ကုန်သွယ်မှု လုပ်ငန်းများ အတွက် အခွန် ထမ်းဆောင်ရာတွင် မသမာမှုများ ရှိလာသဖြင့် ယခင် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင် နှုန်းကို မေလ ၁ ရက်မှ စ၍ ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ၌ လုပ်ငန်းရှင် တချို့သည် အခွန် သက်သာရေး အတွက် ပို့ကုန် တင်ပို့မှုတွင် ကြိုတင် ဝင်ငွေခွန် ပေးသွင်းခြင်း ကင်းလွတ်ခွင့် ရရှိထားသော ကုမ္ပဏီကြီးများ၏ အမည်ခံကာ တင်ပို့လျက် ရှိခြင်းကြောင့် ကြိုတင် ဝင်ငွေခွန် ပြန်လည် ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေ ခိုင် က ပြောသည်။
“အခွန်ကတော့ ရှောင်တာတော့ မဟုတ်ဘူး။ ဝင်ငွေခွန် ဥပဒေ အရ ၃လ တကြိမ် ပြန်ဆောင်ရတာ ဆိုတော့ ပို့ကုန်တွေ အတွက် ကတော့ ၂ ရာခိုင်နှုန်းက အတိအကျ မရတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
ဧပြီလ ၈ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန (စီမံ/ဘဏ္ဍာ) ၏ ထုတ်ပြန်ချက်၌ ပြည်တွင်းမှ ပြည်ပသို့ ဖြစ်စေ ကုန်စည်များ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း ပြုသည့်အခါ ယင်းကုန်စည်များ အတွက် ဝင်ငွေနှစ် အတွင်း ကြိုတင်ခွန် ကောက်ခံရမည့် နှုန်းထားနှင့် နည်းလမ်းများကို သတ်မှတ်လိုက်သည်ဟု ပါရှိသည်။
ထို့ပြင် ပို့ကုန်ကို ကျပ်ငွေဖြင့် တင်ပို့ခြင်း ဖြစ်ပါက တင်ပို့သည့် ကုန်စည်တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို လည်းကောင်း၊ နိုင်ငံခြား ငွေ ဖြင့် တင်ပို့ခြင်း ဖြစ်ပါက တင်ပို့သည့် ကုန်သည်တန်ဖိုးကို တင်ပို့သည့် နေ့ရှိ ဗဟိုဘဏ်က သတ်မှတ်သော နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် တွက်ချက်၍ ရရှိသော ပို့ကုန် တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို လည်းကောင်း ဝင်ငွေနှစ် အတွင်း ကြိုတင်ခွန် အဖြစ် ကျပ်ငွေဖြင့် ကောက်ခံရမည်ဟု ဖော်ပြထားသည်။
လတ်တလောတွင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး(၁)ရှိ ကုမ္ပဏီ ကြီးများကို ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ပေးထားသည့် အတွက် ကုမ္ပဏီ အသေးများမှာမူ ကြိုတင် ဝင်ငွေ ခွန်ကို၂ ရာခိုင်နှုန်း အပြည့် ထမ်းဆောင်နေရ၍ မညီမျှမှု ဖြစ်ပေါ်စေခြင်းကြောင့်လည်း ပြန်လည် ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။
အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး(၁) တို့၌ အခွန်ထမ်းဆောင်ရပြီး ကြိုတင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးထားသော လုပ်ငန်း အမျိုးအစားများမှာ ပြည်တွင်း ပြည်ပ ဘဏ်လုပ်ငန်းများ၊ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ၊ အာမခံ ကုမ္ပဏီများ၊ သီလဝါ အထူး စီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံနေ သည့် လုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အပါအဝင် နှစ်စဉ် အခွန် အများဆုံး ထမ်းဆောင်ကြသော ကုမ္ပဏီ ကြီးများ စသည်တို့ ပါဝင်သည်ဟု ဆိုသည်။
