စီးပွားရေး

ယူနန် ပြည်နယ်နှင့် ကုန်စည်ဖလှယ် စနစ် ကျင့်သုံးရန် လက်မှတ်ထိုး

Want create site? Find Free WordPress Themes and plugins.

ဆန် အပါအဝင် မြန်မာ့ လယ်ယာ ထွက်ကုန်များအား ယူနန် ပြည်နယ်နှင့် ကုန်စည် ဖလှယ်သည့် စနစ် (Barter System Trading) ဖြင့် အရောင်းအဝယ် ပြုလုပ်ရန် ဧပြီ ၂၁ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) က သိရသည်။

စီးပွား/ကူးသန်းမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က“အခုက Barter စနစ် ကျင့်သုံးဖို့ အစိုးရချင်း ပဏာမ အဆင့် နားလည်မှု စာချွန်လွှာ ရေးထိုးလိုက်တာပါ။ ဘယ်လို ဝယ်မယ်၊ ဘယ်လို ရောင်းမယ်၊ ဈေးနှုန်းတွေက ဘယ် လောက် ဆိုတဲ့ အသေးစိတ် အဆင့်ကတော့ အရောင်းအဝယ် လုပ်မယ့် ကုမ္ပဏီတွေက ထပ်ပြီး စာချုပ် ချုပ်ကြမှာ ဖြစ် ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ တာဝန်ရှိသူများက ဧပြီ ၂၁ ရက်က နေပြည် တော်တွင် ယူနန် ပြည်နယ်နှင့် မြန်မာနိုင်ငံကြား ကုန်စည် ဖလှယ်သည့် အရောင်းအဝယ် ဆောင်ရွက်ရန် နား လည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စာချွန်လွှာ အရ မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်း အစရှိသော လယ်ယာထွက်ကုန် ပစ္စည်းများနှင့် တန်ဖိုး မျှသည့် လယ်ယာသုံး စက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ သံနှင့် သံမဏိ ပစ္စည်းများအား ယူနန် ပြည်နယ်မှ ပြန်လည် တင်သွင်းခွင့် ရမည်ဟု ဆိုသည်။

လက်ရှိ အခြေအနေတွင် မြန်မာ့ဆန်သည် တရုတ်သို့ တင်ပို့မှု အများဆုံး ဖြစ်၍ မြန်မာဘက်က တင်ပို့မှုသည် တရား ဝင် ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် မှောင်ခိုအဖြစ် သတ်မှတ်သဖြင့် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ပြည်နယ် အစိုးရ များ၏ မူဝါဒ အပြောင်းအလဲများကြား နယ်စပ်သို့ တင်ပို့နေသည့် မြန်မာ့ ဆန်ဈေးကွက်သည် မကြာခဏ ကမောက် ကမ ဖြစ်လျက် ရှိသည်ဟု ဆန် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ပြင် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ မြန်မာနှင့် ထိစပ်နေသော တရုတ်နိုင်ငံ၏ ပြည်နယ် တခုဖြစ်သည့် ယူနန် ပြည်နယ် အစိုးရက တရားမဝင် ကုန်စည်များ တားဆီး စစ်ဆေးရေးကို ဆက်တိုက် ဆောင်ရွက်လျက် ရှိရာ နယ်စပ်သို့ ဆန် တင် ပို့မှုသည် သိသာစွာ ကျဆင်းသွားသည်ဟုလည်း ဆိုသည်။

လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က“Barter စနစ် ဖြစ်တဲ့ အတွက် မြန်မာဘက်က ပို့ကုန်ဖြစ်တဲ့ ဆန်၊ သကြား စတာတွေက တရားဝင် ဖြစ်သွားမယ်။ အခုချိန်က တရုတ်နိုင်ငံက တရားမဝင် ကုန်စည် စစ်ဆေးတာတွေ ရှိ နေတော့ ဒီစနစ်နဲ့တင်ပို့ရင် လုပ်ငန်းရှင်အများစု အခက်အခဲတွေ တတ်နိုင်သလောက် လျော့သွားမယ်”ဟု ပြောသည်။

အထက်ပါ အကြောင်းအရာ တို့ကြောင့် ကုန်စည် ဖလှယ်သည့် စနစ်ကို တရုတ်နှင့် ပထမဆုံး အကောင်အထည်ဖော် ခြင်း ဖြစ်ပြီး အောင်မြင်ပါက ရေရှည် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းစနစ် အတွက် မြန်မာနိုင်ငံ ကိုယ်စား ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၏ လယ်ယာ၊ မွေး/ရေ ဖွံ့ဖြိုးရေး ကော်မတီက တာဝန်ခံပြီး တဖက်တွင် ယူနန်ပြည်နယ် အစိုးရက ဆောင်ရွက်ခွင့်ပြုမည့် ပုဂ္ဂလိက ကုမ္ပဏီက တာဝန်ခံရမည် ဖြစ်ကာ လာမည့် မေလ အတွင်း ကုန်သွယ်မှု အတွက် လိုအပ်သည့် ညှိနှိုင်း ဆွေး နွေးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု သိရသည်။

ဆန်ပို့ကုန် လုပ်ငန်းရှင် ဦးကျော်နိုင်က“အခု အချိန်က တရုတ်နဲ့ နွယ်နေတဲ့ ပါမစ်သမားတွေက သူတို့ဘာသူ အရောင်း အဝယ် လုပ်နေကြတော့ ဆန်ကုန်သည် အများစု ငုတ်တုတ် ထိုင်ကြည့်နေရတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒီတော့ အခုလို မရောင်းရဘဲ ငုတ်တုတ် မေ့နေရမယ့် အစား Barter စနစ်နဲ့ ရောင်းရမယ် ဆိုရင်လည်း မဆိုးဘူးလို့ တွက်ရမှာ ပေါ့။ နှစ်ဦးနှစ်ဖက် အကျိုးမျှတဲ့ ကုန်သွယ်မှု ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

မေလတွင် ပြုလုပ်မည့် အစည်းအဝေး၌ တင်ပို့မှု အရေအတွက်၊ ဈေးနှုန်း စသော အရောင်းအဝယ် ဆိုင်ရာ ကိစ္စများ အား ဆက်လက် ဆွေးနွေးကြမည် ဖြစ်ပြီး ဆန်စပါးကို ဦးစားပေး တင်ပု့ိနိုင်ရန် ဆွေးနွေးထားသည်ဟု မြန်မာနိုင်ငံ ဆန် စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကလည်း ပြောဆိုထားသည်။

၂၀၁၈ ခုနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှု အများဆုံး နိုင်ငံမှာ တရုတ် နိုင်ငံ ဖြစ်၍ ယခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် နယ်စပ်မှ ဆန်တင်ပို့မှု လျော့ကျသွားချိန်တွင် ကုန်သွယ်မှု ပမာဏ တိုးတက်လာရေးအတွက် ယခုစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု စီးပွား/ကူးသန်းက ပြောသည်။

ဆက်စပ် ဖတ်ရှုရန်ရန်ကုန်သို့ ဝင်နေသည့် တရားမဝင် ကုန်ပစ္စည်းများ တိုင်းအစိုးရ ထိန်းချုပ်မည်ဟု ဆို 

Did you find apk for android? You can find new Free Android Games and apps.
Loading