တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆန်တန်ချိန် ၄ သိန်းအား ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် အရောင်း အဝယ် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်ထူး က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ဘက်က ဆန်၊ ဆန်ကွဲတန်ချိန် ၄ သိန်းရောင်းမယ်။ အဲဒါကို ငွေကြေးနဲ့ မဟုတ်ဘဲ ကုန်စည် ဖလှယ်တဲ့ စနစ်နဲ့ တန်ဖိုးကိုက်ညီတဲ့ ဆောက်လုပ်ရေးပစ္စည်းနဲ့ သံမဏိပစ္စည်း တွေကို သူတို့ (တရုတ်) ဘက်က ပြန်သွင်းမယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ နယ်စပ်ကုန်သွယ်ရေး အခြေအနေမှာ တရုတ်နိုင်ငံက တရားမဝင် ကုန်စည်များ တားဆီးနှိမ် နင်းရေး ဆက်တိုက် ဆောင်ရွက်လာရာ ၎င်း နိုင်ငံအတွင်း တရားဝင်ခွင့်ပြုထားသော ကုန်စည်များ မှအပ အခြားကုန် စည်များအား တင်သွင်းခွင့် ပိတ်ထားသည်မှာ လပိုင်းခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း မန္တလေးရှိ ဆန်ပို့ကုန် လုပ်ငန်းရှင်များက ပြောသည်။
တရုတ်နိုင်ငံသည် နယ်စပ်ဆန်တင်သွင်းမှုကို အခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ယူရာ တရုတ် ဆန်ကုန် သည်များမှာ အခွန်နှုန်းမြင့်မားသည့် အတွက် တရားမဝင်လမ်းကြောင်းမှ တင်သွင်းခြင်းများ ပြုလုပ်ခဲ့သော် လည်း ယခုကဲ့သို့ တရားမဝင် ကုန်စည် စိစစ် ကန့်သတ်ချိန်တွင်မူ နယ်စပ်မှ မြန်မာ့ဆန်ကို မဝယ်တော့ဘဲ အရောင်းအဝယ်ရပ်ထားကြောင်း သိရသည်။
ထိုကြောင့် လျော့ကျသွားသော နယ်စပ် ကုန်သွယ်ရေးကို ပြန်လည် တိုးလာစေရန် ကုန်စည်ဖလှယ် သည့် စနစ်ကို အသက်သွင်း ခြင်းဖြစ်ပြီး အဆိုပါစနစ် အတွက် အခွန်ကောက်ခံမှု မရှိသဖြင့် လတ်တလော ကုန်သွယ်ရေးအခြေအနေကို အဆင်ပြေစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒုဝန်ကြီးဦးအောင် ထူးက ရှင်းပြသည်။
ကုန်စည် ဖလှယ်သည့် စနစ်အား ယူနန်ပြည်နယ်နှင့် စာချုပ်ချုပ်ဆိုရန် မြန်မာနိုင်ငံဘက်က လိုအပ် သည့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံး လက်မှတ် ရေးထိုး နိုင်ရန် မျှော်မှန်းထား သည်ဟု သိရ သည်။
သို့ရာတွင် အဆိုပါ ကုန်သွယ်မှုစနစ်နှင့် ပတ်သက်၍ ဈေးကွက် တခုလုံး တန်းတူ အခွင့်အရေးမရဘဲ နယ် စပ်နှင့် အရောင်းအဝယ် ပမာဏ ကြီးမာစွာ ဆောင်ရွက်နိုင်သည့် ပြည်တွင်းပု့ိကုန် လုပ်ငန်းရှင် များကသာ ဈေးကွက်လက်ဝါးကြီးအုပ်သွားနိုင်သည်ဟု ဆန်ပို့ ကုန်လုပ်ငန်းရှင် အချို့ကလည်း ဝေဖန်နေကြ သည်။
“မရောင်းရတာ ထက်စာရင် ဝယ်တာက အဆင်ပြေတယ်။ ဒါပေမဲ့ အခွန်အကောက်က Zero ဖြစ်တဲ့ အတွက် ဆန်သမားထက်စာရင် Importer (သွင်းကုန်လုပ်ငန်းရှင်)တွေက ပိုအားသာနိုင်မယ်။ ဘာပဲပြော ပြော ဒီစနစ်က နှစ်ဦးနှစ်ဖက် တကယ်အလုပ် ဖြစ်လာရင်တော့ ဆန်ဈေးကွက် ကောင်းလာ နိုင်တယ်။” ဟု ဆန်ပို့ကုန်လုပ်ငန်းရှင်ဦးတင်လှိုင်ဝင်းက ဧရာဝတီကို ပြောသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံ ကိုယ်စား ယူနန်ပြည်နယ်မှ တာဝန်ပေးအပ်ခံရသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ၎င်းစနစ်ဖြင့် ကုန်သွယ်မှု ပြုလုပ်လိုသော ပြည်တွင်းကုန်သည်များက အဆိုပြုစာရင်းပေးရန် အသိပေး ဖိတ်ခေါ်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃.၅ သန်းကျော်တင်ပို့နိုင်ခဲ့ရာ အများဆုံး တင်ပို့ရ သည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်၍ ယခုနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်မှ ဆန်တင်ပို့ မှုကို လျော့ကျ သွားချိန်တွင် ကုန်သွယ်ရေး ပမာဏတိုးလာရန်အတွက် ယခုလိုစီစဉ်ဆောင်ရွက် ခြင်းဖြစ်သည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။