လက်ရှိ၌ ကုမ္ပဏီကြီး တချို့မှ ကုမ္ပဏီ အသေးများကို ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီများ အနေဖြင့် ထားရှိပြီး ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အစား ယင်း နှုန်းထက် လျော့နည်းသော နှုန်းထားကို ကောက်ခံကာ ၎င်းတို့ သုံးလ တကြိမ် ထမ်း ဆောင်ရသော ကြိုတင် ဝင်ငွေခွန် ထမ်းဆောင်ချိန်မှသာ စုပေါင်း၍ အခွန်ပေးဆောင်ကြောင်း သိရသည်။
ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ပေးထားခြင်းကြောင့် ဒေသအလိုက် အခွန်ရရှိမှု ပမာဏသည် လျော့နည်း သွားပြီး အခွန်ထမ်းကြီး ကုမ္ပဏီများ ထမ်းဆောင်ရသော ရန်ကုန်တိုင်း ဒေသကြီးတွင်သာ အခွန်ပမာဏ အများအပြား ဝင်ရောက်လျက် ရှိကြောင်း ဒေါ်ဆွေဆွေခိုင်က ပြောသည်။
“အခုက ပြန်ကောက်မယ် ဆိုတော့ ဒေသ အလိုက် အခွန် ပမာဏလည်း ပြန်တက်လာမယ်။ လုပ်ငန်းရှင်တွေ အတွက် ကတော့ ပို့ကုန်တွေ အတွက် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အရင်ကလို သုံးလ တကြိမ်မှ မဟုတ်တော့ဘဲ ကြိုပေးရမယ့် သဘော ပြန်ဖြစ်သွားမယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) တွဲဖက် အတွင်းရေးမှူး ဦးမျိုးသန့် ကလည်း“အဓိက အစိုးရ အခွန်များများ ထမ်းဆောင်တဲ့ ကုမ္ပဏီကြီးတွေ ကင်းလွတ်ခွင့် ပေးထားပေမယ့် ဒီအပေါ်မှာလည်း တချို့က မသမာမှု သဘောလေးတွေ ရှိလာတယ် ထင်တယ်။ ကျနော့် အထင်တော့ အခွန်များများ ထမ်းတဲ့ ကုမ္ပဏီအကြီး တွေကို အစိုးရက တခြားနည်းလမ်းနဲ့ သက်သာခွင့်တွေ ပြန်ပေးဖို့ လုပ်မှာပါ”ဟု ပြောသည်။
လတ်တလော၌ ပို့ကုန် လုပ်ငန်းရှင် တချို့သည် အခွန် သက်သာခွင့် ရရှိရန်အတွက် အခွန်ကင်းလွတ်ခွင့် ရရှိထားသော ကုမ္ပဏီများ၏ အမည်ခံကာ ပို့ကုန် တင်ပို့မှုများ ရှိနေကြောင်း သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း အတွက် တင်ပို့သည့် ကုန်စည် တန်ဖိုး၏ ၂ ရာခိုင်နှုန်းနှင့် ပြည်တွင်းသို့ သွင်းကုန် တင်သွင်း ခြင်း အတွက် သွင်းကုန် အပေါ် အကောက်ခွန် စည်းကြပ် တန်ဖိုး (Assessed Value) ၏ ၂ ရာခိုင်နှုန်းကို ကြိုတင် ဝင် ငွေခွန် အဖြစ် အစိုးရက ၂၀၁၆ ဖေဖော်ဝါရီလတွင် စတင် ကောက်ခံခဲ့သည်။
ထို့နောက် အခွန်ထမ်းကြီး ကုမ္ပဏီများ အတွက် ပို့ကုန် ကြိုတင် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ၂၀၁၈ ဇန်နဝါရီလ အတွင်း အခွန်ဆိုင်ရာ လိုက်နာမှုများ အားကောင်းလာခြင်းကြောင့် ဟု ဆိုကာ အစိုးရက ကြိုတင် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။