက “သူတို့က ဘာတာစနစ် (ကုန်ပစ္စည်းချင်း ဖလှယ် ရောင်း ဝယ်သည့် စနစ်) နဲ့ ချုပ်မယ့် အနေအထားပေါ့။ မြန်မာဘက်က ပို့ကုန် တင်ပို့သူနေရာ၊ တရုတ်က သွင်းကုန် ပြန်သွင်းသူ နေရာပေါ့”ဟု ပြောဆိုသည်။
ယင်းအပြင် အစိုးရချင်း သဘောတူညီမှု ရရှိသည့် တန်ချိန် ပမာဏ အလိုက်သာ တင်ပို့နိုင်မည် ဖြစ်ပြီး ယင်းအပြင် အရည် သွေးသတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆန်များကိုသာ တင်ပို့နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ အချိန်တွင် မူဆယ် နယ်စယ်၌ ပုံမှန် မဟုတ်သည့် လမ်းကြောင်းနှင့် အရောင်းအဝယ် လုပ်ဆောင်ရာတွင် ကုန် ပစ္စည်း အရည်သွေး အမျိုးအစား အလိုက် ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် လုပ်ဆောင်လျက် ရှိကြောင်း မူဆယ် ဆန်ကုန်သည်များက ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလခန့် ကစ၍ ဆန်တန်ချိန် ၇ သောင်း ဝန်းကျင်၊ ကျွဲ၊ နွား အကောင်ရေ ၁ သောင်းဝန်းကျင် တရုတ် နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးဘဲ မူဆယ် နယ်စပ်၌ ပိတ်မိနေကြောင်း နယ်စပ် ကုန်သည်များထံက သိရသည်။