အိုင်ဗရီကို့စ် နိုင်ငံတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်များကို စားသုံးရန် မသင့်ဟု ဆိုကာ ဖျက်ဆီး ခံခဲ့ရသည့် ကိစ္စတွင် တဆင့် ပြန်လည် ရောင်းချသော စင်္ကာပူ Olam ကုမ္ပဏီ နှင့် Inspection Agency များတွင် တာဝန်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒု ဝန်ကြီး ဦးအောင်ထူးက ပြောသည်။
မြန်မာ ကုမ္ပဏီ ၃ ခုမှာ ဆိပ်ကမ်း အရောက်သာ ရောင်းချခဲ့ခြင်း ဖြစ်၍ တိုက်ရိုက် တာဝန် မရှိကြောင်း ဒုဝန်ကြီး ဦးအောင် ထူးက နေပြည်တော်တွင် သတင်းထောက်များကို ရှင်းပြသည်။
အဆိုပါ ဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ ရွှေဝါရောင် ကုမ္ပဏီ နှင့် ဧရာ ဟင်္သာ ကုမ္ပဏီ တို့ ဖြစ်ကြောင်း စီးပွား/ကူးသန်း က ဆိုထားသည်။
ရန်ကုန် အခြေစိုက် စင်္ကာပူ ကုမ္ပဏီ ဖြစ်သော Olam အင်တာနေရှင်နယ် ကုမ္ပဏီက အာဖရိကတိုက်ရှိ ဂီနီ နိုင်ငံတွင် ရောင်းချ ရန် အတွက် မြန်မာ ကုမ္ပဏီများ ထံမှ စုစုပေါင်း ဆန်တန်ချိန် မက်ထရစ်တန် ၅၀၀ ကို ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဂီနီ နိုင်ငံ တွင် အလေးချိန် မပြည့်မီ၍ ငြင်းဆိုခဲ့ရာ အခြား အာဖရိက နိုင်ငံများသို့ လှည့်လည် ရောင်းချစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ သည် ဟု စီးပွား/ကူးသန်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ဆန်ပြဿနာတွင် သင်္ဘောပေါ်၌ ၆ လခန့် ကြာမြင့်ခဲ့၍ ဆန် အရည်အသွေး ထိခိုက်မှု ရှိနိုင်သကဲ့သို့ ကမ္ဘာ့ဆန် ဈေးကွက် တွင် ပဉ္စမမြောက် ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်လာသည့် မြန်မာနိုင်ငံ အပေါ် မရိုးသားသော လုပ်ဆောင်မှု မျိုး ဖြစ်နိုင်ကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။
အဆိုပါ ကုမ္ပဏီ ၃ ခုအနက် ရွှေဝါရောင် ကုမ္ပဏီသည် မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်၏ ရာထူးကြီး ရယူထားသော ပုဂ္ဂိုလ် တဦးက ဒါရိုက်တာ အဖြစ် တာဝန်ယူထားသည့် ကုမ္ပဏီ တခု ဖြစ်ပြီး MEC သည် တပ်မတော်၏ စီးပွားရေးလုပ်ငန်း တခုဖြစ်ကာ ဧရာဟင်္သာ ကုမ္ပဏီမှာမူ ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီကြီး တခု ဖြစ်ကြောင်း သိရသည်။
စင်ကာပူ ကုမ္ပဏီ သည် ပြည်တွင်း ကုမ္ပဏီများထံမှ ဆန်တင်ချိန် ၂၂၀၀၀ ကို ဝယ်ယူသွားခဲ့ပြီး Guinea နိုင်ငံတွင် တန်ချိန် ၄၀၀၀ သာ ရောင်းချနိုင်ကာ ကျန်ဆန်များကို အဆိုပါ နိုင်ငံက အရည်အသွေး မပြည့်မီခြင်းကြောင့် ပယ်ဆန် အဖြစ် သတ်မှတ် ခဲ့သည်ဟု ဆိုသည်။
ယင်းအတွက်ကြောင့် အဆိုပါ စင်ကာပူ ကုမ္ပဏီသည် ကျန် တန်ချိန် ၁၈၀၀၀ ကို အခြား အာဖရိက နိုင်ငံများတွင် လှည့် လည် ရောင်းချချိန်၌ အချိန်ကာလ ၈ လခန့် သိုလှောင်ထားရခြင်းကြောင့် ဆန်များ ပျက်စီးရခြင်း ဖြစ်သည်ဟု ဒုဝန်ကြီး ဦးအောင်ထူး က ပြောဆိုထားသည်။
၎င်းက“စီးပွားရေး ကုမ္ပဏီတွေက သူ့အကျိုးစီးပွား အတွက် စီးပွားရေး လုပ်ကြပေမယ့် မြန်မာဆန်ကို နာမည်ပျက်စေခဲ့ ပါ တယ်”ဟုလည်း ပြောသည်။
ယင်းဖြစ်စဉ် အတွက် စီးပွား/ကူးသန်း နှင့် မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်တို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားသည်။
၂၀၁၈ ဧပြီလ မှ ယခု ၂၀၁၉ ဧပြီလ အထိ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ဆန်တန်ချိန် ၂ ဒသမ ၂ သန်းအထိ တင်ပို့ ထားကြောင်း စီးပွား/ကူးသန်းက စာရင်းများအရ သိရသည်။
ကျော်မျိုး ပူးပေါင်း ရေးသားသည်။