မြန်မာနိုင်ငံက တင်ပို့သည့် ဆန် တန်ချိန် ၁၈၀၀၀ ကို အရည်အသွေး မပြည့်မီခြင်းကြောင့် အိုင်ဗရီကို့စ် နိုင်ငံ အာဏာပိုင် များ က ဖျက်ဆီးလိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ အစိုးရက စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန တို့တွေ့ဆုံ၍ တင်ပို့သည့် ဆန်များ ဖျက်ဆီးခံရသည့် အကြောင်းအရာများကို ဆွေးနွေး အဖြေရှာသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း)၏ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆန်များ တင်ဆောင်ထားသည့် သင်္ဘောလိုင်းကို အာဖရိက နိုင်ငံတခု ဖြစ်သော ဂီနီယာ နိုင်ငံသို့ ဆန်တန်ချိန်၂ သောင်း ၂ ထောင် တင်ပို့ ရောင်းချရန် အတွက် ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပြီး ယင်းနိုင်ငံက တန်ချိန် ၄ ထောင်ကို ဝယ်ယူ ခဲ့ပြီးနောက် တန်ချိန် ၁၈၀၀၀ ကို အရည်အသွေး မပြည့်မီဟု ဆိုကာ မဝယ်ယူခဲ့သဖြင့် အခြား အာဖရိက နိုင်ငံများကို ထပ်မံ ရောင်းချရာတွင် ပယ်ချခံခဲ့ရပြီး နောက်ဆုံး အိုင်ဗကို့စ် နိုင်ငံတွင် ဧပြီလ ၁၇ ရက်က ဖျက်ဆီးခံ လိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးခင်မောင်လွင်က“အဲဒီ ကုမ္ပဏီက ပထမနိုင်ငံမှာ လက်မခံတဲ့ကိစ္စကို အကြောင်းကြားခြင်းမရှိဘဲ နောက်တနိုင်ငံက လက် မခံတော့မှ ပြန်သတင်း ထပ်ပို့တာ၊ ဒီဘက်က ပြန်သယ်ဖို့ ခွင့်ပြုပြန်တော့လည်း သူက အဲဒီကို ရောင်းလိုက်ပြီး ယခုလို အခြေအနေ ဖြစ်တာ”ဟုလည်း ပြောဆိုသည်။
အဆိုပါ ကိစ္စတွင် မြန်မာနိုင်ငံမှ တင်ပို့သူများသည် သင်္ဘောပေါ် တင်ချိန် အထိသာ တာဝန်ရှိပြီး ကျန်ကိစ္စများသည် ယင်း ဆန်များကို သယ်ဆောင်၍ ပြည်ပ နိုင်ငံများသို့ ရောင်းချသည့် ကုမ္ပဏီနှင့်သာ အဓိက သက်ဆိုင်သည့် အနေအထား ဖြစ် ကြောင်း စီးပွား/ကူးသန်း က ဆိုသည်။
ဦးခင်မောင်လွင်က“အဲဒီက ဆန်တွေက သတ်မှတ်ချက်တွေ တင်းကျပ်တဲ့ EU နိုင်ငံတွေကိုတောင် သွားနေတာ။ အခု အာဖရိက နိုင်ငံမှာ ဒီလို ဖြစ်တာ”ဟု ပြောသည်။
လက်ရှိ အချိန်တွင် ဖျက်ဆီးခံရသည့် အကြောင်းရင်းနှင့် တင်ပို့သည့် ကုမ္ပဏီ၊ ကြားခံ တဖက်နိုင်ငံသို့ တင်ပို့ ရောင်းချ သည့် ကုမ္ပဏီ အပါအဝင် အရည်အသွေး စိစစ်သော ကုမ္ပဏီများတွင် မည်သူက တာဝန်ရှိသည်ကို စုံစမ်း စစ်ဆေးပြီး မှသာ သိရှိနိုင်မည် ဖြစ်ကြောင်း စီးပွား/ကူးသန်းက သိရသည်။
ယင်းသို့ ဖျက်ဆီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ရေးသားထားသည်။
ယခု ကိစ္စသည် မြန်မာ့ဆန် ပြည်ပတင်ပို့မှု ဈေးကွက် အတွက် သက်ရောက်မှုများစွာ ရှိနေခြင်းကြောင့် အဆိုပါ သင်္ဘော အတွက် ဆန်တင်ပို့ပေးသည့် ပြည်တွင်း ကုမ္ပဏီကိုလည်း စုံစမ်းလျက် ရှိပြီး အချက်အလက် ပြည့်ပြည့်စုံစုံနှင့် ဖြေရှင်းထုတ် ပြန်သွားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က စီစဉ်လျက် ရှိသည်ဟု ဆိုသည်။
ယင်းသို့ ဆန်အရည်အသွေး ထိခိုက်သည့် ပြဿနာသည် သင်္ဘောမှ အချိန်မှန် ကုန်မချနိုင်ဘဲ ကြာမြင့်စွာ သိုလှောင် ထားမှု ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်း ဦးရဲမင်းအောင် က ပြောဆိုထားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အနေဖြင့် မြန်မာ့ဆန် အရည်အသွေး စံချိန်စံညွှန်း ကိစ္စကို နိုင်ငံတကာ အဆင့်မီစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ပြည်ပ တင်ပို့သူ (Exporter) များနှင့် သင်္ဘောမတင်မီ သို့မဟုတ် တင်စဉ်တွင် စစ်ဆေးရ သည့် အေဂျင်စီများကို ထိရောက် တိကျစွာဖြင့် အရည်အသွေးပိုင်း စီမံ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက“ဒီလိုဖြစ်တာက ကျနော်တို့ နိုင်ငံအတွက် ထိခိုက်နိုင်တာပေါ့။ ဆန်တင်ပို့မှု လျော့ကျနိုင်တယ်။ နောက် မဝယ်တော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့”ဟု ပြောသည်။
အဆိုပါ မြန်မာ့ဆန်များ တင်ဆောင်ထားသော သင်္ဘောသည် အရည်အသွေး မပြည့်မီခြင်းကြောင့် အာဖရိကနိုင်ငံများ တွင် ရောင်းချခွင့် မရသည်မှာ အချိန် ၅ လခန့် ကြာမြင့်နေပြီး နိုင်ငံတချို့၏ အာဏာပိုင်များက သက်ဆိုင်ရာ တင်ပို့ လာ သည့် နိုင်ငံ (မြန်မာနိုင်ငံ) သို့ ပြန်ပို့ရန် စေခိုင်းမှုများ ရှိသော်လည်း ပြန်ပို့ုခြင်း မရှိဘဲ နောက်ဆုံးတွင် ယခုကဲ့သို့ ဖျက်ဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပ နိုင်ငံများသို့ ဆန်တင်ပို့မှုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၅၈ သန်းကျော် တင်ပို့ နိုင်ခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ကာ အာဖရိကနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများ ကိုလည်း တင်ပို့လျက် ရှိကြောင်း သက်ဆိုင်ရာ စာရင်းဇယားများတွင် ဖော်ပြထားသည်။